မူဆယ်နယ်စပ်တွင် ပိတ်မိနေသော ဆန်အိတ်ရေ ၃ သိန်းကို လာမည့် သြဂုတ်လအတွင်း တရုတ်နိုင်ငံသို့ အပြီးတင်ပို့ သွားမည် ဖြစ်ကြောင်း မူဆယ်ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ နောက်ဆုံးပတ်မှ စတင်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရက မှောင်ခိုပစ္စည်း တိုက်ဖျက်ရေး စီမံချက်နှင့် ဖမ်းဆီးမှုများ စတင်ခဲ့သဖြင့် ဆန်အိတ်ရေ ၁၀ သိန်း အပါအဝင် သကြားနှင့် ပြောင်းကုန်စည်များ မူဆယ် နယ်စပ်ရှိ ဂိုဒေါင်များတွင် ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။
ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက”အဖမ်းအဆီးကတော့ ရှိနေဆဲပဲ။ ဒါပေမယ့် ဇွန်လကပြီး တရုတ်အစိုးရက တရုတ်ကုန်သည်ကို ဆန်နဲ့ ပတ်သက်ပြီး ပါမစ်ထုတ်ပေးထားတယ်။ အဲဒီပါမစ်နဲ့ သွားတာ ၇ ရက် တပတ်ကို အိတ်ရေ ၂ သိန်းလောက် သွားလို့ရတယ်။ ဒါကြောင့် မူဆယ်မှာ ပုံနေတဲ့ ဆန်တွေကတော့ ကုန်သွားမယ်လို့ ထင်တာပဲ။ အခု ဆန်က အိတ်ရေ ၃ သိန်းလောက် ကျန်သေးတယ်”ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “အခုက အခြေအနေ အရမ်းဆိုးတယ်။ အဖမ်းအဆီး ဆိုတာထက် တရုတ်ဘက်က လုံခြုံရေးတွေ စောင့်နေတော့ မသွားရဲကြဘူး။ ဆန်က နည်းနည်း သွားလို့ရပေမယ့် သကြားကတော့ လုံး၀ သွားလို့မရဘူး”ဟု လက်ရှိအခြေအနေကို ရှင်းပြသည်။
လက်ရှိတွင် မူဆယ်ကုန်စည်ဒိုင်တွင် ဆန်အိတ်ရေ ၃ သိန်း၊ သကြား အိတ်ရေ ၃သိန်းနှင့် ပြောင်းအိတ်ရေ ၄ သိန်း နီးပါးခန့် ဂိုဒေါင်များတွင် ပိတ်မိဆဲဖြစ်ကြောင်း သကြားကုန်သည်လည်းဖြစ်သူ ဦးမင်းသိန်းက ရှင်းပြသည်။
“ဒီလကုန်ပြီးရင် သကြားလည်း ပါမစ်ဒေတာ ရမယ် လို့တော့ ကြားထားတယ်။ သိပ်တော့မသေချာသေးဘူး”ဟု ၎င်းက ဆိုသည်။
ယင်းအခြေအနေများနှင့် ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ တင်ပြထားသည်များ ရှိသော်လည်း တရုတ် အစိုးရ ခွင့်ပြုမှ ရမည်ဖြစ်သောကြောင့် လုပ်ကိုင်၍ မရကြောင်း ကုန်သည်များထံမှ စုံစမ်းသိရှိရသည်။
ဘုရင့်နောင် ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးလူမော်မြင့်မောင် ကလည်း “နယ်စပ်ဘက်ကတော့ ဆန်တင်ပို့မှု တော်တော်ကြီးကို ကျသွားတယ်။ အရင်နှစ်တွေနဲ့ ကာလတူ နှိုင်းယှဉ်ရင် ၈၀ ရာခိုင်နှုန်းလောက် ကျသွားတယ်။ ၂၀ ရာခိုင်နှုန်းလောက်ပဲ အနည်းအကျဉ်း သွားတဲ့ သဘောရှိတယ်။ ပင်လယ်ရေကြောင်းကတော့ အရင်ထက် တက်လာတယ်။ ကာလတူ နှိုင်းယှဉ် ရင် တော်တော်လေး တိုးတက်လာတယ်။ ဆန်ဈေးကွက်သစ်တွေလည်း ရှိလာတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် အာဖရိက နိုင်ငံများသို့ တင်ပို့သည့် ဈေးကွက်သစ်များ တိုးလာသည့် အပြင် ပင်လယ်ရေကြောင်း မှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ဈေးကွက်မှာလည်း တိုးလာကြောင်း ၎င်းက ပြောသည်။
