စီးပွားရေး

အခွန်ရှောင်သော တရုတ် ပို့ကုန်လမ်းကြောင်းများကို ဗီယက်နမ်နှိမ်နင်း

Want create site? Find Free WordPress Themes and plugins.

အမေရိကန်၏ အခွန်ကို ရှောင်ရှားရန် တရုတ်နှင့် အခြားနိုင်ငံများမှ ဗီယက်နမ်ကို ဖြတ်သန်းသယ်ဆောင်ပြီး ဗီယက်နမ် ထုတ်ကုန်များအဖြစ် တင်ပို့ခြင်းကို နှိမ်နင်းရန် ဗီယက်နမ်အစိုးရက လုပ်ဆောင်နေပြီဖြစ်သည်။

ဗီယက်နမ်နိုင်ငံ ပြည်တွင်း အီလက်ထရွန်းနစ်လုပ်ငန်း Asanzo က ထုတ်လုပ်သည့် ရုပ်မြင်သံကြားစက်များသည် တရုတ်နိုင်ငံတွင် လုံးဝနီးပါးပြုလုပ်ထားသည့် သွင်းကုန်များဖြစ်ကြောင်း ပြည်တွင်း သတင်းစာတစောင်ဖြစ်သော တွိုင် ထရီ Tuoi Tre တွင် ဖေါ်ပြခဲ့ပြီးနောက် ထိုသို့ဖြိုခွင်းမှု ပြုလုပ်ခြင်းဖြစ်သည်။

ဗီယက်နမ် စက်ရုံရှိ အလုပ်သမားများ၏ အဓိကလုပ်ငန်းများအနက်တခုမှာ တရုတ်မှ တင်သွင်းလာသော LCD မျက်နှာပြင်အောက်မှ တရုတ်နိုင်ငံတွင် ပြုလုပ်သည်ဟူသော စာတန်းကို ဖယ်ရှားရခြင်းသာဖြစ်သည်ဟု တွိုင်ထရီ ကဖေါ်ပြသည်။

ရိုးရှင်းသော လုပ်ငန်းအဆင့် ၆ ဆင့်ဖြင့် တပ်ဆင်ပြီးနောက် ထိုရုပ်မြင်သံကြားစက်များကို ဗီယက်နမ်နိုင်ငံတွင် ဂျပန်နည်းပညာဖြင့် ထုတ်လုပ်သည့် ပစ္စည်းအဖြစ် ရောင်းချကြသည်။ မီးဖိုကဲ့သို့သော အခြားထုတ်ကုန်များကို ကုန်ချောအဖြစ် တင်သွင်းသည်ဟု ဆိုသည်။

ကုန်သွယ်ရေးစစ်ပွဲကြောင့် ကုန်ထုတ်လုပ်ရေးကုမ္ပဏီများ တရုတ်မှ ဗီယက်နမ်သို့ အကြီးအကျယ်ရွှေ့ပြောင်းနေချိန်တွင် ထိုသို့ဖေါ်ထုတ်လိုက်ခြင်းသည် ဗီယက်နမ်အစိုးရအတွက် အကျပ်အတည်းဖြစ်စေသည်။ ဗီယက်နမ်နိုင်ငံ၏ အမေရိကန်အပေါ် ပို့ကုန်အသာစီးရမှုသည် ယခင်နှစ်ကထက် ၄၀ ရာခိုင်နှုန်း တက်သွားပြီး မေလအထိ ၅ လတာကာလအတွင်းတွင် ၂၁.၆ ဘီလီယံဖိုးအထိ ရှိလာသည်။

ဗီယက်နမ်အစိုးရသည် ကမ္ဘာ့စံနှုန်းများကို အခြေခံကာ တရားမဝင် တင်ပို့မှုကို တားဆီးမည့် စည်းမျဉ်းများကို ဌာနပေါင်းစုံ ပူးပေါင်းအားထုတ်နေသည်ဟု ပြည်တွင်းသတင်းများကဖေါ်ပြသည်။

ထိုစည်းမျဉ်းသစ်များတွင် ကုန်ပစ္စည်းတခု ပြည်တွင်းတွင် ထုတ်လုပ်သည်ဟု သတ်မှတ်ရန် စည်းကမ်းချက်များကို ဖေါ်ပြဖွယ် ရှိသည်။ ကုန်ပစ္စည်းတခု ဗီယက်နမ်တွင် ထုတ်လုပ်သည်ဟု သတ်မှတ်ခံရရန် ပြည်တွင်းထုတ်ကုန် မည်သည့်ရာခိုင်နှုန်းပါဝင်ရမည်နှင့် မည်သည့်အတိုင်းအတာအထိ ပြည်တွင်းတွင် တပ်ဆင်ရမည် စသည့် စည်းကမ်းချက်များ ပါဝင်မည်ဟု ဆိုသည်။ ချိုးဖေါက်သူများအား အရေးယူသွားမည်ဟု မျှော်လင့်ရသည်။

ထိုသို့ ဖြိုခွင်းသောကြောင့် အမေရိကန်နိုင်ငံကို ကျေနပ်စေမည်ဖြစ်သည်။ အမေရိကန်နိုင်ငံသည် ဗီယက်နမ်နှင့် ကုန်သွယ်ရေး မညီမျှမှု ကြီးထွားလာနေသောကြောင့် ဗီယက်နမ်ကို ပိုမို အနီးကပ်စောင့်ကြည့်နေသည်။

ထိုသို့ လမ်းကြောင်းပြောင်းလဲ တင်ပို့သည့် ပြဿနာကို မဖြေရှင်းနိုင်ပါက ဗီယက်နမ်နိုင်ငံသည် အခွန်တိုးမြှင့်ခြင်းနှင့် ရင်ဆိုင်ရနိုင်ကြောင်း ထရမ့်က ဇွန်လတွင် အရိပ်အမြွက်ပြောခဲ့ပြီး ကုန်သွယ်ရေး အလွဲသုံးစားလုပ်သော တခုတည်းသော နိုင်ငံတခု နီးပါးအထိ ခေါ်ဝေါ်ခဲ့သည်။

ယခုဖြိုခွင်းမှုသည် ပြည်တွင်းတွင်ရောင်းရန် တင်သွင်းလာသော ကုန်စည်များအတွက် လျှော့ရဲသော တံဆိပ်တပ် စည်းမျဉ်းကို ပြင်ဆင်ရန် ရည်ရွယ်သည်။ လက်ရှိစည်းမျဉ်းအရ ထိုသို့တင်သွင်းလာသည့် ပစ္စည်းများကို မူရင်းထုတ်လုပ်သည့် နေရာကို ထိန်ချန်ပြီး တတိယနိုင်ငံတခုသို့ ပြန်လည်တင်ပို့နိုင်သည်။ ထိုသို့ လွတ်ကွက် ဟာကွက်ရှိနေသောကြောင့် ဗီယက်နမ်သည် လမ်းကြောင်းပြောင်းတင်ပို့သူများကို စွဲဆောင်သကဲ့သို့ဖြစ်နေပြီး တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲ ရှည်ကြာလာသည့် အမေရိကန်နိုင်ငံ၏ စူးစမ်းမှုကို ခံရစေသည်။

ဗီယက်နမ်နိုင်ငံနှင့် လွတ်လပ်သောကုန်သွယ်ရေး စာချုပ်ချုပ်ဆိုထားသော နိုင်ငံများသို့ ပို့ကုန်များတွင် မူရင်းထုတ်လုပ်မှု လက်မှတ်များ လိုအပ်နေကာ မည်သည့်ပစ္စည်းကို ဗီယက်နမ်တွင် ထုတ်လုပ်သည်ဟု သတ်မှတ်မည်နှင့်ပတ်သက်သည့် တင်းကျပ်သော စည်းကမ်းများလည်း ရှိနေပြီးဖြစ်သည်။

ဂျပန်၊ အမေရိကန်နှင့် ဥရောပနိုင်ငံများကဲ့သို့သော စက်မှုနိုင်ငံများသည် ပြည်တွင်းထုတ်နှင့် သွင်းကုန်ကို ခွဲခြားသည့် ရှင်းလင်းသော စံနှုန်းများ ချမှတ်ထားကြသည်။ သို့သော် ဗီယက်နမ်ကဲ့သို့သော ထွန်းသစ်စ ဈေးကွက်များတွင် စံနှုန်းများမှာ ရှင်းလင်းမှုမရှိဘဲ ဥပဒေများကို သင့်တော်စွာကျင့်သုံးခြင်း မရှိကြောင်း ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့မှ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအတိုင်ပင်ခံဌာနခွဲအကြီးအကဲ မာစာဟီရို အီရှီကာဝါ ကပြောသည်။

“လက်တွေ့မှာတော့ မူရင်းထုတ်လုပ်တဲ့ နိုင်ငံတံဆိပ်ဟာ ကုမ္ပဏီတခုချင်းစီရဲ့ ကျင့်ဝတ်နဲ့ ဆိုင်တယ်” ဟု ဗီယက်နမ်တွင် စက်ရုံတည်ဆောက်ထားသည့် ဂျပန်ကုမ္ပဏီတခု၏ ဒေသဆိုင်ရာရုံးခွဲအမှုဆောင်တဦးက ဆိုသည်။

လက်ရှိအချိန်တွင် Asanzo ကဲ့သို့သော ကိစ္စများကို ကိုင်တွယ်ရန် ဗီယက်နမ်တွင် ရှင်းလင်းပြတ်သားသည့် စည်းမျဉ်းများမရှိကြောင်း ဗီယက်နမ် အထွေထွေ စာရင်းအင်းဌာန ညွှန်ကြားရေးမှူးချုပ် ငုယင် ဘစ်ချ် လမ် ကပြောသည်။ ပြည်တွင်းနှင့်ပြည်ပကုမ္ပဏီ အများအပြားတို့သည် တရုတ်မှ ကုန်ချောနီးပါးဖြစ်နေသောကုန်များကို ရိုးရှင်းသော ပြင်ဆင်မှုလုပ်ပြီး ပြည်တွင်းထုတ်အဖြစ် ရောင်းသည့် ယခုကဲ့သို့သော လုပ်ရပ်မျိုးတွင် ပုံမှန် ပါဝင်ပတ်သက်နေသည်ဟု သူ ယုံကြည်ကြောင်းလည်း ပြောသည်။

ထိုသို့သောအလေ့အထကြောင့် တဆင့်ခံပြန်လည်တင်ပို့သည့် ပြဿနာကို ရင်ဆိုင်ရခြင်းဖြစ်သည်။ လွန်ခဲ့သောမေလက အာဏာပိုင်များသည် အရှေ့မြောက်ပိုင်း ဟိုင်ဖေါင်တွင် ဗီယက်နမ်တွင်ပြုလုပ်ကြောင်း တံဆိပ်ကပ်ထားသည့် တရုတ်ရှူးဘိနပ်များ ပြန်လည်မတင်ပို့မီ ဖမ်းဆီးနိုင်ခဲ့သည်။

ထိုင်ဝမ်နှင့် တောင်ကိုရီးယားတွင် မူရင်းထုတ်လုပ်ပြီး ဗီယက်နမ်တွင် နောက်ဆုံးအချောသတ်သည့် သံမဏိပစ္စည်းများအချို့ကို အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနက ယခုလတွင် အခွန် ၄၅၆ ရာခိုင်နှုန်းအထိ ကောက်ခံခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် တရုတ်ပြည်မကြီးမှ ကုန်စည်များကို ထိခိုက်ခြင်းမရှိသော်လည်း တံဆိပ်လဲလှယ် တပ်ဆင်ခြင်းနှင့် ပတ်သက်သည့် တင်းကျပ်သည့်သဘောထားကို ပြသလိုက်ခြင်းပင်ဖြစ်သည်။

ကိုးကား ။ ။ Nikkei Asian Review

ဆက်စပ်ဖတ်ရှုရန်

မြန်မာတွင် တရုတ် ရင်းနှီးမြှုပ်နှံမှု ၂ ဆ တက်လာ

အရှိန်တန့် သွားတဲ့ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ

စီးပွားတက်ပြီးရင်း တက်နေသည့် ဘင်္ဂလားဒေ့ရှ်

Did you find apk for android? You can find new Free Android Games and apps.
Loading