စီးပွားရေး

UK က Myanmar Net ကုမ္ပဏီတွင် ဒေါ်လာသန်း ၃၀ ခန့် ရင်းနှီးမြှုပ်နှံ

Want create site? Find Free WordPress Themes and plugins.

UK အစိုးရ၏ ဖွံ့ဖြိုးတိုးတက်မှု အခြေခံ ဘဏ္ဍာရေး အဖွဲ့အစည်း တခုဖြစ်သော CDC က ပြည်တွင်း အင်တာနက် ဝန်ဆောင် မှုလုပ်ငန်း လုပ်ကိုင်လျက်ရှိသော ပြည်တွင်း ကုမ္ပဏီ Frontiir (Myanmar Net) တွင် အမေရိကန် ဒေါ်လာ သန်း ၃၀ ခန့် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ရင်းနှီးမြှုပ်နှံမှုကြောင့် Frontiir ကုမ္ပဏီ၏ ရည်မှန်းချက် တခုဖြစ်သော လူနှစ်သန်းကျော် အင်တာနက် အသုံးပြု နိုင်ရန် အတွက် ကွန်ရက်တိုးချဲ့ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄၀၀၀ ခန့် ထပ်မံ ဖန်တီးပေးနိုင်ခြင်းနှင့် အင်တာ နက် ဝန်ဆောင်မှုများကို တိုးချဲ့ လုပ်ကိုင်လာနိုင်မည် ဖြစ်သည်ဟု ဆိုသည်။

CDC အာရှဌာနခွဲ၏ ဦးဆောင် ညွှန်ကြားရေးမှူး ဖြစ်သော Srini Nagarajan က“ကျနော်တို့ရဲ့ ရင်းနှီးမြှုပ်နှံ ထည့်ဝင်မှုက စီးပွားရေး တိုးတက်နှုန်းကို အရှိန်မြှင့် ကူညီနိုင်မှာ ဖြစ်သလို ဝေးလံခေါင်ဖျား ဒေသများကိုလည်း အင်တာနက် ရောက်ရှိ နိုင်အောင် ကူညီပေးနိုင်လိမ့်မယ်”ဟု ပြောကြားထားသည်။

ယင်းသို့ နိုင်ငံခြား အဖွဲ့အစည်း၏ ရင်းနှီးမြှုပ်နှံမှု ရရှိခြင်းကြောင့် တနေ့လျှင် ကျပ်၂၀၀ နှုန်းသာ ကျသင့်မည့် အင်တာနက် ဝန်ဆောင်မှုများကိုလည်း လုပ်ဆောင်နိုင်တော့မည် ဖြစ်ကြောင်း Frontiir ၏ အမှုဆောင် အရာရှိချုပ် ဒေါက်တာ ဝေလင်း ထွန်းက ပြောသည်။

Frontiir ကုမ္ပဏီအနေဖြင့် ၂၀၂၂ ခုနှစ် မတိုင်မီ ရန်ကုန်နှင့် မန္တလေးမြို့အနီးရှိ ဝင်ငွေနည်းပါးသော မြို့ငယ်များနှင့် အခြား တိုင်းနှင့် ပြည်နယ်များရှိ မြို့ကြီး ၂၂ မြို့အား အင်တာနက် ကွန်ရက်များ ချဲ့ထွင်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီသည် လွန်ခဲ့သည့် လေးနှစ်ကျော်မှ စတင်ကာ Myanmar Net အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်နေသည့် ပြည်တွင်း ကုမ္ပဏီတခု ဖြစ်ပြီး လက်ရှိ အချိန်တွင် ကျပ် ၁၀၀၀၊ ၅ ရက်သုံး အင်တာနက် ဝန်ဆောင်မှု အပါအဝင် အခြားအင်တာနက် ဝန်ဆောင်မှုများကို လုပ်ကိုင်နေသည့် ကုမ္ပဏီ ဖြစ်သည်။

CDC အဖွဲ့အစည်းသည် ယူကေ အစိုးရ၏ ဖွံ့ဖြိုးတိုးတက်မှု အခြေခံဘဏ္ဍာရေး အဖွဲ့အစည်း ဖြစ်ပြီး အာရှနှင့် အာဖရိက တိုက်များတွင် နှစ်ပေါင်း (၇၀) ကျော်ကြာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading