မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် အတွင်း တရုတ်နိုင်ငံက နွားမွေးမြူရေး လုပ်ငန်းတခုကို အမေရိကန်ဒေါ်လာ ၃၅သန်း ရင်းနှီမြှုပ်နှံကာ လုပ်ကိုင်ရန် စီစဉ်နေကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
အဆိုပါဌာနမှ တာဝန်ရှိသူတဦးက “မြန်မာနိုင်ငံမှာ နွားမွေးမြူပြီး သူတို့နိုင်ငံကိုပဲ ပြန်ပြီးတော့ တင်ပို့မှာဖြစ်တယ်။ လာပြီး ဆွေးနွေးတုန်းပဲ ရှိသေးတယ်”ဟု ပြောပြသည်။
တရုတ် နွားမွေးမြူရေး ကုမ္ပဏီ အနေဖြင့် မည်သို့သော ပုံစံဖြင့် ဝင်ရောက် ရင်းနှီးမြုပ်နှံ ဆောင်ရွက်လိုသည်ကို အသေးစိတ် မသိရသေးသော်လည်း မြန်မာနိုင်ငံ၏ သားငါးကဏ္ဍတွင် နွားမွေးမြူရေး လုပ်ငန်းအား ပြည်ပမှ ရင်းနှီးမြုပ်နှံရန် ပြုလုပ် လာခြင်း မှာ ပထမဆုံး အကြိမ် ဖြစ်သည်ဟု သိရသည်။
“နွားကတော့ အခုမှ နိုင်ငံခြားက လာတာ၊ ပထမဆုံးပေါ့နော်။ ကြက်တို့ ဝက်တို့ကတော့ အရင်ထဲက လာလုပ်နေကြတာ ရှိတယ်”ဟု မန္တလေးတိုင်းဒေသကြီး မွေးမြူရေး လုပ်ငန်းရှင် များ အသင်းချုပ် ဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က က ဧရာဝတီသို့ ပြောသည်။
လက်ရှိ နွားမွေးမြူရေး အခြေအနေမှာ စီးပွားဖြစ်မွေးမြူသူ နည်းပါးပြီး၊ တောင်သူများ မွေးမြူထားသည့် နွားများကိုသာ ကုမ္ပဏီများမှ ဝယ်ယူကာ ပြည်ပသို့ တင်ပို့သည့် အခြေအနေဖြစ်ကြောင်း သူက ဆိုသည်။
လက်ရှိတွင် အစိုးရချင်း သဘောတူညီမှုဖြင့် တရုတ်နိုင်ငံသို့ ကျွဲ၊ နွားများ တရားဝင်တင်ပို့ရန် လုပ်ဆောင်လျက် ရှိသော် လည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်တွင် အဖမ်းအဆီးများ ရှိနေသောကြောင့် တင်ပို့မှု ယခင်ထက် နည်းပါးကြောင်း သိရသည်။
မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းရှင်များ အသင်းချုပ် အမှုဆောင် ဦးချစ်ကိုကိုက” ပြည်ပတင်ပို့မှုကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် အဓိကတော့ မူဆယ်ကို ဦးတည်ပြီး တင်တာပေါ့လေ။ အခုချိန်မှာ တရုတ်အစိုးရဘက်က ဖမ်းဆီးမှုတွေများ လာ တော့ မူဆယ်လမ်းကြောင်းကို သိပ်ပြီးတော့ မသွားကြတော့ဘူး။ သွားရင်လည်း ဝယ်သူကမှ အဆင်မပြေတာ။ လက်ရှိ တင်ပို့မှုကတော့ အရင်ထက်စာရင် အများကြီး ကျဲသွားတာပေါ့။ စွန့်စားပြီးတင်ပို့တဲ့ သူတွေလည်း ရှိပါတယ်။ အထိုက် အလျောက်တော့ သူ့ဈေးနဲ့ သူတော့ အရောင်း အဝယ် လုပ်ကြတာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ၏ လက်ရှိ မွေးမြူရေး လုပ်ငန်းမှာ အထိုက်အလျှောက် အဆင်ပြေမှု ရှိသော်လည်း ပြည်ပ တင်ပို့ရန် ဒေသ ထွက် အသားစားနွားများကို ကိုယ်ပိုင်ခြံကြီးများဖြင့် စနစ်တကျ မွေးမြူသည့် လုပ်ငန်းရှင် မရှိသောကြောင့် ယင်းသို့ လုပ်ကိုင်မည်ဆိုလျှင် ဈေးကွက် တခုအနေနှင့် ကောင်းမွန်နိုင်ကြောင်းလည်း သူက သုံးသပ်သည်။
ဦးချစ်ကိုကိုက “မြန်မာနိုင်ငံမှာက အသားစားနွားကို မွေးမြူတဲ့ လုပ်ငန်းရှင်ရယ်လို့ တော်တော်လေး လက်ချိုးပြီး ရေတွက်လို့ ရတယ်လေ။ ဒါကြောင့် လတ်တလောကတော့ ပြည်ပနိုင်ငံတွေက ဝင်လုပ်မယ်ဆိုရင်လည်း သိပ်ပြီးတော့ ဆိုးဆိုးဝါးဝါး စိတ်ပူစရာ မရှိသေးဘူး။ ပြည်တွင်း လုပ်ငန်းရှင်တွေ အနေနဲ့လည်း အသားစားနွား၊ နို့စားနွားမွေးမှရယ် မဟုတ်ဘဲနဲ့ ကိုယ့်တိုင်းပြည်ထဲမှာ နိုင်ငံခြားငွေကို ရှာဖွေပေးနိုင်တဲ့ လုပ်ငန်းတခု ဖြစ်တဲ့အပေါ်မှာ အားသွန်ခွန်စိုက် လုပ်သင့်တယ်”ဟု ပြောသည်။
