စီးပွားရေး

မြန်မာ့စီးပွားရေး အလားအလာ အပြည့်အ၀ အကောင်အထည် ပေါ်လာမည်လော

Want create site? Find Free WordPress Themes and plugins.

ယခု ဆယ်စုနှစ်အတွင်း စုစုပေါင်း GDP ဖွံ့ဖြိုးနှုန်း ၅ ရာခိုင်နှုန်း အထက်တွင်ရှိနေပြီး ယခင် ဆယ်စုနှစ်က တိုးတက်မှုနှုန်း ကိန်းနှစ်လုံးရှိခဲ့သည်ဟု ဆိုသော မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် တိုးတက်မှု အမြန်ဆုံး စီးပွားရေးများအနက် တခုအဖြစ် တည်ရှိလာခဲ့သည်။ ထို့အပြင် လွတ်လပ်မှု ဖွင့်ပေးလာသော မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်များတွင်ပါ ဆက်လက် တိုးတက်နေမည်ဟုလည်း ဆိုသေးသည်။

တချိန်က မြင့်မားနေသည့် မြန်မာ့စီးပွားရေး တိုးတက်မှုသည် မကြာသေးမီ နှစ်များအတွင်းတွင်မူ ဖျော့တော့သည့် လက္ခဏာများ ပြသလာသည်။

ယခု ဖြစ်ပေါ်နေသော စီးပွားရေး နှေးကွေးမှုသည် နောင်နှစ်အနည်းငယ်အထိ ဆက်လက် ဖြစ်ပေါ်နေမည်ဟု တချို့က ယူဆသည်။ မြန်မာ့စီးပွားရေးသည် အရှိန်အဟုန် ကုန်ခမ်းနေပုံရသည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က မကြာသေးမီက ဖော်ပြခဲ့သည်။

“မြန်မာ့စီးပွားရေးသည် ကာလအနည်းငယ်အတွင်း အရှိန်ရလာမည်ဟု မျှော်လင့်ရသော်လည်း ယခင်က ခန့်မှန်းထားသည်ထက် ပိုမိုနှေးကွေးကာ ကျဆင်းမည့် အန္တရာယ်များနှင့်လည်း ရင်ဆိုင်ရနိုင်သည်” ဟု IMF ၏ အမှုဆောင်အဖွဲ့ အကဲဖြတ်ချက်တွင် ဖေါ်ပြထားသည်။

စီးပွားရေးနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုတချို့မှာ ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲနိုင်ပြီး အာဏာရလာသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပတ်သက်နေသည်။ ထိုအချိန်က စတင်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် စီးပွားရေး စွမ်းဆောင်ရည်နှင့် မြန်မာ့စီးပွားရေးကို လွတ်လပ်သော ဈေးကွက်ဖြစ်စေမည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် နှေးကွေးခြင်းတို့အတွက် ဝေဖန်ခံနေရသည်။

မကြာသေးမီ နှစ်များအတွင်း စီးပွားရေး စွမ်းဆောင်ရည် နိမ့်ကျမှုကို နားလည်နိုင်ခဲ့သည်။ တနိုင်ငံလုံးတွင် ငြိမ်းချမ်းရေး ရရှိရန်မှာ အလှမ်းကွာနေဆဲ ဖြစ်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အစိုးရက အာရုံစိုက် နေရသဖြင့် စီးပွားရေး တိုးတက်ရေးကဲ့သို့သော တခြားဦးစားပေးများကို မလုပ်ဆောင်နိုင်ဘဲ ဖြစ်နေသည်။ ယနေ့တိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တပ်မတော် အကြားတွင်သာမက၊ တပ်မတော်နှင့် နိုင်ငံတဝှမ်းမှ တိုင်းရင်းသား လက်နက်ကိုင်များ အကြားတွင်လည်း တင်းမာမှုများ ရှိနေဆဲဖြစ်သည်။

နိုင်ငံ အနောက်မြောက်ပိုင်း ရခိုင်ပြည်နယ်မှ ပဋိပက္ခတွင် လူ့အခွင့်အရေး ပြင်းထန်စွာ ချိုးဖောက်သည်ဟု စွပ်စွဲခံရပြီး ကမ္ဘာက အာရုံစိုက်လာသည်။ ထိုသို့ လူသားချင်း စာနာမှု အကျပ်အတည်းကြောင့် စီးပွားရေး ဆုံးရှုံးနိုင်ခြေကို အစိုးရက သိရှိထားပြီး အစိုးရ၏ စီးပွားရေးအကြံပေး ရှောင်တန်နဲလ်က ထို အကျပ်အတည်း များသည် ပြည်တွင်း သက်ရောက်မှုများကို သာမက၊ နိုင်ငံတကာမှ အပြုသဘော မဆောင်သော တုန့်ပြန်မှုများကိုပါ ဖြစ်စေသည်ဟု မြန်မာတိုင်းမ်သို့ ပြောခဲ့သည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကိုင်တွယ် ဖြေရှင်းနိုင်ခြင်းမရှိပါက မြန်မာနိုင်ငံ၏ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို ထိခိုက်မည်ဟု Fitch Solutions Macro Intelligence Research က စက်တင်ဘာလက သတိပေးခဲ့သည်။ ထိုကဲ့သို့သော အမြင်မျိုးကို IMF ကလည်း မြင်ပြီး ရှည်ကြာသော အကျပ်အတည်းသည် အလှူရှင်များ၏ ဘဏ္ဍာရေး ထောက်ပံ့မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို ကျဆင်းစေကြောင်း ပြောသည်။

သို့သော် စီးပွားရေး ဖွံ့ဖြိုးမှုများ ခိုင်မာသေချာစေရေး အစိုးရ၏ အားထုတ်လုပ်ဆောင်နေပုံရပြီး ၎င်းသည် မြင်နိုင်သော အနာဂတ်တခုထိ အခြေခံကိစ္စအဖြစ် ဆက်ရှိနေမည်ဖြစ်သည်။ လွန်ခဲ့သော နှစ်က မြန်မာ့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန (MOPF) သည် ၂၀၁၈ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ အတွက် မြန်မာ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (MSDP) ကို လွန်ခဲ့သော သြဂုတ်လက ထုတ်ပြန်ခဲ့သည်။

ထိုစီမံကိန်းသည် ကျယ်ပြန့်သော စာတမ်းတစောင် ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု၊ ကြွယ်၀ ချမ်းသာမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု၊ လူသားနှင့်ကမ္ဘာမြေ စသည့် ကျယ်ပြန့်သော နယ်ပယ်သုံးခုတွင် နိုင်ငံအတွက် ထူးခြားသော တိုးတက်မှုများ ဖြစ်စေရန် လုပ်ဆောင်ရမည့် များပြားလှသော ပြုပြင်ပြောင်းလဲရေးများကို ဖော်ပြထားသည်။ ဝန်ကြီးဌာနက ဖော်ပြသည့် ရည်မှန်းချက် ပန်းတိုင်များအနက် တခုမှာ စီးပွားရေး တည်ငြိမ်မှုနှင့် ပိုမိုခိုင်မာသော မက်ခရို စီးပွားရေး စီမံခန့်ခွဲမှုဖြစ်ပြီး ထိုသို့ လုပ်ရန် သေနင်္ဂဗျူဟာ ၅ ခု ပါဝင်သည်။

ထို သေနင်္ဂဗျူဟာများမှာ ငွေလဲနှုန်းနှင့် လိုငွေကို ထိရောက်စွာ စီမံရေး၊ ငွေကြေးဖောင်းပွမှုကို လျှော့ချပြီး ဘဏ္ဍာရေး တည်ငြိမ်မှု ထိန်းသိမ်းရေး၊ မျှတ ထိရောက် ပွင့်လင်းမြင်သာသည့် အခွန်စနစ်မှ တဆင့် ပြည်တွင်းအခွန် ရရှိမှုမြင့်တင်ရေး၊ တည်ငြိမ်မှုကို အထောက်အကူပြုရန် အများပြည်သူ ဘဏ္ဍာရေး စီမံခန့်ခွဲမှု တောင့်တင်း ကြံ့ခိုင်စေရေး၊ ထိုသို့ ရင်းမြစ်များ ထိရောက်စွာ စီမံခန့်ခွဲရေးနှင့် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ၏ စွမ်းဆောင်ရည်နှင် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရေးတို့ ဖြစ်သည်။

ထိုရည်မှန်းချက် ပန်းတိုင်များသည် အကောင်အထည် ဖော်သင့်သော ရည်မှန်းချက် ပန်းတိုင်များ ဖြစ်သည်။  အထူးသဖြင့် ၂၀၁၈ ခုနှစ် ကျပ်ငွေ တန်ဖိုးအကြီးအကျယ် ကျဆင်းပြီး ငွေကြေးဖောင်းပွမှု အရှိန်မြင့် လာချိန်တွင် ဖြစ်သည်။ ကျပ်ငွေသည် လွန်ခဲ့သော ၅ နှစ်ခန့်မှ စတင်ပြီး မှန်မှန် အင်အားကျဆင်းနေပြီး ၂၀၁၄ ခုနှစ်မှ စတင်ကာ အမေရိကန် ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် တန်ဖိုး ၆၀ ရာခိုင်နှုန်း ကျဆင်း၍ လွန်ခဲ့သောနှစ် သြဂုတ်လက တဒေါ်လာလျှင် ၁၆၀၀ ကျပ်နှုန်း ကိုပင် ခဏတာမျှ ကျော်သွားခဲ့သည်။

စီးပွားရေး သုတေသနအဖွဲ့အစည်း တခုဖြစ်သော Oxford Business Group ၏ အဆိုအရ ထိုသို့ တန်ဖိုး ကျဆင်းရခြင်းမှာ အမေရိကန်ဒေါ်လာ တန်ဖိုးတက်လာခြင်း၊ သွင်းကုန်မြင့်မားခြင်း၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အားနည်းလာခြင်း၊ မှောင်ခိုဈေးကွက်တွင် ငွေကြေးကစားခြင်းနှင့် တရုတ်နိုင်ငံနှင့် နယ်စပ် ကုန်သွယ်မှု မြင့်မားလာခြင်း တို့ကြောင့်ဖြစ်သည်ဟု သိရသည်။  မြန်မာနိုင်ငံသည် အိမ်သုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် လောင်စာတို့ကို အဓိက တင်သွင်းနေရသော နိုင်ငံတခု ဖြစ်သောကြောင့် စီးပွားရေးအတွက် အဓိက စိန်ခေါ်မှုမှာ ငွေလဲနှုန်း မတည်ငြိမ်ခြင်း ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က သတ်မှတ်သည်။

မြန်မာအစိုးရသည် MSDP နှင့်အတူ ကုမ္ပဏီများ ဥပဒေသစ်နှင့် ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တခုကို ပြဋ္ဌာန်းသည်။ လွန်ခဲ့သောနှစ် သြဂုတ်လက စတင် သက်ဝင်သော ကုမ္ပဏီများ ဥပဒေသစ်သည် နိုင်ငံခြားသား ပိုင်ဆိုင်ခွင့် ကန့်သတ်ချက်ကို ဖြေလျှော့ပြီး နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ကို ဆွဲဆောင်ရန် ရည်ရွယ်သည်။

ယခုအခါ နိုင်ငံခြားသားများသည် မြန်မာကုမ္ပဏီများတွင် ၃၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်နိုင်မည် ဖြစ်ပြီး ထိုသို့သော ကုမ္ပဏီများကို ပြည်တွင်း ကုမ္ပဏီအဖြစ်သာ ဆက်လက် သတ်မှတ်မည် ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တွင်မူ စီးပွားရေး လုပ်ငန်းမှတ်ပုံတင်ခြင်းကို ပိုမို စွမ်းဆောင်ရည် မြင့်လာစေရန်နှင့် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်မှု လွယ်ကူစေရန် ဒေါ်လာ ၅ သန်းအောက် ရင်းနှီးမြှုပ်နှံမှုကို ဗဟိုချုပ်ကိုင်ခြင်းမှ လျှော့ပေါ့ ပေးပြီး တိုင်းနှင့် ပြည်နယ် ရုံးခွဲများက ကိုင်တွယ်မည် ဖြစ်သည်။

လာမည့်နှစ် အနည်းငယ်အတွင်း တိုးတက်လာမည်ဟု အကြီးအကျယ် ခန့်မှန်းထားသည့် လုပ်ငန်းများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းပါဝင်ပြီး MSDP တွင်လည်း မြန်မာနိုင်ငံ၏ ကြွယ်ဝလှသော သဘာ၀ ရင်းမြစ်များကို အကျိုးကျေးဇူးများအဖြစ် ဖော်ပြထားသည်။ ထို့ကြောင့် မိမိတို့၏ သဘာ၀ သယံဇာတများကို ရေရှည် ထုတ်လုပ်မှုနှင့် သုံးစွဲမှုကို အားပေးရန် စီမံကိန်းများကို အဆင့်အားလုံးတွင် အကောင်အထည် ဖော်မည်ဟု အစိုးရက ဖော်ပြထားသည်။ ထိုကဏ္ဍမှ FDI အကြီးအကျယ် တိုးတက်လာမည်ဟု မျှော်လင့်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ဥက္ကဋ္ဌ ဦးသောင်းထွန်း၏ အဆိုအရ သိရသည်။

ယခုနှစ်အတွင်း ကုမ္ပဏီ ၂၀ ခန့်သည် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တွင် ရရှိထားသော တင်ဒါများအရ လျှပ်စစ် စွမ်းအားနှင့် စွမ်းအင်ဝန်ကြီးဌာန (MOEE) နှင့် သဘောတူညီထားသည်နှင့် အညီ မြန်မာနိုင်ငံတွင် စူးစမ်း ရှာဖွေမှု သို့မဟုတ် ဘူမိဗေဒ လုပ်ငန်းများ စတင်နေပြီဖြစ်သည်။ နောက်ထပ် ရေနံနှင့် သဘာဝဓာတ်ငွေ့ မြေများအတွက် နိုင်ငံတကာ တင်ဒါများကို ယခုနှစ် အစောပိုင်းက ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် လုပ်ကိုင်မည့် လုပ်ငန်းများတွင် အီတလီမှ ENI (Ente Nazionale Idrocarburi)၊ ထိုင်းနိုင်ငံမှ PTTEP (PTT Exploration and Production Public Company Limited) နှင့် တောင်ကိုရီးယားမှ Daewoo တို့ ပါဝင်ပြီး တူးဖော်သည့် အဆင့်အထိ ကန်ထရိုက် စာချုပ်ချုပ်ဆိုပြီး ဖြစ်သည်ဟု MOEE မှ လက်ထောက် အမြဲတမ်း အတွင်းဝန် ဦးမင်းမင်းဦးက အတည်ပြု ပြောကြားခဲ့သည်။

“တူးဖော်ပြီးတာနဲ့ စီးပွားဖြစ် တူးဖော်ဖို့ မဖြစ်နိုင်ဘူးလို့ သူတို့ဆုံးဖြတ်ရင် ကန်ထရိုက်ကို အဆုံးသတ်ဖို့ သူတို့မှာ ဆုံးဖြတ်ခွင့် ရှိတယ်” ဟု သူက ပြောသည်။

ထို များပြားလှသော သဘာဝရင်းမြစ်များသည် နိုင်ငံအတွက် ကြီးမားသော စီးပွားရေး အလားအလာကို ပေးသော်လည်း မြန်မာနိုင်ငံမှ အမည်ဆိုးဖြင့် ကျော်ကြားလှသည့် ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းကိုမူ နိုင်ငံတကာက ဆက်လက် စောင့်ကြည့်နေသည်။ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းသည် နှစ်ပေါင်းများစွာ ကြာအောင် အမှောင်လောကတွင် ရှိနေပြီး အစိုးရက ကုမ္ပဏီနှစ်ခုကို လုပ်ငန်း လိုင်စင်များ ရုတ်သိမ်း ခဲ့သည့်တိုင် ကျောက်စိမ်းများကို တရုတ်နိုင်ငံသို့ ဆက်လက် မှောင်ခို တင်ပို့နေသည် ဟူသည့် သတင်းများလည်း ရှိနေသည်။

ကျောက်စိမ်း လုပ်ငန်းကို မြန်မာ့တပ်မတော်နှင့် တရုတ် ကုမ္ပဏီများက ဆက်လက် ထိန်းချုပ်ထားသည် ဟူသည့် စွပ်စွဲချက်များလည်း ရှိနေသည်။ Global Witness ၏ ၂၀၁၅ ခုနှစ် စုံစမ်းစစ်ဆေးမှုအရ ကျောက်စိမ်း လုပ်ငန်းတွင် အဂတိလိုက်စားမှု အကြီးအကျယ် ရှိနေသေးပြီး အကျိုးအမြတ် များသော ကျောက်စိမ်း ရောင်းချမှုတွင် စစ်အရာရှိ အများအပြား ပါဝင်နေကြောင်းနှင့် အိမ်နီးချင်း တရုတ်နိုင်ငံမှ ဝယ်ယူသူများသည် အခွန်တိမ်းရှောင် နေကြောင်း ဖော်ပြသည်။ ဥပမာအားဖြင့် ဆိုရပါက ၂၀၁၄ ခုနှစ်တွင် ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းမှ အခွန် အမေရိကန်ဒေါ်လာ ၆.၂ ဘီလျံ ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။

သို့သော် သဘာဝရင်းမြစ် ကဏ္ဍသည် မြန်မာနိုင်ငံအတွက် ကြီးမားသော စီးပွားရေး အလားအလာကို ပေးသည့် တခုတည်းသော လုပ်ငန်းမဟုတ်ပေ။ ကြီးထွားနေသော ဘဏ်လုပ်ငန်းကဏ္ဍ၊ ပညာရေးကဏ္ဍ တို့တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စိတ်ဝင်စားမှု တိုးလာခြင်း၊ အလျှင်အမြန် ကြီးထွားနေသော အထည်ချုပ်လုပ်ငန်းနှင့် လက်လီ အရောင်း လုပ်ငန်း အလားအလာတို့ကြောင့် မြန်မာနိုင်ငံ တွေ့ကြုံရသည့် စီးပွားရေး နှေးကွေးမှုများသည် ကာလတိုသာ ဖြစ်နိုင်သည်ဟု သတ်မှတ်နိုင်သည်။

လက်တွေ့တွင် မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်က ၆.၈ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ၆.၂ ရာခိုင်နှုန်းသို့ ကျဆင်းသွားမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ထိုကာလအတွင်း စက်မှု လုပ်ငန်း တိုးတက်မှု ၉.၄ ရာခိုင်နှုန်းမှ ၈.၂ ရာခိုင်နှုန်းသို့ ကျဆင်းသွားခြင်းသည် အဓိကဖြစ်ပြီး ဝယ်ယူသုံးစွဲမှုနှုန်း လျော့ကျလာခြင်း၊ FDI အပါအဝင် ရင်းနှီးမြှုပ်နှံမှု နှေးကွေးလာခြင်း၊ လောင်စာဆီ ဈေးတက်သောကြောင့် ထုတ်လုပ်မှု စားရိတ် မြင့်မားလာခြင်းနှင့် ကျပ်ငွေ တန်ဖိုး ကျဆင်းခြင်းတို့ကြောင့် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ကိုးကား ဖော်ပြသည်။ သို့သော် မကြာသေးမီက မူဝါဒ အပြောင်းအလဲများကြောင့် မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု (GDP) သည် ၂၀၂၀-၂၁ တွင် ၆.၆ ရာခိုင်နှုန်းသို့ ပြန်လည် နာလန်ထူလာမည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

ထို အပြောင်းအလဲများတွင် MSDP ကို ချမှတ်ခြင်း၊ လက်လီလက်ကား ရောင်းဝယ်ရေး ဈေးကွက်ကို ဖွင့်ပေးခြင်း၊ မြန်မာ ကုမ္ပဏီများ ဥပဒေကို အကောင်အထည် ဖော်ခြင်းနှင့် ရပ်ဝန်းနှင့်လမ်း အစီအစဉ် (BRI) အပါအဝင် အခြေခံ အဆောက်အအုံ လုပ်ငန်းများတွင် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းတို့ ပါဝင်သည်။

တချိန်တည်းတွင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကလည်း မြန်မာ့စီးပွားရေးသည် အလယ်အလတ် ကာလအတွင်း အရှိန်အဟုန် ပြန်လည်ရလာမည်ဟု မြင်သည်။

“အခွန် ပိုမိုရရှိခြင်းနှင့် ပိုမိုကောင်းမွန်သော ငွေကြေး သုံးစွဲမှုစွမ်းရည်ကြောင့် ရုပ်ပိုင်းတွင်သာမက၊ လူသားအရင်းအနှီးတွင်ပါ ပိုမိုကြီးမားသော ရင်းနှီးမြှုပ်နှံမှုဖြင့် ပြုပြင်ပြောင်းလဲရေး ဒုတိယလှိုင်းကို အကောင်အထည် ဖော်ခြင်းသည် မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းကို မြှင့်တင်ပေးနိုင်သင့်သည်” ဟု IMF က ဖော်ပြသည်။

ရှေရှည်အတွက် ကောင်းမွန်သော အခြေအနေများ ရှိကြောင်းလည်း IMF က မြင်သည်။ ထိုသို့ ရေရှည်အတွက် ကောင်းမွန်သော အခြေအနေမှာ အဓိကအားဖြင့် လူဦးရေ အချိုးအစားဆိုင်ရာ အကျိုးကျေးဇူးများကြောင့် ဖြစ်သည်။ နိုင်ငံတွင် အသက်အရွယ် အပိုင်းအခြားအလိုက် လူဦးရေတည်ဆောက်ပုံ ပြောင်းလဲလာပြီး မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သော အသက်အရွယ် ပိုမို များပြားလာမည်ဟု ဆိုလိုသည်။

ကမ္ဘာ့ တိုးတက်မှုနှုန်း အမြင့်မားဆုံးဖြစ်သော တရုတ်၊ အိန္ဒိယတို့နှင့် အိမ်နီးချင်းအဖြစ် တည်ရှိသော မြန်မာနိုင်ငံ၏ တည်နေရာသည်လည်း ရေရှည် စီးပွားရေး ချဲ့ထွင်မှုအတွက် အရေးကြီးကြောင်း IMF က မြင်သည်။

လာမည့် ဆယ်စုနှစ်တွင် မြန်မာနိုင်ငံသည် သုတေသီ အများအပြား ခန့်မှန်းထားသည့်အတိုင်း တိုးတက်မှုနှုန်း အနည်းဆုံး ၇ ရာခိုင်နှုန်းဖြင့် အာရှ၏ စီးပွားရေး မျှော်လင့်ချက်အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်သည်။ ဥပမာ ဆိုရပါက ထို တိုးတက်မှုနှုန်းရရှိသည့် နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အီသီယိုပီးယားနှင့် အိုင်ဗရီကို့စ် တို့ကဲ့သို့သော နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်မည်ဖြစ်ကြောင်း Standard Chartered ၏ ကမ္ဘာ့စီးပွားရေး အရာရှိချုပ် ဒေးဗစ်မင်းက ခန့်မှန်းသည်။

ထို့ကြောင့် စိန်ခေါ်မှု အများအပြား ရှိနေသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှု လမ်းကြောင်းသည် ရေတိုတွင်သာမက၊ ရေရှည်တွင်ပါ ခိုင်မာနေသည်ဟု ဆိုရမည်ဖြစ်သည်။

(International Banker တွင် ဖော်ပြထားသော Can Myanmar’s Economy Fulfil Its Potential?  ကို ဆီလျော်အောင် ဘာသာပြန်သည်။)

ဆက်စပ်ဖတ်ရှုရန်

မီတာခနှုန်းထားများ တိုးမြှင့် ကောက်ခံမှု အပေါ် ဝေဖန်မှုများရှိ

လျှပ်စစ်ကဏ္ဍတွင် အမေရိကန် နှင့် ဂျပန် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ

စက်မှုဥယျာဉ် စီမံကိန်းကို လှည်းကူးမြို့တွင် ဖော်ဆောင်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading