ထားဝယ် အထူးစီးပွားရေးဇုန်ကို ၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းတွင် စတင်ရန် မျှော်မှန်းထားကြောင်း ထားဝယ် အထူး စီးပွား ရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဒု ဥက္ကဋ္ဌ ဒေါက်တာ မြင့်ဆန်းက ဧရာဝတီသို့ ပြောသည်။
ဒေါက်တာ မြင့်ဆန်းက“လမ်းဖောက်ဖို့ အခု ကွင်းဆင်း လေ့လာနေတာ။ လာမယ့် စက်တင်ဘာထဲမှာ ပြီးမယ်။ ပြီးရင် မြန်မာ အစိုးရနဲ့ ထိုင်းအစိုးရ ချေးငွေ လက်မှတ်ထိုးမယ်။ တင်ဒါ ခေါ်မယ်။ လမ်းဖောက်မယ့် ကုမ္ပဏီပေါ့နော်။ ၂၀၂၀ နှစ် လယ်လောက်မှ ဖြစ်မယ် ထင်တယ်”ဟု ဆိုသည်။
လတ်တလောတွင် လမ်းဖောက်နိုင်ရန် အတွက် လုပ်ဆောင်နေပြီး ဆိပ်ကမ်း တည်ဆောက်ရေးနှင့် ပတ်သက်၍ ရှင်းလင်း စရာ ကိစ္စရပ်များ ရှိနေသောကြောင့် အနည်းငယ် ကြာနိုင်ကြောင်း ဒေါက်တာ မြင့်ဆန်းက ရှင်းပြသည်။
ထို့ပြင် ထားဝယ် အထူးစီးပွားရေးဇုန်၏ ပရောဂျက် ၉ ခုကို လုပ်ကိုင်ခွင့် ရရှိထားသော အီတာလျံ-ထိုင်း ကုမ္ပဏီနှင့် မြေငှား စာချုပ် ချုပ်ဆိုရန် အတွက် ဆွေးနွေးရန်လည်း ရှိကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ ဒေါက်တာ မြင့်ဆန်းက“ဒီလကုန်လောက်တော့ မြေငှားစာချုပ်ကို အီတာလျံ-ထိုင်း ကုမ္ပဏီကို ပို့ဖို့ ရှိတယ်။ သူလုပ်မယ် ဆိုရင်တော့ Project ရှိမယ်။ ဒီကြားထဲမှာ လမ်းတော့ စဖောက်ဖြစ်မယ် ထင်တာပဲ။ လမ်း ဖောက်ဖို့က ၃ နှစ် လောက်တော့ ကြာမယ်”ဟု ပြောသည်။
ထားဝယ် အထူးစီးပွားရေးဇုန်ကို ၂၀၀၈ ခုနှစ်တွင် စတင်ခဲ့ပြီး အီတာလျံ-ထိုင်းကုမ္ပဏီက စီမံကိန်း လုပ်ငန်း ၉ ခုနှင့် ဇုန် အကျယ်အဝန်း ဧက ၄၈,၀၀၀ (၁၉၆ စတုရန်းကီလိုမီတာ) မှ ဧက ၆,၆၀၀ ကျော် (၂၇ စတုရန်း ကီလိုမီတာ) ကို လုပ်ကိုင် ခွင့် ရရှိထားခြင်း ဖြစ်သည်။
ထိုမှတဆင့် ဘဏ္ဍာရေး အခက်အခဲကြောင့် စီမံကိန်းကို ၂၀၀၈ ခုနှစ်နောက်ပိုင်းတွင် ခေတ္တရပ်ထားခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဇူ လိုင်လတွင် စီမံကိန်း ပြန်လည် စတင်ရန် မြန်မာ-ထိုင်း-ဂျပန် သုံးနိုင်ငံ အစိုးရချင်း ဆွေးနွေးပြီး ဂျပန်အစိုးရက စီးပွားရေး ဇုန် အပါအဝင် ထားဝယ်ဒေသ ဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် ထုတ်ချေးရန် သဘောတူ၍ ပြန်စခဲ့သည်။