ပင်လယ်ရေကြောင်းတင်ပို့မှု အနေဖြင့် တလလျှင် ယခင်က ဆန်တန်ချိန် ၈ သောင်းတင်ပို့ရာမှ ယခုအချိန်တွင် တန်ချိန် ၁ သိန်းကျော် အထိတိုး၍ တင်ပို့မှုများ ရှိလာသည်ဟု သိရသည်။
“နယ်စပ် တင်ပို့မှု အနေနဲ့ မူဆယ်မှာ ပိတ်မိနေတဲ့ သကြားကတော့ ကျနော်က ပြောဖို့ခက်တယ်။ ဆန်ကတော့ အခု တရုတ်ဘက်က စက်မှုကုန်ကြမ်းသုံး ပါမစ်နဲ့တော့ နည်းနည်း၊ နည်းနည်း ထွက်ရင်းနဲ့ တော်တော်လေး လျော့လာပါပြီ။ အခုဆိုရင်တော့ တန်ချိန် နည်းနည်းပဲ ကျန်တော့မှာပါ”ဟု ဦးလူမော်မြင့်မောင်က ရှင်းပြသည်။
ယခုနှစ်တွင် ပြောင်းစိုက်တောင်သူများ အနေဖြင့်လည်း အခြားသော ကုန်စည်များကို ပြောင်းလဲ စိုက်ပျိုးလာခြင်း၊ မြေယာငှားစိုက်သည့် တောင်သူများ အနေဖြင့်လည်း နယ်စပ်ဘက်သို့ သွားရောက် လုပ်ကိုင်မှုများ ပြုလုပ်လာကြခြင်းများ ရှိနေကြောင်း လားရှိုးပြောင်းကုန်စည်ဒိုင် ရုံးအုပ်ကြီး ဦးသိန်းဝင်း က ပြောသည်။
“ပြောင်းကတော့ တရုတ်က ကိုတာ စနစ်နဲ့ လုပ်လိုက်တော့ ကျနော်တို့ အိတ်ရေ ၃ သိန်း၊ ၄ သိန်းလောက်တော့ ပို့ဖို့ ကျန်တယ်၊ ဟိုတလောကတော့ ထိုင်းဘက်က ဝယ်တယ်။ အခု ရက်ထဲတော့ ရပ်သွားပြီ။ တာဝန်ရှိသူတွေ အနေနဲ့ ကိုတာတိုးရဖို့ ညှိပေးဖို့တော့ ကုန်သည်တွေက မျှော်လင့်တာပေါ့” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
ပြောင်း ၁ ဧက စိုက်ပျိုးလျှင် ငွေကျပ် ၂ သိန်းမှ အများဆုံး ၄ သိန်း အထိ ကုန်ကျပြီး တနှစ်လျှင် လားရှိုးဒေသမှ ပြောင်း တန်ချိန် ၆ သိန်း နီးပါး ထွက်ရှိသော်လည်း ယခုနှစ်တွင် စိုက်ပျိုးမှု လျော့ကျလာသောကြောင့် ၃ သိန်း ဝန်းကျင်သာ ထွက်ရှိနိုင်ကြောင်း ဦးသိန်းဝင်းက သုံးသပ်ပြောဆိုသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ် အထိ နိုင်ငံပေါင်း ၅၈ နိုင်ငံသို့ ဆန် မက်ထရစ် တန်ချိန်ပေါင်း ၁၃ သိန်းကျော် တင်ပို့ခဲ့ရာမှ အမေရိကန်ဒေါ်လာ ၄၂၃ ဒသမ ၈၆၉ မီလီယံ ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများ အရ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
တရုတ်နှင့် ကုန်စည်ဖလှယ်မည့် စနစ် အလုပ်ဖြစ်မလား
တရုတ်သို့ လယ်ယာ ထွက်ကုန်နှင့် ကျွဲ၊ နွားများ တရားဝင် ပို့ရန် လက်မှတ်ထိုးမည်