ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများကို အဆင်ပြေစွာ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နိုင်ရန် အတွက် မြေများထုတ်ရောင်းပေးမည် ဖြစ်ကြောင်း တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ဝန်ကြီးချုပ်က “ကျနော်တို့ဆီမှာ လာရောက် ရင်းနှီးမြှုပ်နှံသူတွေ ပိုမို အဆင်ပြေ ချောမွေ့စေနိုင်ဖို့ အတွက် ကျနော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ မြေတွေကို ထုတ်ပြီးရောင်းဖို့ ရှိပါတယ်။ အစိုးရပိုင် ဧကထောင်ချီတဲ့ မြေတွေကို ထုတ် ရောင်းပေးဖို့နဲ့ ပတ်သက်ပြီး အထောက်အထားတွေ ကျနော်တို့ ပြင်ဆင်နေပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကို အခွင့် အလမ်းပေးဖို့ ဖြစ်တယ်” ဟု ဆိုသည်။
ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ ဇူလိုင်လ ၂၄ ရက်က ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှု အစည်းအဝေးတွင် ဝန်ကြီး ချုပ်က ယင်းသို့ ပြောဆိုခြင်းဖြစ်ပြီး မည်သည့်နေရာမှ မြေများ၊ မည်သည့် စနစ်ဖြင့် ထုတ်ရောင်းပေးမည် ဆိုသည့် အသေးစိတ်ကိုမူ ဆွေးနွေးနေဆဲ ဖြစ်ကြောင်း ပြောဆိုသွားသည်။
နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ အနေနှင့် ရန်ကုန်တိုင်းတွင် လာရောက် ရင်းနှီးမြှုပ်နှံရာတွင် မြေငှားရမ်းခနှင့် စက်ရုံငှား ရမ်းခများမှာ ဈေးနှုန်းကြီးမြင့်နေခြင်းကို ဖြေလျော့ပေးနိုင်ရန် အတွက် အကောင်းဆုံး ပြင်ဆင်ဆောင်ရွက်ခြင်း ဖြစ်ပြီး မြေရောင်းချမည့် အစီစဉ်တွင် ကန့်သတ်ချက်များ၊ စည်းမျည်းစည်းကမ်းများလည်း ပါဝင်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။
၎င်းက ဆက်လက်၍ “ဒါပေမယ့် မြေတွေကို သူတို့ ကိုင်ထားပြီးတော့ မြေကစားတဲ့ အစီစဉ်အတွက် ကျနော်တို့ ခွင့်ပြုမှာ မဟုတ်ဘူး။ ဒါက တကယ် စက်ရုံဆောက်မယ်။ ဒီနေရာမှာ တကယ် ရင်းနှီးမြှုပ်နှံမယ်။ ခြောက်လအတွင်း ဒီနေရာမှာ တည်ဆောက်ရေးတွေ စသွားမယ် စတဲ့ သတ်မှတ်ချက်တွေ ချပြီး ကန့်သတ်ချက်တွေနဲ့ ထုတ်ရောင်းဖို့ ဆောင်ရွက်မှာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်ကို လာရောက် ရင်းနှီးမြှုပ်နှံတဲ့ သူတွေကို ကျနော်တို့ဘက်က အကောင်းဆုံး အခွင့်အလမ်းတွေနဲ့ ဝန်ဆောင်မှုပေးနိုင်မှ ရန်ကုန်ကို ရင်းနှီးမြှုပ်နှံဖို့ ရွေးချယ်မှာ ဖြစ်တယ်” ဟု ဝန်ကြီးချုပ်က ရှင်းပြသည်။
ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် ရန်ကုန်မြို့သည့် အကောင်းဆုံး ဖြစ်ပြီး အာရှတိုက်တွင် ရွေးချယ်သင့်သော နေရာတခု ဖြစ်လာစေရန် ကြိုးစားဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုသည်။
တိုင်းအစိုးရ၏ မြေရောင်းချရေး မူဝါဒတွင် နေရေး အခက်အခဲရှိသူများနှင့် စီးပွားရေး လုပ်ကိုင်ရန် မြေအခက်အခဲ ရှိသူများ ကို စဉ်စားဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
လှိုင်သာယာ စက်မှုဇုန် နာယက ဦးမြတ်သင်းအောင်က “တကယ် ရင်းနှီးမြှုပ်နှံသူကို ရောင်းပေးလိုက်တာ ကောင်းပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းရတာပေါ့။ မြေကို ရင်းနှီးမြှုပ်နှံတဲ့ သူဆိုတာ အမျိုးမျိုး ရှိတယ်။ စက်မှုဇုန်လိုဟာမျိုးဆို ပေးလို့ အဆင်ပြေတယ်။ ဟိုတယ်ကြီးတွေ ဆောက်မယ်၊ အိမ်ဆောက်မယ်ဆိုတာမျိုး၊ ပြန်ရောင်းရင် အကျိုးအမြတ်လည်း ရမယ်။ ဒါဆိုရင် တမျိုးပေါ့။ စက်ရုံလုပ်တဲ့သူကတော့ ပေးသင့်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စက်ရုံအလုပ်ရုံ တည်ဆောက်ရေး အတွက် မြေပေးမည်ဆိုလျှင် ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့် အလမ်းများ ရရှိနိုင်သောကြောင့် ကောင်းမွန်ကြောင်း၊ ပြည်တွင်း လုပ်ငန်းရှင်များအနေနှင့် ယှဉ်ပြိုင်ပြီး လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။
ဆက်လက်၍ ဦးမြတ်သင်းအောင်က “စက်မှုဇုန်တွေမှာ ခြောက်လလည်း မဟုတ်ဘူး။ ၁၀ နှစ်လောက်တောင် မလုပ်ဘဲ ထားတဲ့သူတွေ ရှိတယ်။ အစိုးရလည်း သိတယ်။ ကျနော်တို့လည်း ဖော်ပြထားတယ်။ ဒါကြောင့် မြေကို ပေးမည်ဆိုလျှင် မြန်မာပဲဖြစ်ဖြစ် နိုင်ငံခြားသားကိုပဲ ဖြစ်ဖြစ် စက်ရုံဆောက်ပြီးမှ ဂရမ် ထုတ်ပေး။ စက်ရုံဆိုတာလည်း အတိုင်းအတာ တခု ပေါ့။ ၃ ပုံ ၁ ပုံ၊ ၂၅ ရာခိုင်နှုန်းလောက် ဆောက်ပြီးမှ ပေးရမယ်။ စည်းကမ်းတွေ ချမှတ် ထားသင့်တယ်” ဟု ပြောသည်။
ရန်ကုန်မြိုတွင် သီလဝါ အထူးစီးပွားရေးဇုန် တခုနှင့် စက်မှုဇုန် ၂၉ ဇုန်ပြီး ယင်းဇုန်များထဲတွင် ယခု အစိုးရလက်ထက်တွင် သာမက ယခင် အစိုးရလက်ထက်များထဲကပင် လုပ်ငန်းရှင်များက မြေယူထားပြီး လုပ်ငန်း အကောင်အထည် မဖော်ဘဲ ထားရှိသည့် မြေများစွာ ရှိကြောင်း ပြည်တွင်း လုပ်ငန်းရှင်များထံက သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု အနေနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့ လုပ်ငန်းပေါင်း ၁၁၃ ခု အတည်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၂၀၁ ဒသမ ၀၂၂ သန်း ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ စာရင်းများတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အနေနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် လုပ်ငန်းပေါင်း ၁၈ ခုနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၃၁ ဒသမ ၉၇၈ ဘီလီယံ ခွင့်ပြုထားကြောင်း ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦးက ဆိုသည်။
လုပ်ငန်းများအနေနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ အိမ်ရာ အဆောက်အအုံ လုပ်ငန်းနှင့် အခြား ဝန်ဆောင်မှုလုပ်ငန်း ပါဝင်ပြီး နိုင်ငံအနေနှင့် တရုတ်နိုင်ငံမှ ၆၅ ခုနှင့် အများဆုံး ဝင်ရောက်ထား ကြောင်း ၎င်းက ပြောသည်။
ဆက်စပ်ဖတ်ရှုရန်
ဒလတံတား ရန်ကုန်ဘက် တည်ဆောက်ရေး သြဂုတ်လ အတွင်း စမည်
UK က Myanmar Net ကုမ္ပဏီတွင် ဒေါ်လာသန်း ၃၀ ခန့် ရင်းနှီးမြှုပ်နှံ
မြန်မာ့ အပြောင်းအလဲ အမေရိကန် လုပ်ငန်းရှင်များ စောင့်ကြည့်နေဟု ဆို