နိုင်ငံခြား အာမခံကုမ္ပဏီများထံမှ ပူးပေါင်းလုပ်ကိုင်ရေး အဆိုပြုချက်များကို မြန်မာနိုင်ငံရှိ အာမခံလုပ်ငန်း ကြီးကြပ်စစ်ဆေးရေး ဌာနခွဲက သုံးသပ်နေချိန်တွင် ပြည်တွင်း အကြီးဆုံး အာမခံကုမ္ပဏီ များကလည်း အခြေတည်စ အာမခံလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် နိုင်ငံခြား ကျွမ်းကျင်သူများနှင့် ပေါင်းကူး ချိတ်ဆက်လျှက် ရှိနေသည်။
၂ နှစ်ကာလ ကြန့်ကြာခဲ့ပြီးနောက် မြန်မာအစိုးရက ဧပြီလတွင် ပထမဆုံးအနေဖြင့် အသက်အာမခံ ဈေးကွက်ကို အာမခံကုမ္ပဏီများ စတင် လုပ်ကိုင်ရန် ခွင့်ပြုလိုက်သည်။ အာမခံလုပ်ငန်း ကြီးကြပ် စစ်ဆေးရေး ဌာနခွဲကို ကွပ်ကဲနေသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက နိုင်ငံခြားကုမ္ပဏီ ၅ ခုကို လိုင်စင်ချပေးခဲ့ရာ ၎င်းတို့မှာ အမေရိကန်နိုင်ငံမှ Chubb Tempest Reinsurance ၊ ဂျပန်နိုင်ငံမှ Dai Ichi အသက်အာမခံ လုပ်ငန်း၊ ဗြိတိန်နိုင်ငံမှ Prudential နှင့် ကနေဒါနိုင်ငံမှ ထုတ်လုပ်သူများ အသက်အာမခံလုပ်ငန်းတို့ ဖြစ်ကြသည်။
မကြာသေးမီ ရက်များအတွင်း Burma Bistro စားတော်ဆက်တွင် ကျင်းပသည့် IKBZ ၏ ရှင်းလင်းပွဲတွင် ၎င်းတို့ ကုမ္ပဏီသည် ဂျပန်ကုမ္ပဏီတခုနှင့် တချိန်က လက်ခံခဲ့သည့် ပူးတွဲ သဘောတူညီချက်အတိုင်း ကုမ္ပဏီ၏ အနည်းစု ရှယ်ယာထားရှိရန် အဆင့်မြှင့် ဆွေးနွေး ညှိနှိုင်းကြောင်း မန်နေဂျင်းဒါရိုက်တာ Anil Mancham က ပြောသည်။
အဆိုပါ ဂျပန်ကုမ္ပဏီဖြစ်သည့် မစ်ဆူရီစူမီတိုမို အာမခံကုမ္ပဏီ လီမိတက် (MSIG) သည် မြန်မာနိုင်ငံတွင် အတွေ့အကြုံတချို့ ရှိပြီးဖြစ်သည်။ ၎င်းကုမ္ပဏီသည် ရန်ကုန်ဆင်ခြေဖုံးရှိ သီလဝါ အထူးစီးပွားရေးဇုန်တွင် အသက်အာမခံ မဟုတ်သည့် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသော ဂျပန် ကုမ္ပဏီသုံးခုတွင် အပါအဝင်ဖြစ်သည်။ အခြား ဂျပန်အာမခံလုပ်ငန်း နှစ်ခုမှာ တိုကီယို ရေကြောင်းနှင့် နီချီဒိုမီး အာမခံလုပ်ငန်း၊ ဆမ်ပိုဂျပန် အာမခံလုပ်ငန်းတို့ ဖြစ်ကြသည်။
MSIG သည် ဂျပန်နိုင်ငံတွင် အကြီးဆုံး အာမခံလုပ်ငန်းတခု ဖြစ်ပြီး အရှေ့တောင်အာရှ အပါအဝင် နိုင်ငံတကာ ဈေးကွက် အများအပြားတွင် ထိုးဖောက်လုပ်ကိုင်လျှက် ရှိသည်။
“နိုင်ငံခြားကုမ္ပဏီတွေ ဈေးကွက်ဖွင့်ဖို့အတွက် ကျနော်တို့ အင်မတန် အထောက်အကူ ပြုနေပါတယ်။ နိုင်ငံခြား လုပ်ငန်းရှင်တွေက သူတို့ရဲ့စွမ်းရည်၊ ကျွမ်းကျင်မှုနဲ့ နိုင်ငံတကာ လုပ်ငန်းခွင် အကောင်းဆုံး အလေ့အကျင့်တွေ ယူဆောင်လာပြီးတော့ အရှိန်အဟုန်နဲ့ တိုးတက်လာမယ်လို့ ကျနော်တို့ ယုံကြည် ပါတယ်။ ဒါဟာ win-win အခြေအနေလို့ ကျနော်တို့မြင်ပါတယ်။ ပြည်တွင်း တိုးတက်မှု ခိုင်မာမှုနဲ့ အတူ နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းတွေကလည်း နိုင်ငံတကာက အကောင်းဆုံး အလေ့ အကျင့်ကို ကျနော်တို့ ထိတွေ့နိုင်အောင် ပေးစွမ်းမယ့် သဘောပါပဲ” ဟု Mancham က ဧရာဝတီသို့ ပြောသည်။
IKBZ ဒုတိယဥက္ကဋ္ဌ ဦးညိုမြင့်ကလည်း လှိုက်လှိုက်လှဲလှဲ သဘောတူထောက်ခံသည်။
“ကျနော်တို့မှာ ကိုယ်ပိုင်အရင်းအနှီးတွေ၊ နည်းပညာ အကူးအပြောင်းတွေ၊ အကြားအမြင်တွေ၊ အချိတ်အဆက်တွေ လိုအပ်ပါတယ်။ အဲဒီလေးခုဟာ နိုင်ငံတကာ မိတ်ဖက်အဖွဲ့တွေ ဆီက ကျနော်တို့ လိုအပ်နေတာတွေပါ။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေဆီကနေ ကျနော်တို့ အကျိုးအမြတ် ရပါတယ်။ ဘဏ္ဍာရေး (အရင်း) ပဲ ကျနော်တို့လိုတာ မဟုတ်ပါဘူး။ အတွေ့အကြုံနဲ့ နည်းပညာလည်း လိုပါတယ်” ဟု သူက ပြောသည်။
ကုမ္ပဏီများအနေဖြင့် ပြည်တွင်းပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်းချန်ထား၍ ၃၅ ရာခိုင်နှုန်းကို ပူးတွဲ အာမခံ လုပ်ငန်းအနေဖြင့် လုပ်ကိုင်နိုင်ကြောင်း အာမခံလုပ်ငန်း ကြီးကြပ်စစ်ဆေးရေး ဌာနခွဲ အတွင်းရေးမှူး ဦးဇော်နိုင်၏ အဆိုအရ သိရသည်။
နိုင်ငံခြားကုမ္ပဏီ ၆ ခုကျော်တို့သည် မြန်မာနိုင်ငံတွင် လုပ်ကိုင်ရန် ပူးတွဲလုပ်ငန်း အဆိုပြုလွှာများ တင်ပြထားသည်။ ယင်းကုမ္ပဏီများ၏ အမည်များကို ဦးဇော်နိုင်က ဧရာဝတီနှင့် ယခုလ အစောပိုင်းက တွေ့ဆုံရာတွင် ထုတ်ဖော် ပြောကြားခြင်း မရှိသော်လည်း လာမည့်လတွင် ယင်းအဆိုပြုလွှာများကို ခွင့်ပြုချက် ချပေးနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
ဂျပန်ကုမ္ပဏီတခုနှင့် ပူးပေါင်း လုပ်ကိုင်နေသော ဧရာမြန်မာ အာမခံလုပ်ငန်းမှ အမှုဆောင်ဒါရိုက်တာ ဦးမျိုးမင်းသူက “နိုင်ငံခြားကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှု တွေကြောင့် ပြည်တွင်းကုမ္ပဏီတွေ ပိုကြီးထွား လာတော့မှာပါ။ အဲဒါကနေ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးပြီးတော့ နိုင်ငံ့စီးပွားရေးထဲ ရောက်လာမှာပါ” ဟု ဧရာဝတီသတင်းဌာနသို့ ယခင်က ပြောကြားခဲ့ဖူးသည်။
မြန်မာနိုင်ငံရှိ အာမခံလုပ်ငန်း
Burma Bistro တွင် ကျင်းပခဲ့သည့် အခမ်းအနားတွင် မြန်မာနိုင်ငံ၌ လက်ရှိနှင့်အနာဂတ် အာမခံ လုပ်ငန်း ဈေးကွက်အတွက် IKBZ ၏ ပြည်တွင်း လေ့လာတွေ့ရှိချက်များကို ရှင်းပြခဲ့သည်။
“ကျနော်တို့ Customer တွေနဲ့ ပတ်သက်ပြီး ပိုသိလာအောင် ဒီစစ်တမ်းကို ကောက်ယူခဲ့ပါတယ်။ ဘဏ္ဍာရေးကဏ္ဍ အပေါ်မှာ သူတို့အမြင်တွေ၊ သူတို့စိုးရိမ်မှုတွေ၊ သူတို့သိထားတဲ့ အာမခံလုပ်ငန်း အကြောင်းတွေကို ကောက်ယူခဲ့တာ ဖြစ်ပါတယ်” ဟု ဦးညိုမြင့်က ရှင်းပြခဲ့သည်။
ယင်းစစ်တမ်းတွင် နိုင်ငံတဝန်း ပြည်နယ် ၇ ခုမှ ပါဝင်ဖြေဆိုသူ ၁၀၀၀ ရှိပြီး ဖြေဆိုသူ ၁၇ ရာခိုင်နှုန်းသာ အာမခံလုပ်ငန်း သဘောသဘာဝနှင့် အကျွမ်းတဝင်ရှိကြောင်း တွေ့ရှိရသည်။ ယင်း ၁၇ ရာခိုင်နှုန်းမှအပ ကျန် ၆၀ ရာခိုင်နှုန်းမှာ အာမခံအမျိုးအစားများ ဝယ်ယူရေး စိတ်ပါဝင်စားကြောင်း ပြသကြပြီး အများစုမှာ အသက်အာမခံ အမျိုးအစားကို စိတ်ပါဝင်စားကြသည်။
လတ်တလော အနေအထားတွင် မြန်မာနိုင်ငံ၌ ပြည်တွင်းကုမ္ပဏီ ၁၉ ခုက အထွေထွေနှင့် အာမခံလုပ်ငန်း လုပ်ကိုင်လျှက်ရှိကြသည်။
“ကျနော်တို့နံပါတ် ၁ ဦးစားပေးတာက မြန်မာစားသုံးသူတွေကို အောက်ခြေအထိ ပညာပေးဖို့ လုံလောက်တဲ့ ဝန်ထမ်းဦးရေ ရှိဖို့ပါ။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေကို အာမခံ ဗဟုသုတပေးဖို့ ကျနော်တို့ လိုပါတယ်” ဟု Mancham က ပြောသည်။
စစ်တမ်း ကောက်ယူမှုတွင် ပါဝင်ဖြေဆိုသူ ၇၀ ရာခိုင်နှုန်းမှာ မြို့ပြနေထိုင်သူများ ဖြစ်ကြပြီး ၃၀ ရာခိုင်နှုန်းမှာ ကျေးလက် ဒေသမှဖြစ်သည်။ ဖြေဆိုသူများသည် အမျိုးသားနှင့် အမျိုးသမီးများအကြား ကွာဟမှု ရှိလင့်ကစား တိုင်းပြည်၏ လူဦးရေအချိုးအစား အလိုက် အသက်အရွယ် ပျံ့နှံနေထိုင်မှုမှာ ထင်ဟပ်မှုရှိသည်။
ကံအကြောင်းတရားများ
စိတ်ပါဝင်စားမှုနှုန်း အနေဖြင့် ပါဝင်ဖြေဆိုသူ ၂၂ ရာခိုင်နှုန်းမှာ အာမခံဝယ်ယူခြင်း၏ အဓိက အကြောင်းတရား အနေဖြင့် ကိုးကွယ်ယုံကြည်မှုနှင့် ကံကို အခြေခံသည့် ရပ်တည်ချက်များကို ထောက်ပြ ဖြေဆိုကြသည်။ သို့မဟုတ် “ဖြေတဲ့သူ တော်တော်များများက ကံကို ယုံကြတယ်။ အာမခံတော့ မဟုတ်ဘူး” ဟု Mancham က ကောက်ချက်ချသကဲ့သို့ပင် ဖြစ်သည်။
“တချို့က အာမခံထားမယ့်အစား ဘုန်းကြီးလှူလိုက်တာ၊ ဒါမှမဟုတ် တခြားဒါနတခုခု ပြုလိုက်တာမျိုး လုပ်ချင်ကြတယ်” ဟု IKBZ ၏ ဈေးကွက်နှင့် ဆက်သွယ်ရေးမှူး Marc Bakker က ပြောသည်။ အပြန်အလှန်အားဖြင့် မမြင်ရသေးသော ဘေးအန္တရာယ် လျော့ပါးစေရန် လုပ်ဆောင်ခြင်းသည် အတိတ်ဘဝက မကောင်းမှုများကြောင့် ထိရောက်စွာ ဒဏ်ခတ်ခြင်းမှ ရှောင်လွှဲနိုင်အောင် ကံကြမ္မာကို လှည့်စားသည့် အယူအဆမျိုး ရှိနေကြသည်။
“ဒါပေမယ့် အာမခံလုပ်ငန်း ဆိုတာဟာ ခင်ဗျားကိုယ်ကို ကာကွယ်ဖို့မဟုတ်ဘူး။ ခင်ဗျား သံယောဇဉ်ရှိတဲ့ သူတွေကို ကာကွယ်ဖို့ပါ။ ခင်ဗျား အတိတ်ဘဝက လုပ်ခဲ့တာတွေကြောင့် အာမခံအတွက် ပေးကိုပေးရမယ့် သဘောမဟုတ်ပါဘူး” ဟု Bakker က ပြောသည်။
အာမခံသည် ရောင်းချရန် ခဲယဉ်းနေဖွယ် မရှိပေ။ စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ အများစု၏ စိုးရိမ်မှုမှာ ၎င်းတို့ အကျိုးစီးပွားအတွက် အခြေခံ စေ့ဆော်ပေးသည့် အချက်အနေဖြင့် ၎င်းတို့ မိသားစုဝင်များ လူမှုဘ၀ အကာအကွယ် ပြုရေးနှင့် ပိုမိုကောင်းမွန်ရေးတို့ကို ထောက်ရှုကြသည်။
“မြန်မာနိုင်ငံမှာ မိသားစုအပေါ် အဓိက အာရုံစိုက်တယ်ဆိုတာ ရှင်းပါတယ်၊ ကိုယ့်ကိုယ်ကိုယ်ထက် မိသားစုကို ဦးစားပေးတာက ပိုများတယ်” ဟု စစ်တမ်း ကောက်ယူမှုများကို အခြေခံသည့် အစီရင်ခံစာက ဆိုသည်။
ဖြေဆိုသူ ၃၃ ရာခိုင်နှုန်းက အာမခံ ထားရှိရေးကိစ္စမှာ ရှုပ်ထွေးလွန်းသည်ဟု ယုံကြည်ထားကြကြောင်း ဆိုထားသည်။ ကျေးလက်နှင့် မြို့ပြလူဦးရေ ကွာဟချက် များပြားသော်လည်း ယင်းအုပ်စု နှစ်စုစလုံး၏ တုန့်ပြန် ဖြေဆိုချက်များမှာ စစ်တမ်းမေးခွန်း အများစုတွင် တိုက်ဆိုင်နေကြသည်။
“မြို့ပြနဲ့ ကျေးလက်အကြား ကွာဟချက်က ကျနော်တို့မှန်းတာထက် နည်းနည်းပဲ ကွာပါတယ်။ မိသားစု၊ ပညာရေး စသည်ဖြင့် သူတို့အားလုံး ထပ်တူနီးပါး ဦးစားပေးကြတာ တွေ့ရပါတယ်” ဟု Bakker က ပြောသည်။
“ဒီဈေးကွက် ဖွံ့ဖြိုးလာခြင်းဟာ မြန်မာ့စီးပွားရေး တိုးတက်မှုနဲ့ တဦးချင်း သက်သာချောင်ချိရေးကို ပံ့ပိုးပေးနိုင်ပါတယ်” ဟု မြန်မာ့ စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (Myanmar Centre for Responsible Business) ဒါရိုက်တာ ဗစ်ကီဝိုးမန်းက ပြောသည်။ ၎င်းဌာနသည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အာရုံစိုက်လျှက် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း အလေ့အကျင့်များ အားပေးသည့် ဌာနဖြစ်သည်။ ဗစ်ကီဝိုးမန်းက လက်လီ အာမခံဈေးကွက်သည် တဦးချင်းစီအတွက် စွန့်စားရမှု အနည်းဆုံးဖြစ်ကြောင်း တိုက်တွန်းထားသည်။
“မြန်မာနိုင်ငံရဲ့ အာမခံလုပ်ငန်း ဈေးကွက်ထဲမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အတွက် တာဝန်ယူမှုရှိတဲ့ အဓိက စီးပွားရေး စိန်ခေါ်မှုကတော့ အိမ်၊ ခြံ၊ မြေ အေးဂျင့်တွေနဲ့ ဘဏ်လုပ်ငန်း ကဏ္ဍတို့လို ဝန်ဆောင်မှု ကဏ္ဍတွေ ဖြစ်ပါတယ်။ အဲဒါတွေမှာ သင့် ဖောက်သည် သင် သိပါ Know your customer (KYC) စွန့်စားမှုတွေ ရှိနိုင်ပါတယ်” ဟု ကော်ပိုရိတ် (စီးပွားရေး) အာမခံ အလေ့အကျင့် အတွက် ပိုမိုအရေးကြီးကြောင်း ၎င်းက ပြောကြားသည်။
လမ်းပွင့်လာစေဖို့ အကြောင်း
ဒေသတွင်း နိုင်ငံအတော်များများ အကြား နိုင်ငံ့ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) တွင် အာမခံဈေးကွက် ပါဝင်မှုနှုန်း ကွဲပြားခြားနားလျက် ရှိသည်။ အာဆီယံ နိုင်ငံအများစု အတွက် အာမခံလုပ်ငန်းသည် စုစုပေါင်း GDP ၏ ၃ နှင့် ၈ ရာခိုင်နှုန်းအကြားတွင် ရပ်တည် ပါဝင်နေသည်။
အာမခံသည် လတ်တလော မြန်မာနိုင်ငံ GDP သို့ (ဝ.၈) ရာခိုင်နှုန်းသာ ပါဝင်နိုင်သေးသည်။
အာမခံ လုပ်ငန်းဈေးကွက်တွင် ကျပ်ငွေ ၁ ဒသမ ၇၅ ထရီလီယံ ဖြစ်အောင် လုပ်ခြင်းဖြင့် လာမည့် နှစ်တွင် ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးလာနိုင်ကြောင်း IKBZ စီမံချက်များက အကြံပြုထားသည်။
နှစ်စဉ် ၈ ရာခိုင်နှုန်းဖြင့် မြန်မာ့အထွေထွေ GDP တိုးတက်မှုနှုန်းသည် ဒေသတွင်း၌ အမြင့်ဆုံး ဖြစ်နေရာ ယင်းကိန်းဂဏန်းသည် မဝေးလှသော အနာဂတ်တွင် သိသိသာသာ တက်လာနိုင်ဖွယ် ရှိသည်။
“ဒေသတွင်း ပျမ်းမျှနှုန်းလောက် နီးနီး တက်ဖို့ ရှိနေတာကြောင့် လာမယ့် ၁၀ နှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ အာမခံ လုပ်ငန်းကဏ္ဍဟာ နှစ်ဆ ဒါမှမဟုတ် သုံးဆလောက် ပမာဏ ကြီးလာနိုင်ပါတယ်။ မိသားစု ပျမ်းမျှဝင်ငွေ တိုးတက်လာတာ ကျနော်တို့ မြင်နေရတဲ့အတွက် အချိန်နှင့်အမျှ လူလတ်တန်းစား ပမာဏအားလုံး အာမခံ ပိုထားလာနိုင်မယ့် သဘော ရှိပါတယ်” ဟု Bakker က မှတ်ချက်ချသည်။
ကမ္ဘာ့ဘဏ်၏ အဆိုအရ လက်ရှိမြန်မာ့ GDP သည် ဒေါ်လာ ၇၀ ဘီလီယံအောက် ရှိနေသည်။ အာရှ ဖွံ့ဖြိုးရေးဘဏ်မှ ခန့်မှန်းချက်များနှင့် McKinsey Global Institute တို့မှ အကြံပြုချက်များအရ ထို GDP ပမာဏသည် ၂၀၃၀ ပြည့်နှစ် အရောက်တွင် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံ ရှိလာလိမ့်မည်ဟု ဆိုသည်။
“မြန်မာနိုင်ငံရဲ့ အာမခံ ဈေးကွက်တက်လာဖို့ အသင့်ဖြစ်နေပါပြီ” ဟု Bakker က ပြောသည်။
(Danny Fenster ၏ Foreign Partners Poised to Aid Growth in Myanmar’s Life Insurance Sector ကို ဆီလျော်အောင် ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန်
Master ၊ Visa ၊ UPI ၊ JCB ကတ်များ ပြည်တွင်းငွေပေးချေ အသုံးပြုခြင်း ဗဟိုဘဏ် သတိပေး
ပြည်ပက မျက်နှာသစ် ပြိုင်ဘက်များ ဝင်လာတော့မည့် ပို့ကုန်ကဏ္ဍ
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အတွက် ရန်ကုန်တိုင်းအစိုးရက မြေထုတ်ရောင်းမည်