စီးပွားရေး

ပြည်တွင်းပြည်ပ ဖက်စပ် အာမခံ ကုမ္ပဏီများ သြဂုတ်လ အတွင်း ခွင့်ပြုရန် ရှိ

Want create site? Find Free WordPress Themes and plugins.

နိုင်ငံခြား အာမခံကုမ္ပဏီများ နှင့် ပြည်တွင်း အာမခံကုမ္ပဏီများမှ ဖက်စပ်လုပ်ကိုင်ကြမည့် အာမခံ ကုမ္ပဏီများကို လာမည့် သြဂုတ်လအတွင်း ခွင့်ပြုရန်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် စိတ်ဝင်စားမှု လျှောက်လွှာ (EOI) အဆင့်မှ အဆိုပြုလွှာ (RFP) အဆင့်သို့ တင်ပြလာသော ကုမ္ပဏီ ၆ ခုကို ထပ်မံစိစစ်လျက်ရှိပြီး ဖက်စပ်လုပ်ကိုင်ကြမည့် နိုင်ငံခြားကုမ္ပဏီများမှာ ဂျပန်၊ ထိုင်းနှင့် အခြားနိုင်ငံများမှ ပါဝင် ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဇော်နိုင်က ဧရာဝတီ သို့ ပြောသည်။

၎င်းက ဆက်လက်၍“အခုကတော့ ဘယ်ကုမ္ပဏီတွေလည်း ဆိုတော့ အတိအကျ ပြောခွင့်မရှိသေးပါဘူး။ ထုတ်ပြန် သွား မှာပါ။ အခုက ကုမ္ပဏီတွေကိုလည်း အင်တာဗျူးတွေလည်း ပြီးပြီဆိုတော့ ရှေ့လထဲမှာ ဖြစ်လာနိုင်ပါတယ်”ဟု ရှင်းပြ သည်။

ယခင်က ဖက်စပ်လုပ်ကိုင်မည့် ကုမ္ပဏီ ၉ ခုအထိ စိတ်ဝင်စားမှု ရှိခဲ့သော်လည်း ကုမ္ပဏီများကြား ညိနှိုင်းဆွေးနွေးမှု အဆင်မပြေခြင်းများကြောင့် ကုမ္ပဏီ ၆ ခုသာ ကျန်ရှိခြင်း ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ ဖက်စပ်အာမခံကုမ္ပဏီ ၆ ခုတွင် အသက်အာမခံကုမ္ပဏီ ၃ ခုနှင့် အထွေထွေ အာမခံကုမ္ပဏီ ၃ ခုအဖြစ် ခွင့်ပြု သွားမည် ဖြစ်ကြောင်း ပုဂ္ဂလိက အာမခံကုမ္ပဏီများထံက စုံစမ်း သိရှိရသည်။ 

ပြည်တွင်း အာမခံကုမ္ပဏီများဖြစ်သော IKBZ ၊ AYA Myanmar Insurance (AMI) နှင့် Grand Guardian Insurance (GGI) တို့သည် အထွေထွေအာမခံ ဝန်ဆောင်မှုကို နိုင်ငံခြား ကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်သွားမည် ဖြစ်ပြီး အသက် အာမခံ ဝန်ဆောင်မှုကို GGI၊ Capital Life Insurance နှင့် CB Insurance ကုမ္ပဏီတို့က လုပ်ဆောင် သွားမည်ဟု ဆိုသည်။ 

ဂျပန် အာမခံကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်မည့် AMI ကုမ္ပဏီ၏အုပ်ချုပ်မှု ဒါရိုက်တာ ဦးမျိုးမင်းသူက“နိုင်ငံခြား ကုမ္ပဏီ တွေနဲ့ JV လုပ်ကြမှာဖြစ်တဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ၊ သူတို့ထည့်ဝင်မယ့် မတည်ရင်းနှီးငွေကြောင့် ပြည်တွင်း ကုမ္ပဏီက ပိုပြီးကြီးထွားလာမှာ ဖြစ်တဲ့အတွက် နိုင်ငံစီးပွားရေး အတွက်လည်း အထောက်အကူ ဖြစ်လာ မယ်” ဟု ပြောသည်။

ထို့ပြင် အများပြည်သူများအတွက်လည်း အာမခံဝန်ဆောင်မှုများ နှင့် အာမခံထုတ်ကုန် အသစ်များကို ပိုမိုကောင်းမွန်ရန် လုပ်ဆောင်လာနိုင်မည် ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

လက်ရှိအချိန်တွင် ပြည်တွင်း၌ အထွေထွေအာမခံဝန်ဆောင်မှု နှင့် အသက်အာမခံဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင် နေသော ပြည်တွင်းပုဂ္ဂလိက အာမခံကုမ္ပဏီပေါင်း ၁၉ ခု ရှိပြီး ၆ ခုသည် နိုင်ငံခြားကုမ္ပဏီ များနှင့် ဖက်စပ် လုပ်ကိုင်ကြ မည် ဖြစ်ကြောင်း သိရသည်။

Global World Insurance ကုမ္ပဏီ၏ ဒါရိုက်တာ ဦးစိုးဝင်းသန့်က“အခုတခေါက်မှာ သူတို့ပေးတဲ့ အချိန်ကလည်း နည်းတော့ ပြင်ဆင်ချိန် မမီလိုက်တဲ့ ကုမ္ပဏီတွေကို နောက်တခေါက် ခေါ်ဖို့ရှိတယ်လို့ သိရတယ်။ ဖက်စပ်လုပ်တဲ့ ကုမ္ပဏီ တွေကလည်း ၆ လလောက် သူတို့အချင်းချင်း ညှိကြမှာ ဖြစ်တဲ့အတွက် JV (Joint Venture) မဖြစ်တဲ့ ကုမ္ပဏီ တွေ လည်း ပြင်ဆင်ကြ ရမှာပေါ့”ဟု ဆိုသည်။

ယင်းသို့ နိုင်ငံခြားကုမ္ပဏီများ ဝင်ရောက်လာခြင်းကြောင့် ပြည်တွင်းလူဦးရေ၏ ၁ ရာခိုင်နှုန်းခန့်သာ ရှိသော မြန်မာ့ အာမခံ ဈေးကွက် ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပြီး ဝင်ရောက်လာသော နိုင်ငံခြားကုမ္ပဏီများနှင့် ဖက်စပ် ကုမ္ပဏီများ သည်လည်း အာမခံဝန်ဆောင်မှု မရရှိသေးသော ဈေးကွက်ကိုသာ အဓိကထား ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

အစိုးရအနေဖြင့် ပြည်တွင်းအာမခံဈေးကွက် ဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် ပြီးခဲ့သည့် ဧပြီလအတွင်း အမေရိကန် နှင့် ဂျပန်နိုင်ငံတို့မှ ထိပ်တန်း ကုမ္ပဏီများ အပါအဝင် နိုင်ငံခြား အာမခံ ကုမ္ပဏီ ၅ ခုအား ပြည်တွင်း၌ အသက်အာမခံ ဝန်ဆောင်မှုကို ရာနှုန်းပြည့် လုပ်ကိုင်ခွင့် စတင် ခွင့်ပြုခဲ့သည်။

ယင်းသို့ ခွင့်ပြုပေးလိုက်ပြီး နောက်ပိုင်း ပြည်တွင်း အာမခံ ကုမ္ပဏီများကိုလည်း ပြည်တွင်း၌ ကိုယ်စားလှယ် ရုံးခွဲ ဖွင့်လှစ် ထားသော နိုင်ငံခြား ကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်ခွင့် ပြုမည် ဖြစ်ပြီး နိုင်ငံခြား ကုမ္ပဏီများသည် ပြည်တွင်း အာမခံ ကုမ္ပဏီများတွင် ရှယ်ယာ ၃၅ ရာခိုင်နှုန်း အထိ ထည့်ဝင်နိုင်မည် ဖြစ်ကြောင်း သိရသည်။ 

လက်ရှိ အချိန်တွင် ပုဂ္ဂလိက အာမခံ ကုမ္ပဏီများက မီးအာမခံ၊ ခရီးသွား အာမခံ၊ ကား အာမခံ၊ ကျန်းမာရေး အာမခံ နှင့် အသက်အာမခံများ အပါအဝင် အာမခံ အမျိုးအစားပေါင်း ၁၅ ခုကျော် လုပ်ကိုင်လျက် ရှိသည်။

ပြည်တွင်း အာမခံ ဈေးကွက်တွင် အသက် အာမခံ ဝန်ဆောင်မှုကို အနည်းငယ်သာ စိတ်ဝင်စားလျက်ရှိပြီး အထွေထွေ အာမခံ ဝန်ဆောင်မှုများ ဖြစ်သော ကား အာမခံ၊ မီးအာမခံ ဝန်ဆောင်မှုများကိုသာ အများပြည်သူ အနေဖြင့် အများ ဆုံး အာမခံထားလေ့ ရှိကြောင်း ပုဂ္ဂလိက အာမခံ ကုမ္ပဏီများထံက သိရသည်။

You may also like these stories:

အထွေထွေ အာမခံ ကုမ္ပဏီ ၈ ခု လုပ်ငန်း ၂ ခုစီ ခွဲထုတ် လုပ်ကိုင်ရမည်

နိုင်ငံခြား ကုမ္ပဏီ ၉ ခုခန့် ပြည်တွင်း အာမခံ ကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်မည်

နိုင်ငံခြားဘဏ်တွေ ဝင်လာတဲ့အခါ

Did you find apk for android? You can find new Free Android Games and apps.
Loading