စီးပွားရေး

မြန်မာ့ကော်ဖီ ပြည်ပတင်ပို့မှု အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်အထိ ရှိလာဟုဆို

Want create site? Find Free WordPress Themes and plugins.

တောင်တန်းဒေသများတွင် အဓိက စိုက်ပျိုးထုတ်လုပ်သော မြန်မာ့ကော်ဖီအား ပြည်ပတင်ပို့မှုသည် တနှစ်လျှင် အမေရိ ကန်ဒေါ်လာ ၁၀ သန်းကျော်အထိရှိလာကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းထံမှ သိရသည်။

မြန်မာ့ကော်ဖီတင်ပို့မှုအနေဖြင့် ၂၀၁၆ ခုနှစ်တွင် မက်ထရစ် တန်ချိန် ၃၀၀ ကျော်သာ တင်ပို့နိုင်ခဲ့ရာမှ ၂၀၁၇ ခုနှစ် နှင့် ၂၀၁၈ ခုနှစ်များတွင် တန်ချိန် ၄၀၀ ကျော် အထိ ပိုပြီးတိုးတက်လာခဲ့ပြီး အမေရိကန် အပါအဝင် အာရှ နှင့် ဥရောပ နိုင်ငံပေါင်း ၁၆ နိုင်ငံ သို့ တင်ပို့လျက်ရှိသည်။

ပြည်တွင်း ကော်ဖီ စိုက်ပျိုးထုတ်လုပ်သူများသည် ယခုနှစ်ပိုင်းများတွင် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီဖြင့် မိရိုး ဖလာ နည်းဖြင့် စိုက်ပျိုးရာမှ ပြောင်းလဲကာ စနစ်တကျစိုက်ပျိုး လာခြင်းကြောင့် ပြည်တွင်းကော်ဖီထုတ်လုပ်မှုများသည် တိုးတက်လာကြောင်း မြန်မာနိုင်ငံကော်ဖီအသင်း၏ ဥက္ကဋ္ဌ ဦးမျိုးအေးက ပြောသည်။

၎င်းက ဆက်လက်၍ “အခုဆိုရင် ကမ္ဘာ့ဈေးကွက်မှာ မြန်မာ့ကော်ဖီက အထူးတန်းဝင် အဆင့်အတန်းတခုမှာ ရောက်နေပြီ။ မြန်မာပြည်တွင်းမှာလည်း မြန်မာ့ကော်ဖီကို အသိအမှတ်ပြုအောင် အများကြီးကြိုးစားသွားရမယ်။ ကျနော်တို့ နိုင်ငံခြားပို့နေတာက ပမာဏနည်းနည်းလေး ပြည်ပက ဝင်တာက ဒေါ်လာသန်း ၂၀ ဖိုးလောက်အထိရှိတယ်” ဟု ဆိုသည်။

လက်ရှိအချိန်တွင် မြန်မာ့ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှုတွင် တောင်တန်းဒေသများတွင်သာ စိုက်ပျိုးသော အရည်အသွေးမြင့်၊ ဈေးကောင်းရရှိသော Arabica ကော်ဖီအမျိုးအစားကို ၉၀ ရာခိုင်နှုန်းအထိ စိုက်ပျိုးထုတ်လုပ်ပြီး ကော်ဖီအထွက်များ သော ဈေးနိမ့်၊ မြေပြန့်ကော်ဖီ အမျိုးအစား (Robusta) ၁၀ ရာခိုင်နှုန်းသာ စိုက်ပျိုးထုတ်လုပ်လျှက်ရှိသည်။

မြန်မာ့ Arabica ကော်ဖီ များသည် ပြည်ပဈေးကွက်တွင် တတန်လျှင် အမေရိကန်ဒေါ်လာ ၄၀၀၀ မှ တသောင်း အထိ ရှိပြီး မြေပြန့်ဒေသများတွင် စိုက်ပျိုးသော ကော်ဖီများ၏ ဈေးနှုန်းသည် တတန်လျှင် အမေရိကန်ဒေါ်လာ ၂၀၀၀ ဝန်းကျင်သာ ရှိကြောင်း သိရသည်။

