စီးပွားရေး

တရုတ်သို့ ဆန်တန်ချိန် ၁ သိန်း တင်ပို့မည်

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းမှ ဆန်တန်ချိန် ၁ သိန်း မကြာခင် တင်ပို့သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ဧရာဝတီသို့ ပြောသည်။

ဦးခင်မောင်လွင်က“လက်ရှိမှာလည်း ဆန်တန်ချိန် ၁ သိန်းက တရုတ်နိုင်ငံဘက်က ခွဲတမ်း (Quota) ရရှိနေတဲ့ အနေအထား ရှိတယ်။ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နဲ့ တရုတ်နိုင်ငံဘက်က အစိုးရ ကုမ္ပဏီဖြစ်တဲ့ COFCO နဲ့ လက်မှတ် ရေးထိုး ထားပြီးပြီ။ ဝယ်ယူဖို့ အတွက်ကို ဆက်လက် ညိုနှိုင်း ဆောင်ရွက်နေတယ်။ ဒါ မကြာခင်မှာ တင်ပို့နိုင်မှာ”ဟု ပြောသည်။

နှစ်စဉ် တရုတ်နိုင်ငံမှ Quota သတ်မှတ်ချိန် မတိုင်ခင်တွင် မြန်မာနိုင်ငံမှ သတ်မှတ် အရည်အချင်းနှင့် ပြည့်စုံသော ဆန်စက် များ၏ စာရင်းကို ပေးရကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံဘက်မှ ဝယ်ယူမည့် ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ ရောင်းချမည့် ကုမ္ပဏီ များ အချင်းချင်း ချိတ်ဆက်ပြီး တင်ပို့မှုများ ရှိနေကြောင်း သိရသည်။

ထို့ပြင် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု ခွဲတမ်း ရရှိရန်အတွက် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ညိုနှိုင်းပြီး တတိယ အဖွဲ့အစည်းဖြစ်သော မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ စစ်ဆေးမှုဖြင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရန် ကုမ္ပဏီ ၄၂ ခုမှ ဆန်စက်ပေါင်း ၇၉ စက်ကို ရွေးချယ်ပေးပို့ထားကြောင်း ဦးခင်မောင်လွင်က ပြောသည်။ 

“အခုလည်း ကုမ္ပဏီ ၄၂ ခု ၇၉ ခု တရုတ်နိုင်ငံဘက်ကို ပေးပို့ထားပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနကနေ တရုတ်နိုင်ငံဘက်ကို သံတမန်နည်းအရ ပေးပို့ခဲ့တာ။ နောက်ပြီး ၂၀၁၄ ခုနှစ်က လက်မှတ်ရေးထိုးခဲ့တဲ့ MOU မှာ ဆန်တခု ပဲပါတယ်။ ဆန်ကွဲ မပါဘူး။ ဒါကြောင့် ဆန်ကွဲကို ထပ်ထည့်ပြီးပြင်ဆင်ဖို့အတွက် စိုက်/မွေး/ဆည်က ဆောင် ရွက်နေတယ်”ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် တရုတ်နိုင်ငံဘက်သို့ ဆန်နှင့် ဆန်ကွဲ နှစ်မျိုးစလုံးကို ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်မည့် အနေအထား ရှိနေ သော်လည်း တရုတ်နိုင်ငံမှ အသိအမှတ်ပြုသော ကုမ္ပဏီများကသာ တင်ပို့နိုင်မည် ဖြစ်သည်ဟု ဦးခင်မောင်လွင်က ပြောဆို သည်။

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒု ဥက္ကဋ္ဌ ဦးအာယုက“ဆန်စက်တွေကို ရွေးချယ်တဲ့ နေရာမှာ တရုတ်က သတ်မှတ်ထား တဲ့ စည်းကမ်းစည်းမျဉ်း လိုအပ်ချက်တွေ စာချုပ်တွေပါ အချက်အလက်တွေနဲ့ ဆန်စက်တွေကို စစ်ဆေးတယ်။ ဒုတိယ အဆင့် အနေနဲ့ ကျနော်တို့က ပိုးမွှားသန့်စင်ခြင်းနဲ့ ကျန်းမာရေး ဆိုင်ရာတွေ စစ်တယ်။ နောက်အဆင့်က ဆန်စက်တွေ အနေ နဲ့ တရုတ်ပြည်က သတ်မှတ်ထားတဲ့ အဆင့်မြင့်ဆန် ကြိတ်ခွဲနိုင်မယ့် ဆန်စက် အနေအထားကို စစ်ပါတယ်။ အဲဒီ သုံးမျိုးစစ် ပြီး အင်္ဂါရပ်နဲ့ ကိုက်ညီတဲ့ ဆန်စက်တွေကို ကျနော်တို့ တင်ပါတယ်”ဟု ရှင်းပြသည်။

ဆက်လက်၍ ဦးအာယုက“ဒီနှစ်အတွက်တော့ အခုတင်ထားတဲ့ ဆန်စက်တွေကတော့ မီလိမ့်မယ် ထင်တယ်ဗျ။ ဘယ် လောက်ကြာမယ် ဆိုတာတော့ တရုတ်ပြည်ရဲ့Process ဖြစ်သွားပြီ။ ကျနော်လည်း မသိဘူး။ အကြမ်းဖျင်း ကျနော် သိတာ တော့ သူတို့က နှစ်စဉ်ကုမ္ပဏီ စာရင်းသွင်းတာက တနှစ်ကို တခါပဲ လုပ်တယ်။ Quota တွေကို အောက်တိုဘာ၊ နိုဝင်ဘာ လ မှာပေးတယ်”ဟု ၎င်းက ပြောဆိုသည်။

တရုတ်နိုင်ငံမှ မှတ်ပုံတင်ပြီးကြောင်း အကြောင်းကြားစာ ပြန်လာလျှင် ဆန်တင်သွင်းခွင့် ထပ်မံ ရရှိမည် ဖြစ်ပြီး ယခု လော လောဆယ်တွင် G To G သဘောတူ လက်မှတ် ထိုးထားသော တန်ချိန် ၁ သိန်းသာ တင်ပို့ရန် စီစဉ်နေသည်ဟု ဆိုသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ် အထိ နိုင်ငံပေါင်း ၅၈ နိုင်ငံသို့ ဆန် မက်ထရစ် တန်ချိန်ပေါင်း ၁၃ သိန်းကျော် တင်ပို့ခဲ့ရာမှ အမေရိကန်ဒေါ်လာ ၄၂၃ ဒသမ ၈၆၉ မီလီယံ ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများ အရ သိရသည်။

You may also like these stories:

တရုတ်နယ်စပ် စီးပွားရေးဇုန်များအတွက် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်မည်

မြန်မာ့ ဆန်လုံးရှည် အခွန်ကောက်ရေး EU ယခုလ ဆုံးဖြတ်မည်

အခြေခံ ဈေးနှုန်းထက် ကျဆင်းနေသည့် စပါးဈေးကွက် ထိန်းရန် စီစဉ်နေ

Did you find apk for android? You can find new Free Android Games and apps.
Loading