ဆက်လက်၍ နွားမွေးမြူရေး လုပ်ငန်းရှင်လည်းဖြစ်သူ ဦးချစ်ကိုကိုက“မွေးမြူရေး လုပ်ရင် စားကျက်စိုက်ရမယ်။ မြေမရှိဘူး။ အဲဒီတော့ သက်ဆိုင်ရာ မြေယာအဖွဲ့အစည်းဆီ ရောက်သွားတာပေါ့။ အဖွဲ့အစည်းက ရှိတယ်၊ သွားကြည့်ပါဆိုတော့ လုပ်ငန်း လုပ်လို့ရအောင် လွယ်ကူတဲ့နေရာတွေ မဟုတ်တဲ့ အခါ လုပ်ငန်းရှင်တွေမှာ လုပ်လို့မရဘူးပေါ့”ဟု ပြောသည်။
လုပ်ငန်းရှင်များ အနေနှင့် မွေးမြူရေး လုပ်ကိုင်မည် ဆိုပါက နွားများကို ပြည်ပသို့ တင်ပို့ရန် စုဆောင်းသည့် နေရာပြုလုပ်ရ မည် ဖြစ်ကြောင်း၊ မြေယာရရှိမှုနှင့် ပတ်သက်၍ လယ်ယာမြေကို အခြားနည်း သုံးစွဲခွင့်၊ မွေးမြူရေး အတွက် မြေယာ အသုံး ချ တင်ပြခွင့် ပြုလုပ်ရာတွင် ၁နှစ်နီးပါးခန့် စောင့်ရခြင်း စသည့် အခက်အခဲများ ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မွေးမြူ ရေးလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က သုံးသပ်သည်။
“မြက်စိုက်တာ ကတော့ လက်ရှိ ရှိနေတဲ့ လယ်တို့၊ ယာတို့မှာ စိုက်လို့ရပါတယ်။ မွေးမြူရေး လုပ်ငန်းလုပ်တဲ့ ကြက် မွေးမြူ ရေး၊ ဝက်မွေးမြူရေး စတဲ့ လုပ်ငန်းတွေမှာဘဲ မြေယာအသုံးချခွင့် တင်ရတာရှိတယ်။ ဒါတွေက နည်းနည်းလေး ရှုပ်ထွေးတယ်” ဟု သူက ဆိုသည်။
လမ်းပန်းဆက်သွယ်ရေး မကောင်းလျှင်လည်း လုပ်ငန်းရှင်များမှာ လုပ်ကိုင်ရန် အဆင်မပြေသောကြောင့် မွေးမြူရေး လုပ်ငန်းများကို လုပ်ငန်းရှင်ကြီးများက မွေးမြူသော လုပ်ငန်းပုံစံမျိုးထက် ဒေသခံလုပ်ငန်းရှင်ငယ်များကို လုပ်ကိုင်နိုင်ရန် ကူညီပံ့ပိုးပေးသည့် ပုံစံမျိုးက ပို၍ အဆင်ပြေကြောင်း၊ ဒုတိယအခက်အခဲ တခုအနေနှင့် တရုတ်ပြည်သို့ တရားဝင် တင်ပို့ရာတွင် MoU ရေးထိုးရန်အတွက်လည်း တရုတ်အစိုးရဘက်မှ လုပ်ကိုင်မှု နှေးကွေးနေသဖြင့်လည်း အနည်းငယ် ခက်ခဲနိုင်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်သည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ကျွဲ၊ နွားတင်ပို့မှုသည် ၂၀၁၈ ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် မတ်လအထိ အကောင်ရေ ၅ သိန်းကျော် အထိရှိပြီး နှစ်နိုင်ငံအစိုးရချင်း သဘောတူညီမှုဖြင့် တရားဝင် ကျွဲ၊ နွားရောင်းချမှုကို MoU ရေးထိုးနိုင်ရန် တိရစ္ဆာန်ရောဂါနှင့် ပတ်သက်သော ပိုးမွှားသန့်စင်မှု စနစ်ပိုင်းဆိုင်ရာအတွက် ညိုနှိုင်းမှုများ လုပ်ဆောင်နေသည်မှာ နောက်ဆုံးအဆင့် ရောက်ရှိနေပြီဖြစ်ကြောင်း စီးပွား/ ကူးသန်းမှ သိရသည်။
လက်ရှိ ခိုင်းနွား၊ အသားစားနွားပေါက်ဈေး၏ အမြင့်ဆုံးဈေးနှုန်းမှာ တကောင်လျှင် ကျပ်သိန်း ၂၀ ကျော်မှ အနိမ့်ဆုံး ကျပ် ၁၀ သိန်းကျော် ဝန်းကျင်တွင် ရှိသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ နှစ်စမှ လက်ရှိအထိ တိရစ္ဆာန်နှင့် တိရစ္ဆာန် ပစ္စည်းထွက် ရောင်းဝယ်ရေး တင်ပို့မှု ကဏ္ဍတွင် အမေရိကန် ဒေါ်လာ ၂၈၁ ဒသမ ၉၀၆ သန်း ရရှိထားကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာနက သိရသည်။
You May Also Like This Story:
ကျွဲ၊ နွား ရောင်း/ဝယ်ကဏ္ဍ လုံခြုံရေးနှင့် အုပ်ချုပ်ရေးထံ အာဏာပေးထားမှု ပယ်ဖျက်