စီးပွားရေး

ဇီးရိုးဘတ်ဂျက် ခရီးသွားသီးသန့် ရောင်းသည့် ကျောက်မျက်ဆိုင်များ လိုင်စင်မရှိက တိုင်ကြားနိုင်

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့တွင် ဇီးရိုးဘတ်ဂျက် တရုတ် ခရီးသွားများကိုသာ သီးသန့် ရောင်းချသော ကျောက်မျက် ရတနာ အရောင်း ဆိုင်များ တရားဝင် မှတ်ပုံတင်ဖြင့် ရောင်းချနေခြင်း မဟုတ်ပါက သတင်းပေး တိုင်ကြားနိုင်ကြောင်း မန္တလေးတိုင်း သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်က ဧရာဝတီကို ပြောသည်။ 

၎င်းက“သက်သေမရှိဘဲ ဘာမှလုပ်လို့ မရတဲ့အတွက် တိုင်ကြားဖို့ အရေးကြီးပါတယ်။ တိုင်ကြားလို့ မှန်ကန်နေရင် အရေး ယူမယ်။ အဲဒီလို မဟုတ်ဘဲ မျက်စိမှိတ်နေကြရင်တော့ အစိုးရက ဘာမှလုပ်လို့ မရဘူး”ဟုလည်း ပြောဆိုသည်။ 

နိုင်ငံခြားသားများအား ကျောက်မျက်ရတနာ ရောင်းချလိုပါက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း(မကလ) တွင် ကျောက်မျက် ရ တနာ ရောင်းချခွင့် လိုင်စင်၊ နိုင်ငံခြားငွေနှင့် ရောင်းချခွင့် စာအုပ် ကိုင်ဆောင်ခွင့် လိုင်စင်တို့ လျှောက်ထားရကြောင်း သိရသည်။ 

ရောင်းချခွင့် လိုင်စင်သည် နှစ်စဉ် သတ်မှတ် အခွန်အခ ပေးသွင်းကာ သက်တမ်းတိုးရပြီး နိုင်ငံခြားငွေနှင့် ရောင်းချခွင့် စာအုပ် ကိုင်ဆောင်ခွင့် လိုင်စင်တွင် ဒေါ်လာ ၅ ထောင်အောက် ရောင်းချမှု အတွက် ရောင်းချရမှု ပမာဏမှ အထူး ကုန်စည်ခွန် ၅ ရာခိုင်နှုန်း၊ မကလ ၏ ဝန်ဆောင်ခွန် ၁ ရာခိုင်နှုန်းကို ပေးဆောင်ရသည်။

ဒေါ်လာ ၅ ထောင် အထက်ဆိုပါက ရောင်းချမှု ပမာဏ၏ ၅ ရာခိုင်နှုန်းကို ဝင်ငွေခွန်အဖြစ် ထပ်ပေါင်းပေးဆောင် ရသည် ဟု သိရသည်။ 

ပြီးခဲ့သည့်နှစ် အောက်တိုဘာမှ စတင်၍ တရုတ်နိုင်ငံ အပါအဝင် ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်၊ မကာအိုတို့အား ဗီဇာ ဖြေလျှော့ပေးခဲ့ပြီးနောက် မန္တလေးတိုင်းတွင် အရှေ့တိုင်း ခရီးသွားဝင်ရောက်မှု အထူးသဖြင့် တရုတ်ခရီးသွားများ သိသာ စွာ တိုးလာခဲ့သည်ဟု မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။ 

ထိုသို့ ခရီးသွား ဝင်ရောက်မှု တိုးလာသည်နှင့် အညီ တရုတ်ခရီးသွား အေဂျင်စီများနှင့် ချိတ်ဆက်၍ တရုတ် နိုင်ငံခြား သား ဧည့်သည်များ ကြိုက်နှစ်သက်သော ရတနာဖြစ်သည့် ကျောက်စိမ်း အချောထည်များအား မန္တလေးမြို့တွင် အရောင်း ပြခန်းကြီးများ ဖွင့်လှစ်ကာ ရောင်းချမှု များလာသည်ကို တွေ့ရသည်။ 

အဆိုပါ ပြခန်းကြီးများသည် တရုတ်ခရီးသွားများ အတွက် သီးသန့် ရောင်းချခြင်း ဖြစ်ကာ အထူးသဖြင့် ခရီးသွား အေ ဂျင်စီများဖြင့် ချိတ်ဆက် လာရောက်သော ဇီးရိုးဘတ်ဂျက် ခရီးသွားများကို အဓိကထား ရောင်းချရခြင်း ဖြစ်ကြောင်း ခရီးသွား လုပ်ငန်း အသိုင်းအဝိုင်းထံမှ သိရသည်။ 

သို့ရာတွင် ယင်းသို့ ရောင်းချမှုများ၌ တချို့သော ကျောက်စိမ်း အရောင်းဆိုင်များသည် တရားဝင် အခွန်ဆောင်ကာ ဖွင့်လှစ်ခြင်း မဟုတ်သဖြင့် နိုင်ငံအတွက် ရသင့်သော အခွန်များ ဆုံးရှုံးနေရသည်ဟု ကျောက်စိမ်း လုပ်ငန်း လုပ်ကိုင် သူများက ဆိုသည်။ 

ထို့ကြောင့် မန္တလေးတိုင်း အတွင်း အခွန်မဆောင်ဘဲ တရားမဝင် ဖွင့်လှစ်ထားသည့် ကျောက်စိမ်း အရောင်းဆိုင်များ ရှိပါ က တိုင်းသယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ဝန်ကြီးဌာနသို့ တိကျသေချာသော အချက်အလက်များဖြင့် သတင်းပေး တိုင်ကြားနိုင်သည်ဟု ဝန်ကြီး ဦးမျိုးသစ်က ပြောသည်။ 

တိုင်ကြားစာ လက်ခံရရှိပါက သက်ဆိုင်ရာ ဆက်စပ်ဌာနများ ဖြစ်သော မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း၊ ပြည်တွင်း အခွန်များ ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့ဖြင့် ပူးပေါင်းကာ ကွင်းဆင်း စစ်ဆေးမှု များ ဆောင်ရွက်မည်ဟု ဆိုသည်။ 

လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားသည်ကို စစ်ဆေးတွေ့ရှိပါက ကျောက်မျက် ဥပဒေအရ အရေးယူခြင်း၊ တရားဝင် ဖွင့်လှစ်ရန် အတွက် အခွန်စည်းကြပ်ခြင်း၊ ဒဏ်ရိုက်ခြင်း စသဖြင့် လုပ်ငန်း အလိုက် ဆောင်ရွက်သွားမည်ဟု သိရသည်။ 

မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်မှ ဗဟို အလုပ်အမှုဆောင် ဒေါ်ခင်လေးမြင့်က“အန်တီ သိရသလောက် အဲဒီဆိုင်တော်တော်များများကတော့ လိုင်စင်ရပြီးကြပြီလို့ကြားတယ်။ အဲဒီတော့ လုံးလုံးလျားလျား ကြီး အခွန်လွတ်နေတာမျိုးတော့မဟုတ်တော့ဘူးပေါ့။ ဒါပေမယ့် ပိုင်ရှင် အစစ်အမှန် ဘယ်သူ ဘယ်ဝါဆိုတာကတော့ ကိုယ့်လူ တွေထဲကပဲ အမည်ခံပြီး ဖွင့်ထားကြတာဆိုတော့ အတိအကျ ထုတ်ပြောဖို့ခက်တယ်”ဟု ဧရာဝတီကို ပြောသည်။ 

ထိုသို့ တရုတ်ခရီးသွားများသာ သီးသန့်ရောင်းချသော ကျောက်စိမ်း အရောင်းဆိုင်ကြီးများကို မန္တလေးမြို့ပြင် ဧရိယာ များ ဖြစ်သော ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နှင့် အမရပူရမြိ့နယ် တို့တွင် ဖွင့်လှစ်ထားကြသည်ကို တွေ့ရသည်။

You may also like these stories:

ဇီးရိုးဘတ်ဂျက် ခရီးသွားကိစ္စ ပြည်ထောင်စု ဝန်ကြီးသတိပေး

ဇီးရိုး ဘတ်ဂျက် တရုတ် ခရီးသွားတွေကို ကြပ်မတ်ဖို့ လိုနေပြီလား

ခရီးသွားလုပ်ငန်းတွင် ကျပ်ငွေလက်ခံရန် ဟိုတယ်/ခရီး ဝန်ကြီးဌာန ထပ်မံ အမိန့်ထုတ် 

တရုတ် ခရီးသွားများ လာရောက်မှုနှင့် ငွေကြေးသုံးစွဲမှုကို စောင့်ကြည့်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading