စီးပွားရေး

ရေနက်ဆိပ်ကမ်းသစ် တခု တည်ဆောက်ရန် ရန်ကုန်တိုင်းအစိုးရ စီစဉ်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြစ်အတွင်း ကုန်ချိန်များစွာ တင်ဆောင်သည့် သင်္ဘောကြီးများ ဆိုက်ကပ်နိုင်ရန်အတွက် ရေနက်ဆိပ်ကမ်းသစ် တခု တည်ဆောက်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီစဉ်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ဇူလိူင်လ ၂၄ ရက်က ရန်ကုန် ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံးတွင် ပြုလုပ်သော ရင်းနှီးမြှုပ်နှံမှု အစည်းအဝေးတွင် ပြောသည်။

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက “ရန်ကုန်မြစ်ထဲ မြစ်ဝမှာရှိတဲ့ မြစ်တွင်းရေနက်ဆိပ်ကမ်း တခု ဆောက်ဖို့ ပြင်ဆင်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး နယ်သာလန်နိုင်ငံရဲ့ အကူအညီနဲ့ Royal Hoskening ကုမ္ပဏီက အခုလောလောဆယ် လေ့လာ ဆန်းစစ်ချက်တွေကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ပင်လယ်ဘက်ကို ထွက်ခြင်းက မြေအောက်ကို ရေဆူးနက်တဲ့ သင်္ဘောကြီးတွေ ဝင်နိုင်ဖို့အတွက် ဆောင်ရွက်ခြင်း ဖြစ်တယ်”ဟု ပြောသည်။

ဆက်လက်၍ ဝန်ကြီးချုပ်က “ရန်ကုန်ဆိပ်ကမ်းကို ပင်လယ်ဘက်ကို ထွက်ချင်ပါတယ်။ ဒါပေမယ့် သင်္ဘောတွေက လိူင်းသိပ်ကြီးရင် ကုန်တင် ကုန်ချလုပ်ဖို့က တော်တော်ခက်တယ်။ ဒါကြောင့် သင်္ဘောငြိမ်ဖို့ မရှိတဲ့အတွက် ပင်လယ်ဘက်မှာ တည်ဆောက်ဖို့ဆိုရင် စရိတ်တော်တော်ကြီးမယ့် အခြေအနေဖြစ်တယ်။ ဒါကြောင့် ရန်ကုန်မြစ်၀ မြစ်ထဲမှာ တည်ဆောက်ဖို့ လေ့လာမှုတွေ လုပ်နေတယ်”ဟု ရှင်းပြသည်။

ယင်းအပြင် ရေနက်ဆိပ်ကမ်း တည်ဆောက်ရခြင်းမှာ ရန်ကုန်မြစ်ရေသည် အတက်၊ အကျကြမ်းသည့် အခြေအနေ ဖြစ်သဖြင့် နုံးပို့ချမှုလည်း ကြမ်းသောကြောင့် ရေနက်ဆိပ်ကမ်းတခု တည်ဆောက်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လေ့လာဆန်းစစ်ချက်များ ပြီးစီးပါက ပြည်ထောင်စု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့တို့မှ ပြန်လည်ဆန်းစစ်ပြီး ဆောင်ရွက်ရန် ဖြစ်နိုင်သည့် အခြေအနေရှိလျှင် ပရောဂျက် တခုအဖြစ် လွှတ်တော်တွင် ဆွေးနွေးတင်ပြ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားထားသည်။

သို့သော် ရေနက်ဆိပ်ကမ်း တည်ဆောက်မည့် နေရာနှင့် ကုန်ကျစရိတ်များ၊ ကုမ္ပဏီနှင့်မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်မည် စသည့် အသေးစိတ် အခြေအနေများကို ပြောကြားခဲ့ခြင်း မရှိသေးပါ။

၂၀၁၈ ခုနှစ် ဇွန်လအတွင်း ရန်ကုန်တိုင်း လွှတ်တော်တွင် ရန်ကုန် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်တိုင်း ဒေသကြီး ကော့မှူးမြို့နယ် သရက်တော ကျေးရွာနှင့် ကွမ်းခြံကုန်း မြို့နယ် တော်ခလူး ကျေးရွာကြားတွင် ဆိပ်ကမ်းသစ် ဆောက်လုပ်ရေး ဆွေးနွေးခဲ့ဖူးသည်။

သို့သော် ယင်းအဆိုပြုနေရာကို အများသဘောတူ မဖြစ်ခဲ့ဘဲ နေရာသစ် ထပ်မံရှာဖွေနေကြရာ တချို့က သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် အဆိုပြုဖူးသော ဧရာဝတီတိုင်း ငရုတ်ကောင်းဒေသကို ပြန်စဉ်းစားသင့်ကြောင်း ပြောဆိုလာသည်။

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က “အဲဒီနယ်သာလန် ကုမ္ပဏီက ရေးတဲ့ အစီရင်ခံစာ ဆရာဆီမှာ ရှိတယ်။ အဲဒီမှာက ရေတိမ်တယ်။ မြေတူးရမယ့် ပိုက်ဆံကိုက အများကြီး၊ ဒါကြောင့်မို့ ဆရာတို့ ဆိုလိုတာက ဟိုဘက် ရေနက်တဲ့ ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်းဆိပ်ကမ်း အဲဒီမှာ လုပ်သင့်တယ်လို့မြင်တယ်။ ဆရာဆီမှာ ရှိတဲ့ နယ်သာလန်ကုမ္ပဏီရဲ့ report ကို ဖတ်ကြည့်တော့ မြေတူးခချည်းပဲ သူတို့မှန်းတာ အမေရိကန် ဒေါ်လာ သန်း ၆၀၀ လောက် ကုန်မယ်လို့ ပြောတယ်”ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ရေနက်ဆိပ်ကမ်းတခု တည်ဆောက်ရန် လိုအပ်နေသည်မှာ မှန်ကန်သော်လည်း ကုန်ကျစရိတ်နှင့် နှိုင်းယှဉ်ပါက ရန်ကုန်မြစ်ထက် ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းဒေသဘက်တွင် လုပ်ဆောင်လျှင် ဒေသဖွံ့ဖြိုးမှုလည်း ရှိလာနိုင်သဖြင့် ယင်းနေရာတွင် လုပ်ဆောင်သင့်ကြောင်း ၎င်းက အကြံပြုသည်။

“ဒါက ပိုက်ဆံနဲ့ တွက်လိုက်ရင် လွယ်လွယ်လေးပဲ။ မြန်မာပြည်မှာ ပိုက်ဆံတွေက ပေါပေါရှိတာမှ မဟုတ်ဘဲ။ အကုန်လုံးက ခြွေတာနေရတာ။ အဲဒီတော့ သက်သာတဲ့ နေရာမှာ လုပ်မှာပေါ့။ ရန်ကုန်မှာက ဆူးလေသင်္ဘောဆိပ်ကလည်း နုံးမြေ အမြဲတမ်း တူးနေရတာ။ အဲဒါ တူးရလို့ဆိုပြီး သီလဝါကို ရွှေ့တယ်။ သီလဝါမှာလည်း တူးနေရတာပဲ။ ဒါကြောင့် ထပ်မတူးရမယ့်နေရာ တကယ့်အမှန်ဖြစ်တဲ့ ရေနက်ဆိပ်ကမ်းက ဧရာဝတီတိုင်း၊ ငရုတ်ကောင်းမှာ လုပ်ရင် အကောင်းဆုံးပဲ”ဟု ဒေါက်တာကျော်လတ်က ထောက်ပြပြောဆိုသည်။

ယခုလက်ရှိ ရန်ကုန်ဆိပ်ကမ်းတွင် ရေဆူးနက်သော သင်္ဘောကြီးများ အတွက် ရန်ကုန်မြစ်အတွင်း ဝင်ထွက်သွားလာရန် ခက်ခဲသည့်အပြင် ဆိပ်ကမ်းဧရိယာ တိုးချဲ့ရန်လည်း ခက်ခဲကြောင်း၊ သို့ဖြစ်ရာ ကုန်စည်သင်္ဘောကြီးများစွာ ဆိပ်ကမ်း ကုန်စည် ဖလှယ်နိုင်မည့် ရေနက်ဆိပ်ကမ်းတခုကို တည်ဆောက်သွားရန် အတွက် လေ့လာ ဆန်းစစ်မှုများပြုလုပ်နေခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံက သိရသည်။

ရေမြေအနေအထားအရ နုံးပို့ချမှုများသော ရန်ကုန်မြစ်သည် ကုန်ပစ္စည်းတန်ချိန် ၂ သောင်းမှ ၃ သောင်းအကြား တင်ဆောင်နိုင်သော ရေဆူးတိမ်သည့် သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်သည့် အနေအထားတွင် ရှိသည်။

မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများအားလုံးကို ပုဂ္ဂလိကသို့ ၁၉၉၆ ခုနှစ်မှ စတင်၍ ရင်းနှီးမြှုပ်နှံခွင့်ပေးခဲ့ပြီး မြန်မာ့ကမ်းရိုးတန်း ဒေသတွင် ဆိပ်ကမ်းပေါင်း ၉ ခုခန့် ရှိသည်။ ယင်းဆိပ်ကမ်းများအနက် ကုန်စည် ၉၀ ရာခိုင်နှုန်းခန့် စီးဆင်းနေသော ရန်ကုန်ဆိပ်ကမ်းမှာ ဖွံ့ဖြိုးတိုးတက်မှု အရှိဆုံးဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်

နတ္တလင်း စတိတ်ရှိုးပွဲ ဖျက်ဆီးခံရမှု၊ အမှုဖွင့်တိုင်သူ မရှိ၍ အရေးယူခြင်းမရှိသေး

ရန်ကုန် ဆိပ်ကမ်းသစ် ကမ္ဘာ့ရေကြောင်း ကြားခံဆိပ်ကမ်း ဖြစ်လာနိုင်

Did you find apk for android? You can find new Free Android Games and apps.
Loading