တရုတ်ခရီးသွား လာရောက်မှု ယမန်နှစ်ထက် ၂သိန်းနီးပါး တိုးလာ
တရုတ်နိုင်ငံ အပါအဝင် အာရှနိုင်ငံ တချို့ကို ပြီးခဲ့သည့်နှစ်မှ စ၍ ဆိုက်ရောက်ဗီဇာ ခွင့်ပြုခဲ့ပြီးနောက် တရုတ်ခရီးသွား လာ ရောက် လည်ပတ်သူဦးရေမှာ ယခင်နှစ်ထက် ၂ သိန်းနီးပါး တိုးတက်လာကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ ၆လအတွင်း လာရောက် လည်ပတ်သည် တရုတ်ခရီးသွားဦးရေ မှာ ၃၂၀,၈၈၂ အထိရှိ ကြောင်း၊ ယခင်နှစ်ထက် ၁၈၇,၁၈၅ ဦးရေအထိ တိုးတက်လာ ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ယခုနှစ်ဝက်အတွင်း မြန်မာနိုင်ငံသို့ ဗီဇာဖြင့် လာရောက်လည်ပတ်သော အမေရိက၊ ဥရောပ၊ အာရှနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံ မှ ကမ္ဘာ့လှည့်ခရီးသွားဧည့်သည်ပေါင်း ၉ သိန်းကျော် လာရောက်ခဲ့ပြီး၊ တရုတ်ခ ရီးသွားများမှာ ၃ သိန်းကျော် အထိ ပါဝင်သည်။
တရုတ်ခရီးသွားအပြင် ဆိုက်ရောက် ဗီဇာခွင့်ပြုထားသော ဂျပန်နှင့် ကိုရီးယား ခရီးသွားများမှာလည်း လေးသောင်းနီးပါး အထိ တိုးတက်လာခဲ့သည်။
ရခိုင်ပဋိပက္ခများ နှင့် နိုင်ငံရေး အခြေအနေများကြောင့် အနောက်နှင့် အာရှနိုင်ငံ တချို့၏ ခရီးသွားဝင် ရောက်မှု ကျဆင်း နေခြင်းကြောင့်၊ အစိုးရက အရှေ့မျှော်မူဝါဒကို ချမှတ်ခဲ့ရာ မြန်မာ့ခရီးသွားလုပ်ငန်းများအတွက် များစွာအထောက်အကူ ဖြစ်စေခဲ့ကြောင်း ခရီးသွားလုပ်ငန်းရှင်များက ဆိုကြသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသမှ လမင်းသစ်စားသောက်ဆိုင်လုပ်ငန်းရှင် ဦးခင်မောင်ထွေးက “ ကျနော်က တရုတ်ခရီး သွားက ဇီးရီုးဘတ်ဂျက်ဆိုတာတော့ လက်မခံဘူး။ သူတို့ ဝင်ရောက်လာတဲ့ အတွက် ခရီးသွားဒေသက လုပ်ငန်းတွေရော ဒေသခံတွေရဲ့ စီးပွားရေးကို အထောက်အကူ ဖြစ်တာတွေ ရှိပါတယ်။ သူတို့နဲ့ ချိတ်ဆက်ထားတဲ့ ဆိုင်တွေမှာပဲ စားကြ သောက်ကြတယ် ဆိုပေမယ့် အဲ့ဒီဆိုင်တွေက ဒေသခံတွေရဲ့ အသားငါးတွေပဲ ဝယ်ပြီးရောင်းရတာလေ” ဟု ဧရာဝတီသို့ ပြောသည်။
သို့သော် လတ်တလော မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြသော တရုတ်ခရီးသွားများသည် အခြေခံလူတန်းစား များ နှင့် အလယ်အလတ် လူတန်းစားများသာ ဖြစ်ခြင်းကြောင့် ယဉ်ကျေးမှုဒေသများ၏ သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာမှု အားနည်းကြောင်း ၎င်းက ဆိုသည်။
၎င်းက ဆက်လက်၍ “ ခရီးသွားတွေ ဝင်ရောက်လာ နေတဲ့အတွက် ခရီးသွားလုပ်ငန်း အဆင်ပြေတယ် ဆိုတာ ဆက်စပ် နေတဲ့ ဒေသခံတွေက ဥပမာ ကားမောင်းရတယ်၊ အလုပ်အကိုင် အခွင့်အလမ်းရ နေတယ်ပေါ့ အဲ့ဒါမျိုးဖြစ်နေမှ ခရီးသွား လုပ်ငန်းဟာ အဆင်ပြေတယ်လို့ ခေါ်တယ် ထင်တယ် ” ဟု သုံးသပ်ပြောဆိုသည်။
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ ကမူ အစိုးရအနေဖြင့် ခရီးသွား ဧည့်သည်များ တိုးတက်မှုနှင့် ပတ်သက်၍ ကြိုတင် ပြင်ဆင်ရာတွင် အားနည်းချက် များစွာရှိကြောင်း ပြောဆိုကြသည်။
လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၏ ခရီးသွားဒေသ တချို့ကို အများဆုံး ဝင်ရောက် လည်ပတ်လျက် ရှိသော တရုတ်လူမျိုးများ အတွက် လမ်းညွှန်ဆိုင်းဘုတ်များ၊ စည်းကမ်းသတ်မှတ်ချက် သတိပေးစာများ အပါအဝင် သန့်စင်ခန်း ဆိုင်းဘုတ်များ မှာ တရုတ်ဘာသာဖြင့် ရေးသား ဖော်ပြထားခြင်းမျိုး မရှိသေးကြောင်း ဟိုတယ်လုပ်ငန်းရှင် တဦးက ပြောဆိုသည်။
၎င်းက“ဝန်ကြီးဌာန အနေနဲ့ ဘာမှ ကြိုတင် ပြင်ဆင်ထားတာ ဘာမှ မတွေ့ရဘူး။ ဒီလို လမ်းညွှန် ဆိုင်းဘုတ်တွေမှာ တရုတ် စာနဲ့ မရှိတော့ သူတို့က တိတ်တိတ်ဆိတ်ဆိတ် နေရာမယ့် နေရာမျိုးမှာ စကားတွေ ကျယ်ကျယ်ပြောနေတာမျိုး ဖြစ်တာ ပေါ့ ဒါတွေက ခရီးသွားတွေကို အပြစ်ပြောလို့မရဘူး သူတို့ လိုက်နာရမယ့် ဟာတွေမှ မသိတာလေ”ဟု ပြော သည်။
တရုတ် ခရီးသွား ဝင်ရောက်မှု မြင့်တက်လာသော်လည်း တရုတ်ခရီးသွား အေးဂျင့် ကုမ္ပဏီများက ၎င်းတို့နှင့် ချိတ်ဆက် ထားသော သယ်ယူ ပို့ဆောင်ရေး ဝန်ဆောင်မှုများ၊ လိုင်စင်ရ ဧည့်လမ်းညွှန်များကို အသုံးမပြုခြင်း၊ လက်ဆောင် ပစ္စည်း ရောင်းဝယ်မှုများတွင် မြန်မာနိုင်ငံတွင် တရားဝင်သတ်မှတ်ထားခြင်းမရှိသော ငွေပေးချေသည့် စနစ်များ အသုံးပြုခြင်း၊ ခရီးသွားဇုန် ဝင်ကြေး လက်မှတ်များကို ခရီးသွား အချင်းချင်း လဲလှယ်ကာ ထပ်ဆင့် အသုံးပြုခြင်းများ ရှိနေခြင်း ကြောင့် နိုင်ငံတော်က ရသင့်ရထိုက်သော အခွန်အခများ ဆုံးရှုံးလျက်ရှိနေသည်။
ယင်းသို့သော ကိစ္စများကြောင့် တရုတ်ခရီးသွားများကို ဇီးရိုးဘတ်ဂျက်Tour ဟူ၍ မြန်မာ့ခရီးသွား လုပ်ငန်း အသိုင်းအဝိုင်း တွင် ခေါ်ဆိုလျက်ရှိကြသည်။
ထို့ကြောင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အနေဖြင့်လည်း တိုင်းနှင့် ပြည်နယ်များတွင် တရုတ်ခရီးသွားများ၏ လည်ပတ်သည့် ခရီးစဉ်များနှင့် ငွေကြေးသုံးစွဲမှုများကို စောင့်ကြည့် လေ့လာရေး အဖွဲ့များ ဖွဲ့စည်းကာ စောင့်ကြည့်လျက် ရှိသည်။
လက်ရှိတွင် တိုးတက်ဝင်ရောက်လာသော တရုတ်၊ ကိုရီးယား နှင့် ဂျပန် ခရီးသွားများအတွက် ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာန အပါအဝင် လုပ်ငန်းရှင်များ အနေဖြင့် ပြင်ဆင်ထားမှု အားနည်းချက်များရှိနေသေးကြောင်း မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်း၏ ဒုဥက္ကဋ္ဌ ဦးခင်အောင်ထွန်းက ပြောသည်။
၎င်းက ဆက်လက်ပြီး “လုပ်ငန်းရှင်တွေ ထဲမှာလည်း မပြင်ဆင်တာတွေ ရှိနေသေးတယ်။ ဒါကလည်း တဦးတယောက် ချင်းနဲ့ ဆိုင်တော့ မပြင်ထားတဲ့ သူကတော့ ကျန်ခဲ့မှာပဲလေ” ဟု ဆိုသည်။
ထို့အပြင် လာမည့် အောက်တိုဘာတွင် ဥရောပနိုင်ငံများအား ဆိုက်ရောက်ဗီဇာ ခွင့်ပြုမှုနှင့် ပုဂံယဉ်ကျေးမှု ဒေသကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဒေသ အဖြစ် သတ်မှတ် ခံရမှုများကြောင့် နိုင်ငံခြားသား ခရီသွားဝင်ရောက် တိုးတက် ဝင်ရောက်မှု များကိုလည်း ပြင်ဆင်ထားရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ဦးခင်အောင်ထွန်းက “ဝန်ကြီးဌာနရဲ့ ခရီးသွားမြှင့်တင်မှု အတွက် ယခုနှစ်သုံးစွဲမယ့် ဘတ်ဂျက်က တော်တော်လေး နည်း တာကို တွေ့ရတာတော့ စိတ်မကောင်းစရာဘဲ တကယ်ဆိုရင် ပုဂံယူနက်စကိုဝင်ရောက်မှုအရှိန်ယူပြီး နိုင်ငံခရီး သွားမြှင့် တင်မှုကို အရှိန်မြှင့်လုပ်ဆောင်သင့်တယ်” ဟု ဆိုသည်။
လက်ရှိအချိန်တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အနေဖြင့် မလေးရှားနိုင်ငံမှ လွဲ၍ ကျန်အာဆီယံ နိုင်ငံများနှင့် ဂျပန်၊ တောင်ကိုရီးယား၊ မကာအို၊ ဟောင်ကောင် နှင့် တရုတ်နိုင်ငံတိုကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုထားပြီး လာမည့် အောက် တိုဘာလတွင်လည်း စပိန်၊ အီတလီ၊ ဆွစ်ဇာလန်၊ ရုရှား၊ ဂျာမနီ နှင့် သြစတြေးလျ နိုင်ငံများကိုလည်း ဆိုက်ရောက်ဗီဇာ ခွင့်ပြုမည်ဖြစ်သည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ အကြီးတန်း အရာရှိတဦးက ခရီးသွား မြှင့်တင်ရေး လုပ်ငန်းများ နှင့် ယဉ်ကျေး မှု အမွေအနှစ်များနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို ဟန်ချက်ညီစေမည့် ဆောင်ရွက်များဖြင့် လုပ်ဆောင်သွား မည်ဟု ဧရာဝတီသို့ ပြောကြားထားဖူးသည်။
၂၀၁၉ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ မြန်မာနိုင်ငံသို့ လေကြောင်း၊ အပျော်စီးသင်္ဘော၊ နယ်စပ်ဝင်ပေါက်မှနေ၍ နိုင်ငံ အတွင်းပိုင်း ထိလာရောက်သူများ၊ ဗီဇာဖြင့် လာရောက်သူများ၊ နယ်စပ်တွင် ဝင်ရောက်သည့် ခရီးသွား ဦးရေ စုစုပေါင်း ၂ သန်း ကျော်အထိရှိပြီး ယခင်နှစ်ကထက် လူဦးရေ ၄ သိန်း ၂ သောင်းကျော် တိုးတက်လာကြောင်း သိရသည်။