လက်ရှိဘဏ္ဍာရေးနှစ်၏ ပထမ ၉ လအတွင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး အချက်အခြာ နေရာဖြစ်သော ရန်ကုန်တွင် အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူ ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေး ဦးစီးဌာန (DICA) ၏ အဆိုအရ သိရသည်။ တရုတ်နိုင်ငံသည် မြန်မာတနိုင်ငံလုံးတွင် ဒုတိယအကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူလည်း ဖြစ်နေပြီး ဖြစ်သည်။
စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးမည့် လက်ရှိ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဇူလိုင်လ ၂၄ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးသည် ပြည်ပရင်းနှီးမြှုပ်နှံမှု စီမံကိန်း စုစုပေါင်း ၁၁၃ ခုကို ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်းနှင့် ၎င်းတို့အနက် ၆၅ ခုမှာ တရုတ်ကုမ္ပဏီများ ဖြစ်ကြောင်း DICA ၏ ရန်ကုန်တိုင်းရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦးက လွန်ခဲ့သောတပတ် ဗုဒ္ဓဟူးနေ့က ပြောသည်။
“တရုတ်က အများဆုံးပဲ” ဟု ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (YRIC) ၏ အတွင်းရေးမှူးလည်း ဖြစ်သော ဦးမျိုးခိုင်ဦးက ပြောသည်။ သို့သော် မည်သည့် စီးပွားရေးကဏ္ဍသည် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အများဆုံးရသည်ကို သူက ထုတ်ဖော် ပြောကြားခြင်း မပြုပေ။
ထိုတရုတ် စီမံကိန်းများအပြင် တိုင်းဒေသကြီး အစိုးရသည် ဟောင်ကောင်မှ စီမံကိန်း ၁၇ ခု၊ အိန္ဒိယနှင့် ထိုင်ဝမ်မှ ၆ ခုစီ၊ ဂျပန်မှ ၄ ခု၊ စင်ကာပူနှင့် ဗြိသိသျှ ဗာဂျင်ကျွန်းစုမှ ၃ ခုစီနှင့် တခြားနိုင်ငံမှ စီမံကိန်း ၉ ခုကိုလည်း ခွင့်ပြုခဲ့သည်။ ထိုနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀၁.၀၂၂ သန်း (ကျပ် ၃၀၃.၈၃ ဘီလျံ) တန်ဖိုးရှိကြောင်း YRIC ၏ အဆိုအရသိရသည်။
အားလုံး ခြုံငုံသုံးသပ်ရပါက ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွား ကဏ္ဍ၊ အိမ်ခြံမြေနှင့် ငါးလုပ်ငန်း ကဏ္ဍများသည် ထိုကာလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး ဆွဲဆောင်နိုင်သောကဏ္ဍများ ဖြစ်သည်။
ရန်ကုန်တိုင်းအစိုးရသည် မေလက ရန်ကုန်ရင်းနှီးမြှုပ်နှံမှု ညီလာခံ ၂၀၁၉ ကို ကျင်းပခဲ့ပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအား စီမံကိန်း ၈၀ ကျော်ကို ပြသခဲ့သည်။ ထိုညီလာခံတွင် မြန်မာအစိုးရသည် ရန်ကုန်၏ သေနင်္ဂဗျူဟာ ကျသော တည်နေရာ၊ အခြေခံ အဆောက်အအုံ တိုးတက်မှုနှင့် ထွန်းသစ်စ အလုပ်သမား အင်အားစုတို့ကို မီးမောင်းထိုးပြကာ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ခဲ့သည်။
နိုင်ငံ၏ တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် အသေးငယ်ဆုံး ဖြစ်သော်လည်း ရန်ကုန်တိုင်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းနီးပါး ရရှိပြီး မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု (GDP) ၏ လေးပုံတပုံနှင့် ညီမျှသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သည် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က စတင်သော ယခုဘဏ္ဍာရေးနှစ် အတွင်း ဒေါ်လာ ၂ ဘီလျံ တန်ကြေးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၂၀၇ ခုကို ခွင့်ပြုခဲ့သည်။ MIC ၏ အဆိုအရ ရန်ကုန်သည် ၂၀၁၁-၁၂ မှ ၂၀၁၈-၁၉ ဘဏ္ဍာရေး နှစ်များအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ၂၂ ဘီလျံရရှိခဲ့သည်ဟု သိရသည်။
တရုတ်နိုင်ငံသည် ရည်မှန်းချက် ကြီးမားလှသော ရပ်ဝန်းနှင့်လမ်း အစီအစဉ် (BRI) အရ ရန်ကုန်တွင်သာမက တနိုင်ငံလုံးတွင်လည်း ရေနက်ဆိပ်ကမ်းတခု၊ မြို့သစ်များ၊ စက်မှုဇုန်များ၊ နယ်စပ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဇုန်များနှင့် မြန်နှုန်းမြင့် ရထားလမ်းများအပါအဝင် ဒေါ်လာ ဘီလျံများစွာ တန်သည့် စီမံကိန်းများ အကောင်အထည်ဖော်ရန် စီစဉ်နေသည်။
မြန်မာနိုင်ငံသည် တရုတ်-မြန်မာ စီးပွားရေးစြင်္ကန် (CMEC) ထူထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ပြီးနောက် လွန်ခဲ့သော နိုဝင်ဘာမှစတင်ပြီး BRI အစီအစဉ်၏ တရားဝင် အဖွဲ့ဝင် ဖြစ်လာသည်။ ကီလိုမီတာ ၁၇၀၀ ရှည်လျားသည့် ထိုစီးပွားရေးစြင်္ကန်သည် မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးမှ အရှေ့တောင်ဘက်တွင် မြန်မာ့စီးပွားရေး အချက်အခြာ ရန်ကုန်နှင့် အနောက်ဘက်ရှိ ကျောက်ဖြူ အထူးစီးပွားရေးဇုန် အထိ ဖြတ်သန်းသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်၏ သင်္ကေတ နိုင်ငံခြားရေးမူဝါဒ အစီအစဉ်ဖြစ်သော BRI သည် ၂၀၁၃ ခုနှစ်က စတင် ကြေညာခဲ့ပြီး ထိုစဉ်က ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ်ဟု ခေါ်ခဲ့သည်။ ထိုအစီအစဉ်တွင် တရုတ်မှ ဗဟိုအာရှ၊ အရှေ့အလယ်ပိုင်းနှင့် ရုရှားတို့ကိုဖြတ်သန်းပြီး ဥရောပနှင့် ဆက်သွယ်မည့် ကားလမ်းများ၊ ရထားလမ်းများနှင့် ရေကြောင်းလမ်းများ၏ ကွန်ရက်တခု ပါဝင်ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေးမည်ဟု မျှော်လင့်ရသည်။
CMEC သည် ၂၀၁၆ ခုနှစ်ကစတင်ပြီး စီးပွားရေး နှေးကွေးသည့်ကာလအပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရခေတ်အတွင် နိုင်ငံသို့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အများဆုံး စီးဝင်ခြင်းကို ဖန်တီးပေးမည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ FDI မှာ ၂၀၁၅-၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉.၅ ဘီလျံရှိရာမှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၆.၆ ဘီလျံသို့ လည်းကောင်း ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်က ဒေါ်လာ ၅.၆ ဘီလျံသို့ လည်းကောင်း သိသိသာသာ ကျဆင်းသွားခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ အကျပ်အတည်းကြောင့် နိုင်ငံ၏ပုံရိပ်ကို ထိခိုက်ပြီး အနောက်တိုင်း ရင်းနှီးမြှုပ်နှံသူများ ကျောခိုင်းသွား သောကြောင့် ဖြစ်သည်။
လွန်ခဲ့သောနှစ် အောက်တိုဘာလကမူ MIC မြန်မာရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (MIPP) ကို စတင်ခဲ့ပြီး နောင်လာမည့်နှစ် ၂၀ အတွင်း တာဝန်သိသော စီးပွားရေးလုပ်ငန်းများထံမှ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ဘီလျံ ၂၀၀ ဆွဲဆောင်ရန် ရည်မှန်းသည်။
MIPP အရ မြန်မာနိုင်ငံသည် ၂၀၁၀-၂၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ် အတွင်း ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈.၅ ဘီလျံ ၊ ၂၀၂၆-၂၇ မှ ၂၀၃၀-၃၁ ဘဏ္ဍာရေး နှစ်များအတွင်း ဒေါ်လာ ၁၂.၃ ဘီလျံနှင့် ၂၀၃၁-၃၂ မှ ၂၀၃၅-၃၆ ဘဏ္ဍာရေး နှစ်များအတွင်း ဒေါ်လာ ၁၇.၆ ဘီလျံ ရရှိမည်ဟု မျှော်လင့်ထားသည်။
BRI သည် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံ လိုအပ်ချက်ကို ဖြည့်ဆည်းမည့် အခွင့်အလမ်း ဖြစ်သည်ဟု ဇန်နဝါရီလ နှောင်းပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီး ဦးသောင်းထွန်းက ပြောသည်။ မြန်မာနိုင်ငံသည် BRI သဘောတူညီချက်အရ အာရှ သယ်ယူပို့ဆောင်ရေး အချက်အခြာ ဖြစ်လာနိုင်ပြီး နိုင်ငံအားလုံးသည် BRI မှ အကျိုးခံစား ရနိုင်ကြောင်းလည်း သူကပြောသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွက် ဒုတိယအကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရင်းမြစ်နှင့် ထိပ်တန်း ကုန်သွယ်ဖက်မှာ တရုတ်နိုင်ငံဖြစ်သည်။ ၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ အထိ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ဘီလျံ ၂၀ ကျော်ရှိပြီး နိုင်ငံ၏ စုစုပေါင်း FDI ၏ ၂၆ ရာခိုင်နှုန်း နီးပါးဖြစ်သည်။
(Nan Lwin ၏ China Leads Investment in Yangon ကို ဆီလျော်အောင် ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန်
မြန်မာတွင် တရုတ် ရင်းနှီးမြှုပ်နှံမှု ၂ ဆ တက်လာ
မြန်မာ့ အသက်အာမခံကဏ္ဍ တိုးတက်ရန် နိုင်ငံခြား စီးပွားရေးမိတ်ဖက်များ အသင့်ဖြစ်နေ
ဂျပန်နှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရန် ပြပွဲ ကျင်းပမည်