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့် က“လမ်းကတော့ စနေပြီ။ ဆိပ်ကမ်းဖောက်ဖို့က ရှင်းလင်းစရာတွေ ရှိတယ်။ အရင်က စာချုပ်စာတမ်းတွေ သူတို့ မလုပ်နိုင်တာတွေ ရှိတယ်။ တည်ဆောက်ရေးကတော့ စနစ် တကျ လုပ်ရမှာဆိုတော့ နည်းနည်းကြာနိုင်တာပေါ့။ ဒီအစိုးရ လက်ထက်မှာ စနိုင်ဖို့တော့ ကြိုးစားနေတာပဲ”ဟု မီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။
အဆိုပါ ထားဝယ် အထူးစီးပွားရေးဇုန်ကို စက်မှုဇုန် အရွယ်အစားနှင့် မည်သည့် စီးပွားရေးလုပ်ငန်းများဖြင့် အကောင် အထည် ဖော်မည်ကို မဆုံးဖြတ်ရသေးကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ယင်းစီးပွားရေးဇုန်ကို အပိုင်း ၃ ပိုင်းခွဲခြားထားပြီး လမ်းပိုင်းကို ထိုင်းနိုင်ငံ ချေးငွေဖြင့် လည်းကောင်း၊ လျှပ်စစ်ပိုင်းကို မိမိတို့ ကိုယ်ပိုင်ငွေဖြင့် လည်းကောင်း၊ ဆိပ်ကမ်း တည်ဆောက်ရေးကို ဂျပန်ချေးငွေဖြင့် လည်းကောင်း လုပ်ဆောင်ရန် ရှိကြောင်း သိရသည်။
လက်ရှိတွင် အီတာလျံ-ထိုင်း ကုမ္ပဏီကို ထိုင်း နယ်စပ်မှ အထူးစီးပွားရေးဇုန် အထိ သွားသည့် နှစ်လမ်းသွားလမ်းမကို ဖော် ဆောင်ခွင့် ပေးထားသည်။
တနင်္သာရီတိုင်း ဒေသကြီး လောင်းလုံး မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဗိုလ်ထွေးက“ကျနော်တို့ ကတော့ ဒေသခံတွေ အတွက်ရော စီမံကိန်း ဧရိယာတွေ ထဲမှာပါတဲ့ ရွာတွေရဲ့ ဖွံ့ဖြိုးမှုပါ ဖြစ်စေချင်တော့ စောစော လုပ်စေချင် တယ်။ ဒါပေမယ့် အစိုးရ အနေနဲ့ အခက်အခဲတွေက ဘာတွေရှိလဲ ဆိုတာတော့ ပြောရခက်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထိုစီမံကိန်းတွင် လမ်းခင်းရေးနှင့် ဒေသခံများ ပြန်လည် နေရာချထားရေး အီတာလျံ-ထိုင်း ကုမ္ပဏီက အမေရိကန် ဒေါ်လာ သန်း ၁၃၀ ကျော်ဖိုး ရင်းနှီးထားသည်။
ထိုကြောင့် ထားဝယ် အထူးစီးပွားရေးဇုန်ကို လုပ်ကိုင်ရာတွင် အီတာလျံ-ထိုင်းကုမ္ပဏီ အစား အခြားကုမ္ပဏီနှင့် အစားထိုး လုပ်ကိုင်မည် ဆိုလျှင် ယင်းကုမ္ပဏီကို မြန်မာ အစိုးရ အနေနှင့် လျော်ကြေး ဒေါ်လာ သန်း ၁၃၀ ကျော် ပေးရမည် ဖြစ်ကြောင်း စီးပွား/ကူးသန်း က သိရသည်။
You may also like these stories:
ကွမ်းလုံ-ချင်းရွှေဟော် အထူး စီးပွားရေးဇုန် ဖော်ဆောင်ရန် စီစဉ်နေ
ထားဝယ်စီမံကိန်း ပြန်စရန် ဒေသခံများ သတိထား ထောက်ခံ
နယ်စပ်မှ ထားဝယ် SEZ အထိ အဝေးပြေးလမ်းကို ထိုင်းနှင့်မြန်မာ ပူးတွဲ အဆင့်မြှင့်မည်