စီးပွားရေး

Double Cab ယာဉ်များကို လုပ်ငန်းသုံးယာဉ် ပြောင်းလဲ သတ်မှတ်မည်

Want create site? Find Free WordPress Themes and plugins.

Double Cab ယာဉ်များကို လူစီးယာဉ် အဖြစ် သတ်မှတ်ထားရာမှ ယခုတွင် လုပ်ငန်းသုံးယာဉ် ပြောင်းလဲ သတ်မှတ်မည် ဖြစ်ကြောင်း သိရသည်။

အကောက်ခွန် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမို လွယ်ကူ အဆင်ပြေစေရန် အတွက် ပြောင်းလဲမည် ဖြစ်ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ဧရာဝတီသို့ ပြောသည်။

ဦးခင်မောင်လွင်က ဆက်လက်၍“အဓိကက အကောက်အခွန်က နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်ရတယ်။ နိုင်ငံ တကာ အကောက်အခွန် အဖွဲ့အစည်းမှာက ဒီမော်တော်ယာဉ်ကို လုပ်ငန်းသုံးယာဉ် အဖြစ် ထားတာလေ။ အဲဒါကြောင့် သူ တို့နဲ့ တူအောင် လိုက်ပြီး ပြောင်းလဲရတာ”ဟု ဆိုသည်။

ထို့ပြင် အကောက်ခွန်ဌာန ဘက်မှသာ Double Cab မော်တော်ယာဉ်များကို လုပ်ငန်းသုံးယာဉ် အဖြစ်သာ ပြောင်းလဲ သတ်မှတ်မည် ဖြစ်သော်လည်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန)၌ မှတ်ပုံတင်ရာတွင် လူစီးယာဉ် အဖြစ်နှင့်သာ မှတ်ပုံတင်ရမည် ဖြစ်ကြောင်း ဦးခင်မောင်လွင်က ပြောဆိုသည်။

Double Cab မော်တော်ယာဉ်များကို လူစီးယာဉ်မှ လုပ်ငန်းသုံးယာဉ် အဖြစ် ပြောင်းလဲသတ်မှတ်ပါက လုပ်ငန်းသုံး ယာဉ် များ ပြည်ပမှ တင်သွင်းလျှင် ပေးဆောင်ရသော အခွန်မူဝါဒ အရ အကောက်ခွန်ဌာနသို့ ပေးဆောင်နေသော အခွန် ၄၀ ရာခိုင် နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျော့ကျသွားနိုင်ကြောင်း ကားလုပ်ငန်းရှင် ဦးမျိုးဇင်ဝင်းက ဧရာဝတီသို့ ပြောသည်။

၎င်းက“အခုက တရားဝင် စာထုတ်တာမျိုး မရှိသေးတော့ အခွန်ဘယ်လောက် သက်သာမလဲ ဆိုတာ သေချာမပြောနိုင် သေးဘူး။ ဒါပေမယ့် ဌာနတခုက လုပ်ငန်းသုံး သတ်မှတ်ပြီး နောက်ဌာနတခုက လူစီးယာဉ် သတ်မှတ် ထားတာကတော့ ဘယ်လိုမှ မဖြစ်သင့်ဘူး”ဟု ပြောဆိုသည်။

ထို့ပြင် ယခုလို Double Cab မော်တော်ယာဉ်များကို လုပ်ငန်းသုံး အဖြစ် ပြောင်းလဲသတ်မှတ်မှုသည် ကြိုဆိုရမည့် လုပ်ရပ် တခု ဖြစ်ကြောင်းလည်း ဦးမျိုးဇင်ဝင်း ဆိုသည်။

ယင်းသို့ Double Cab မော်တော်ယာဉ်များသည် အခွန်သက်သာမည့် လုပ်ငန်းသုံးယာဉ်များ အဖြစ် ပြောင်းလဲလာပါက အဆိုပါ ကားများ၏ ဈေးနှုန်းများသည် ကျပ် သိန်း ၅၀ ကျော် ကျဆင်းသွားနိုင်ကြောင်း ကားလုပ်ငန်းရှင်များက ပြောသည်။

လက်ရှိ Double Cab မော်တော်ယာဉ်များသည် အမျိုးအစားအပေါ် မူတည်၍ ကျပ် သိန်း ၄၀၀ ကျော် ပေါက်ဈေးရှိ ကြောင်း ဈေးကွက် အတွင်းက သိရသည်။

ကားအရောင်းအဝယ် လုပ်ငန်းရှင် တဦးက“အကောက်အခွန်ဘက်မှာပဲ အခွန်လျော့မှာ။ ကညန ဘက်က ဒီအတိုင်းပဲ ရှိနေ မှာ ဖြစ်တဲ့အတွက် ကားဈေးနှုန်းက အရမ်း အများကြီးကျမှာတော့ မဟုတ်ဘူး။ အခုကတော့ တခြမ်းလျော့သွားတဲ့ သဘော ပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

ထို့ပြင် ပြည်တွင်း၌ ကားစက်ရုံ တည်ဆောက်ပြီး ကားထုတ်လုပ်နေသူများလည်း ရှိနေပြီ ဖြစ်သောကြောင့် ပြည်ပမှ ကား တင်သွင်းမှုများကို အခွန်နှုန်းထား တခုဖြင့် အစိုးရ ဆက်လက် ထိန်းချုပ်ထားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ပြည်တွင်း၌ ထုတ်လုပ်သော ကားများသည် အကောက်ခွန် ကင်းလွတ်ခွင့် အပြင် ရန်ကုန်လိုင်စင် ရရှိပြီးဖြစ်ကာ ပြည်ပမှ တင်သွင်းသော ကားများကိုမူ အစိုးရက ရန်ကုန် လိုင်စင် ခွင့်ပြုပေးခြင်း မရှိပေ။

ထို့ကြောင့် ပြည်ပမှ ကားတင်သွင်းပါက ရန်ကုန်လိုင်စင် ရရှိရန် ကျပ် သိန်း ၁၀၀ ခန့် ပေါက်ဈေးရှိသော စလစ် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပြည်တွင်း၌ SKD (ပြည်တွင်းသို့ အစိတ်အပိုင်းများသွင်းပြီး ထုတ်လုပ်သည့်) စနစ်ဖြင့် ကားထုတ်လုပ် ရေး လုပ်ငန်းများကို ဂျပန်ကုမ္ပဏီ တိုယိုတာ၊ Suzuki၊ Nissan ကုမ္ပဏီများ အပါအဝင် ပြည်တွင်းပြည်ပ ကုမ္ပဏီ ၁၇ ခုခန့် က ရင်းနှီး မြှုပ်နှံထားပြီး လူစီး (အိမ်သုံး) မော်တော်ယာဉ်များကို ထုတ်လုပ်သည့် ကုမ္ပဏီများပါသကဲ့သို့ လုပ်ငန်းသုံး မော်တော်ယာဉ် များကို ထုတ်လုပ်သည့် ကုမ္ပဏီများလည်း ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading