စီးပွားရေး

တရုတ် ကျောထောက် နောက်ခံပြု ကချင်စီးပွားရေးဇုန်အတွက် မဟာစီမံချက် ပြင်ဆင်နေဟုဆို

တရုတ်-မြန်မာ စီးပွားရေး စြင်္ကန်တလျှောက်တွင် စီစဉ်ထားသော တရုတ်ကျောထောက် နောက်ခံပြု စံပြ စီးပွားရေးဇုန် စီမံကိန်းအတွက် မဟာစီမံချက် (Master Plan ) ပြင်ဆင်နေကြောင်းနှင့် မြန်မာအစိုးရသည် အနာဂါတ် စိန်ခေါ်မှုများကို ရှောင်ရှားနိုင်ရန် စီမံကိန်း အကောင်အထည် ဖေါ်မှုကို ကုမ္ပဏီနှင့် လေးလေးနက်နက် ဆွေးနွေးနေကြောင်း ကချင်ပြည် နယ် ဝန်ကြီး တဦးက ပြောသည်။

ယင်း စီမံကိန်းမှာ ပြည်နယ်မြို့တော် မြစ်ကြီးနားမှ ၂၅ ကီလိုမီတာ အကွာရှိ နမ်ကျင်း စက်မှုဇုန် ခေါ် မြစ်ကြီးနား စီးပွား ရေး တိုးတက်မှုဇုန် (MEDZ) ဖြစ်ပြီး၊ ယင်း စီးပွားရေးဇုန် တည်ဆောက်ရေး အတွက် ကချင်ပြည်နယ် အစိုးရနှင့်  Yunnan Tengchong Heng Yong Investment Company (YTHIC) တို့သည် ၂၀၁၈ ခုနှစ် မေလက နားလည်မှု စာချွန်လွှာ(MOU) တစောင်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။

YTHIC နှင့် ကချင်ပြည်နယ် အစိုးရက ဖွဲ့စည်းထားသည့် မြစ်ကြီးနား စီးပွားတိုးတက်ရေး ဇုန်ကော်မတီ  (MEDZC) တို့သည် လီဒိုလမ်း တလျှောက်တွင် ၄၇၀၀ဧကကျယ်သော ကြီးမားသည့်စက်မှုဇုန်ကို တည်ဆောက် မည်ဟု ခန့်မှန်း ထားသည်။

လီဒိုလမ်းမကြီးသည် ဒုတိယကမ္ဘာစစ် အတွင်းက ဂျပန်တပ်များကို တိုက်ခိုက်ရန် အတွက် တရုတ်နိုင်ငံကို အကူအညီ ပေးရန်  တည်ဆောက်ခဲ့ခြင်းဖြစ်သည်၊ ယင်းလမ်းမှာ အိန္ဒိယနိုင်ငံ အာသံပြည်နယ် လီဒိုမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည် နယ် ကူမင်းမြို့သို့ ဖောက်လုပ်ထားသည့် လမ်းဖြစ်သည်။

ယခုပြုလုပ်မည့် နမ်ကျင်း စက်မှုဇုန် ခေါ် မြစ်ကြီးနား စီးပွားရေး တိုးတက်မှုဇုန် (MEDZ) စီမံကိန်းသည် ပွင့်လင်းမြင် သာမှု မရှိဟု ယူဆသည့် အတွက် ဝေဖန်မှုများ ရှိနေရာ ကချင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွား တိုးတက်ရေး ဝန်ကြီး  ဦးဝေလင်းက “မာစတာပလန် အင်မတန်အရေးကြီးပါတယ်၊ ဖြစ်နိုင်ခြေ စမ်းသပ်မှုတွေကို လည်းကျနော်တို့ လုပ်နေတယ်” ဟုပြောသည်။

MEDZ သည် ဒေါ်လာ သန်း၄၀၀ ကျော်( ကျပ်၆၀၃.၆ဘီလျှံ) ကုန်ကျမည့် စီမံကိန်းဖြစ်ပြီး စက်ရုံ ၅၀၀ ကျော်နှင့် အဆောက်အအုံ ၅၀၀၀ကျော်ပါဝင်မည်ဖြစ်သည်။

“စီမံကိန်းကို အကောင်အထည် မဖေါ်ခင် လေးလေးနက်နက် အကြိမ်ပေါင်း များစွာ တချက်ချင်း ဆွေးနွေးတယ်။ အခုထိ အချက်၇၀ လောက် ဆွေးနွေးပြီးပြီ” ဟု သူက သတင်းထောက်များကို ပြီးခဲ့သည့် သောကြာနေ့က ကျင်းပသောသတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

“အသေးစိတ် မဆွေးနွေးပဲ လက်လွတ်စပယ် လုပ်လိုက်ရင် နောက်ဆက်တွဲ အများကြီးပြည်နယ်က အစိုးရအတွက်ကော အများကြီး စိန်ခေါ်မှု တွေဖြစ်လာမယ်”ဟုသူက ဆက်ပြောသည်။

သို့သော် အသေးစိတ် ဆွေးနွေးသော အချက်များနှင့် အလားအလာရှိသော အခက်အခဲများကို ပြောကြားခြင်း မရှိပေ။ စီမံကိန်းသည် ဆွေးနွေးဆဲ ကာလမှာသာ ရှိနေသေးကြောင်း သူကဆက်ပြောသည်။

ယခင် တရုတ်သံအမတ် ဟုန်လျန်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ယင်းနေရာသို့ သွားရောက်ခဲ့ပြီး၊ လူသိနည်းသည့် တရုတ်ကျောထောက် နောက်ခံပြု စီမံကိန်းများ အနက် တခုဖြစ်သည်။

ထို စီပွားရေးဇုန်သည် တရုတ်နိုင်ငံ၏ ရည်မှန်းချက် ကြီးမားလှသော ရပ်ဝန်းနှင့် လမ်းအစီအစဉ်(BRI) ၏ တရုတ်-မြန်မာစီးပွားရေး စြင်္ကန်မှ အရေးပါသော အစိတ်အပိုင်း ဖြစ်သည်ဟု တရုတ်သံအမတ်ကပြော သည်။

BRI သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ တရုတ်မှ ဗဟိုအာရှ၊ အရှေ့အလယ်ပိုင်းနှင့် ရုရှားကိုဖြတ်ပြီး ဥရောပသို့ ကုန်သွယ်ရေး ကွန်ရက် တည်ဆောက်မည့် အစီအစဉ်ဖြစ်သည်။၂၀၁၃ခုနှစ်က ထုတ်ပြန် ကြေညာသော ထိုအစီအစဉ် သည် နိုင်ငံပေါင်း ၇၀၊ ကမ္ဘာ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကို လွှမ်းခြုံရန် ရည်မှန်းထားသည်။

နှစ်ဖက်လုံးအနေဖြင့် Memorandum of Agreement နှင့် Joint Venture Agreement တို့ အတွက် ဆွေးနွေးရန် များစွာ ရှိနေသေးကြောင်း ဦးဝေလင်းပြောသည်။

ဧပြီလ ပထမပတ်အတွင်း ဧရာဝတီသတင်းဌာနက ထိုစီမံကိန်းနေရာသို့ သွားရောက်စဉ်က ဒေသခံများက ထိုစီမံကိန်း အကြောင်းအသေးစိတ်မသိကြောင်းပြောသည်။

စီမံကိန်းနေရာ အတွင်းရှိ မြေပိုင်ရှင်များက  မြေသိမ်းယူမှုများ အတွက် စိုးရိမ်ကြောင်း ထုတ်ဖေါ်ပြောဆိုကြသည်။ စီမံကိန်း အသေးစိတ်ကို သူတို့လည်း မသိသလောက်ပင် ဖြစ်ကြောင်း ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များက လည်းပြောသည်။

ဧရာဝတီ သတင်းဌာနက ကြည့်ရှုခဲ့သော နားလည်မှု စာချွန်လွှာ အရ စီမံကိန်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်ကို အခြေခံ ကာ နှစ်ဖက်ပူးပေါင်းပြီး မဟာစီမံချက်ရေးဆွဲ၊ တန်ဖိုးခန့်မှန်း တွက်ချက်၊ လုပ်ထုံးလုပ်နည်း သတ်မှတ်၊ အချိုး တွက်ချက်ကာ အခြားမူဘောင် အသေးစိတ်ကို ရေးဆွဲမည်ဖြစ်သည်။

ထို့အပြင်YTHIC နှင့် ပြည်နယ် အစိုးရတို့သည် စီးပွားရေးဇုန်ကို အကောင်အထည် ဖေါ်ရန် ဖက်စပ်ကုမ္ပဏီ တခု ထူထောင်ရန် သဘောတူထားသည်။ ထိုလုပ်ငန်းသည်YTHIC နှင့် အစိုးရနှင့် ပတ်သက်သော ကုမ္ပဏီတခု ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။

YTHIC သည် ဖြစ်နိုင်ခြေ လေ့လာမှုနှင့် ပတ်ဝန်းကျင် ထိခိုက်မှု အတွက် အကုန်အကျခံရန်လည်း နှစ်ဖက် သဘော တူထားသည်။

ထိုနောက် အထက်ပါ ဖက်စပ်လုပ်ငန်းက ကုန်ကျစရိတ်များကို YTHIC သို့ ပြန်လည် ပေးဆပ်ရမည် ဖြစ် သည်။

ဆွေးနွေးသော အချက် အားလုံးကို နှစ်ဖက် သဘောတူ ပြီးပါက ပြည်နယ်အစိုးရသည် အဆိုပြုချက်ကို ပြည်ထောင်စု အစိုးရနှင့် မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) သို့တင်ပြမည်ဟု ဦးဝေလင်းက ပြောသည်။

နားလည်မှု စာချွန်လွှာ အရ တရုတ်ကုမ္ပဏီသည် ကြားခံ ရင်းနှီးမြှုပ်နှံသူ ဖိတ်ခေါ်ရန် လုပ်ပိုင်ခွင့် အပြည့်ရှိပြီး ကချင် ပြည်နယ် အစိုးရ အနေဖြင့် စီမံကိန်း အကောင်အထည် ဖေါ်သည့် ၁၅နှစ် ကာလအတွင်း မြစ်ကြီးနား မြို့ အနီးတွင် မည်သည့် စီမံကိန်းမျှခွင့်ပြုလို့မရနိုင် ကြောင်းသိရသည်။

“ပြည်ထောင်စု အစိုးရနဲ့ MIC ကခွင့်ပြုပြီးရင် လွှတ်တော်က နေလည်း ခွင့်ပြုချက်တောင်းမယ်။ အကျိုးအမြတ် ခွဲဝေမှု အပါအဝင် သဘောတူညီချက် အသေးစိတ်ကို လူထုကို ထုတ်ပြန်ကြေညာမယ်။ ပြီးတော့မှ အကောင်အထည် ဖေါ်ရေး သဘောတူညီချက်လက်မှတ်ထိုးမယ်“ ဟု ဦးဝေလင်းက ပြောသည်။

ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် သတင်းထောက် နန်းလွင်၏ Master Plan Prepared For Chinese-Backed Kachin Economic Zone: State Minister ကို ဘာသာပြန်ဆိုသည်။

You may also like these stories:

မြန်မာ့စီးပွားရေး အလားအလာ အပြည့်အ၀ အကောင်အထည် ပေါ်လာမည်လော

အရှိန်တန့် သွားတဲ့ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ

မိုင်းလားရှိ တရုတ်ဆေးလိပ်ကုမ္ပဏီမှ မြန်မာ လုပ်သားများ လုပ်ခလစာ ပြဿနာတက်နေ

ကုန်သွယ်ရေး တင်းမာမှုများ အဓိကအာရုံစိုက်လျက် G20 အစည်းအဝေးစတင်

Loading