အာရှကော်ဖီအသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးရဲမြင့်က “အရည်အသွေးက အဆင့်အတန်းမှီနေပြီပေမယ့် ထုတ်လုပ် မှုပိုင်း မှာ တော့ နည်းနေသေးတယ်။ အခုက ဝင်ငွေနည်းဒေသတွေမှာ ဘိန်းအစားထိုး သီးနှံအဖြစ်လည်း ကော်ဖီကို တော်တော် စိုက်ပျိုးလာနေတယ် ပိုပြီး တိုးတက်အောင်ကတော့ အစိုးရရော ပုဂ္ဂလိကရော ပူးပေါင်းဆောင်ရွက်ရဦးမယ်” ဟု ဆိုသည်။

မြန်မာ့ကော်ဖီကို ရှမ်းပြည်နယ်( ရွာငံ၊ ဟိုပုံး၊ နောင်ချို )၊ မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်၊ မိုးကုတ်မြို့များတွင် အဓိကစိုက်ပျိုးလျက်ရှိပြီး ကရင်ပြည်နယ် သံတောင်ကြီးတွင်လည်း မြေပြန့်ကော်ဖီ အမျိုးအစားများကို အနည်းငယ် စိုက်ပျိုးလျက်ရှိကာ တနိုင်ငံလုံးတွင် ကော်ဖီ စိုက်ဧကပေါင်း ၅ သောင်း ကျော်အထိရှိလာကြာင်း သိရသည်။

ပြည်ပသို့ ကော်ဖီတင်ပို့မှု နှစ်စဉ် မြင့်တက်လာနေသော်လည်း ကော်ဖီစိုက် တောင်သူများအနေဖြင့် ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုကို စီးပွားဖြစ် လုပ်ငန်း တခုအနေဖြင့် ရပ်တည်နိုင်ခြင်းမရှိသေးကြောင်း ၂၀၁၄ ခုနှစ်မှ စတင်ကာ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီဖြင့် ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးထုတ်လုပ်နေသာ ရှမ်းပြည်နယ်ဟိုပုံးမြို့နယ်မှ တောင်သူ ဦးခွန်စိန်ရွှေက ဧရာဝတီသို့ ပြောသည်။

၎င်းက “ပိုဝင်တာထက် ဝင်ငွေက မိသားစုစားဝတ်နေရေးကို ပိုအဆင်ပြေလာစေတာပဲ ရှိတာပေါ့။ အရမ်းကြီး စီးပွားဖြစ်ဖို့ ကျတော့ ဒီအနောက်ပိုင်းမှာ ကျမှ ဖြစ်လာနိုင်မယ့်အခြေအနေပေါ့ အခုလက်ရှိကတော့ အရမ်းကြီး စီးပွားဖြစ်လောက် အောင်တော့ မရှိသေးဘူး ” ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ကော်ဖီထုတ်လုပ်မှု နှင့် ပြည်ပတင်ပို့မှုသည် နည်းပညာအားနည်းခြင်း၊ သတင်းအချက် အလက် ဖလှယ်မှု လိုအပ်ချက်များရှိနေခြင်း နှင့် ပြည်ပဈေးကွက်ဝေစု အားနည်းခြင်းတို့ကြောင့် အခြားကော်ဖီစိုက်ပျိုးထုတ်လုပ်သော နိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာဖွံ့ဖြိုးမှု နောက်ကျနေလျက်ရှိသည်။

ကော်ဖီသည် သွင်းကုန် အစားထိုး ထုတ်ကုန်သာမက ဘိန်းအစားထိုးသီးနှံဖြစ်ခြင်း နှင့် နိုင်ငံခြားဝင်ငွေရှာပေးနိုင်သော စိုက်ပျိုးသီးနှံတခုဖြစ်ခြင်းတို့ကြောင့်လည်း အစိုးရအနေဖြင့်လည်း ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု ဖွံဖြိုး တိုးတက်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ ကော်ဖီအသင်းအဖွဲ့များ နှင့် တောင်သူများ ပူးပေါင်းကာ လုပ်ဆောင်ရွက်လျက်ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading