စီးပွားရေး

ထိုင်း-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်မည်

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းသံအမတ် H.E.Mrs Suphatra Srimaitreephithak က ပြောသည်။

ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် Myanmar Insight Seminar 2019 နှင့် ပတ်သက်သည့် ဇူလိုင်၂၅ ရက်က သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

H.E.Mrs Suphatra Srimaitreephithak က“ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းသံရုံးနဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်း စီးပွားရေး လုပ်ငန်းရှင်များ အသင်း (TBAM) နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတွေ ကုန်သွယ်ရေး နဲ့ ရင်နှီး မြှုပ်နှံမှု အခွင့်အလမ်းတွေကို ထိုင်းနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေကို သိရှိနိုင်ဖို့ စဉ်ဆက်မပြတ် ကူညီဆောင် ရွက် ပေးလျက် ရှိပါတယ်”ဟု ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Central World ၌ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၃ ရက်တွင် ကျင်းပမည် ဖြစ် သည်။

ယင်းပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၏ ဒုဝန်ကြီး ဦးဆက်အောင်တို့က စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍ၊ အခွန်ဆိုင်ရာ ပြုပြင် ပြောင်းလဲ ခြင်း များ၊ ငွေကြေးမူဝါဒများ၊ ရင်းနှီးမြှုပ်နှံမှုများ အတွက် အခွင့်အလမ်းများ အပါအဝင် မြန်မာနိုင်ငံ၏ စဉ်ဆက် မပြတ် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းနှင့် Project Bank များအကြောင်း ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ လာရောက် တိုးချဲ့လုပ်ကိုင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံလိုသော ထိုင်းနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များကို Myanmar Insight Seminar 2019 ၌ နိုင်ငံခြား ရင်းနှီးမြှုုပ်နှံမှု ဆိုင်ရာ သတင်း အချက်အလက်များ နှင့် ရင်းနှီးမြှုပ်နှံသူ အသစ်များကိုလည်း ကောင်းစွာ ပြင်ဆင်ခွင့် ရရှိစေနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းစီးပွား ရေး လုပ်ငန်းရှင်အသင်း (TBAM) ၏ ဒုဥက္ကဋ္ဌ Mr.Nattawin Phongsphetrarat က ပြောသည်။

၎င်းက“နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုမြှင့်တင်ပေးရန်နှင့် ပိုမို တိုးတက်များပြားသော စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများကို နှစ်နိုင်ငံကြား ပိုမိုဆောင်ရွက်လာနိုင်ကြမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် Myanmar Insight Seminar ဆွေးနွေးပွဲများကို ၂၀၁၅ ခုနှစ်မှ စတင်ကာ ကျင်းပပြုလုပ်ခဲ့ပြီး ယခု အကြိမ် သည် လေးကြိမ်မြောက်ဖြစ်ကာ ပြီးခဲ့သည့် နှစ်တွင် ထိုင်းစီးပွားရေး လုပ်ငန်းရှင်ပေါင်း ၆၀၀ ကျော် အထိ တက် ရောက်ခဲ့ ကြောင်း TBAM အသင်းထံမှ သိရသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံပြီးလျှင် စတုတ္ထမြောက် အများဆုံး ရင်းနှီးမြှုပ်နှံမှုများ ပြု လုပ် နေသည့် နိုင်ငံတခု ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ခေတ္တ ညွှန်ကြားရေးမှူး ဦးသန့်စင်လွင်က ပြောသည်။

၎င်းက“ထိုင်းနိုင်ငံက စွမ်းအင်နဲ့ စက်မှုကဏ္ဍတွေမှာ အများဆုံး ဝင်ရောက် ရင်းနှီးမြှုပ်နှံနေတယ်။ သီလဝါ အထူးစီးပွား ရေးဇုန်မှာ ဆိုရင် စက်မှုကုန်ထုတ် လုပ်ငန်းတွေ များတယ်”ဟု ပြောဆိုသည်။

ထိုင်းနိုင်ငံသည် လက်ရှိ အချိန်ထိ မြန်မာနိုင်ငံတွင် လုပ်ငန်းပေါင်း ၁၀၀ ကျော်နှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံကျော် အထိ ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှွန်ကြားမှု ဦးစီးဌာနက ဖော်ပြသည်။

နှစ်နိုင်ငံ ကုန်သွယ်ရေးသည်လည်း ယခုနှစ် ပထမ ၆ လ အတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၅ ဘီလီယံ အထိ ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် ကာလတူ ပမာဏထက် အမေရိကန် ဒေါ်လာ ၂၁ သန်းကျော် တိုးမြှင့်လာလျက် ရှိကြောင်း ထိုင်းနိုင်ငံ၏ ကုန်သွယ်ရေး ဝန်ကြီး ဌာနထံမှ သိရသည်။

၂၀၁၈ ခုနှစ်တွင် ထိုင်း-မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၇ ဘီလီယံ အထိ ရှိခဲ့ ကြောင်း၊ ယခင် နှစ်ကထက် ၁၂ ဒသမ ၅၉ ရာခိုင်နှုန်း အထိ မြင့်တက်လာပြီး ထိုင်းနိုင်ငံမှ တင်ပို့သည့် ပို့ကုန်တန်ဖိုးသည် ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံအထိရှိကြောင်း၊ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်ပို့သည့် ပို့ကုန်တန်ဖိုးသည်လည်း အမေရိ ကန် ဒေါ်လာ ၃ ဘီလီယံ အထိရှိပြီး ယခင်နှစ်ကထက် ၂၁ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်းလည်း သိရသည်။

You may also like these stories:

ထိုင်း PTT နှင့် KBZ စက်သုံးဆီ သိုလှောင်ကန် နှင့် ဆီဆိုင်များ ပူးပေါင်း ရင်းနှီးမြှုပ်နှံမည်

မြန်မာနှင့်ထိုင်း ဟိုတယ်လုပ်ငန်းရှင်များ ဒေါ်လာ ၆၃ သန်းတန် စီမံကိန်း MOU ရေးထိုး

၂၀၂၆ တွင် ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေး နှစ်ဆတိုးရန် မျှော်လင့်

Loading