တရုတ်ဗဟိုဘဏ်သည် တနင်္လာနေ့က ယွမ်ငွေကို နိုင်ငံရေးအရ ထိခိုက်လွယ်သည့် တဒေါ်လာ ၇ ယွမ်အထိ ဈေးချပေးလိုက်ပြီး ထို့အတွက် ဝါရှင်တန်နှင့် ကုန်သွယ်ရေးတင်းမာမှုများ ပိုမိုကြီးမားလာနိုင်သည်။
တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးပိုငွေနှင့် နည်းပညာမူဝါဒများအပေါ် ရင်ဆိုင်ရာတွင် တရုတ်မှ သွင်းကုန်များကို ထပ်မံအခွန်မြှင့်တင်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ လွန်ခဲ့သောအပတ်က ခြိမ်းခြောက်မှုအပြီး ယွမ်ငွေသည် တဒေါ်လာလျှင် ၇.၀၂၀၄ ယွမ်အထိ အားပျော့သွားသည်။
ယွမ်ငွေအားပျော့ခြင်းသည် ဝါရှင်တန်နှင့် တရုတ်အကြား တင်းမာမှုများကို ဖြစ်စေသည့် အမေရိကန်နိုင်ငံ၏ မကျေနပ်ချက်များအနက် တခုဖြစ်သည်။ ထိုသို့ငွေကြေးအားပျော့ခြင်းကြောင့် တရုတ်ပို့ကုန်များသည် တန်ဖိုး လွန်စွာ ကျနေပြီး ပြည်ပမှ ယှဉ်ပြိုင်သူများကို ထိခိုက်စေကာ တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးပိုငွေကို ပိုမိုကြီးထွားစေသည်။
တရုတ်ဗဟိုဘဏ်သည် ယွမ်ငွေလဲလှယ်နှုန်းကို နံနက်တိုင်းသတ်မှတ်ပြီး တနေ့တာအတွင်း ယွမ်ငွေဖြင့် ဒေါ်လာပေါက်ဈေးကို ၂ ရာခိုင်နှုန်း အတက်အကျခွင့်ပြုသည်။ တရုတ်ဗဟိုဘဏ်သည် ဈေးနှုန်း ပြောင်းလဲမှုကို ထိန်းချုပ်ရန် ငွေကြေးရောင်းဝယ်နိုင်သည် သို့မဟုတ် ကူးသန်းရောင်းဝယ်ရေးဘဏ်များအနေဖြင့် ထိုသို့လုပ်ရန် ညွှန်ကြားနိုင်သည်။
တရုတ် ဗဟိုဘဏ်အနေဖြင့် ယွမ်ငွေတန်ဖိုး တည်ငြိမ်အောင် ထိန်းထားရန် အရေးပေါ် လိုအပ်သည်ဟု မမြင်ကြောင်းနှင့် တဒေါ်လာ ၇ ယွမ်နှုန်းသည် ခံစစ်စည်း မဟုတ်တော့ကြောင်း VM Markets မှ စတီဖင် အင်းနက်က သတင်းတခုတွင် ပြောသည်။
တဒေါ်လာလျှင် ၇ ယွမ်နှုန်းသည် စီးပွားရေးအရ ထူးခြားမှု သိပ်မရှိသော်လည်း ငွေလဲနှုန်းနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံက ပြန်လည်အာရုံစိုက်လာနိုင်စေသည်။
တရုတ်ဗဟိုဘဏ်က ထိုသို့ငွေကြေးတန်ဖိုးကျဆင်းရခြင်းသည် တဖက်သတ်ဝါဒနှင့် ကုန်သွယ်ရေးတွင် ကိုယ်ကျိုးစီးပွား ကာကွယ်မှုကြောင့်ဖြစ်သည်ဟု ထရမ့်၏ အခွန်တိုးမြှင့်ခြင်းကို ရည်ရွယ်ပြောကြားသည်။ သို့သော် တဒေါ်လာ ၇ ယွမ်ကျော်သွားခြင်းကို အရေးမပါသကဲ့သို့ ပြောသည်။
“၎င်းသည် ပုံမှန်ဈေးနှုန်း အတက်အကျသာ ဖြစ်သည်” ဟု တရုတ်ဗဟိုဘဏ်၏ ကြေညာချက်တွင် ဖော်ပြသည်။
ထရမ့်က အခွန်တိုးမြှင့်ခြင်းကြောင့် စီးပွားရေးတိုးတက်မှု လျော့ကျသွားစေမည်ဟူသည့် စိုးရိမ်မှုများက ယွမ်ငွေ ဈေးကျအောင် ဖိအားပေးနေသည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနသည် မေလက တရုတ်နိုင်ငံကို ငွေကြေးဈေးကစားသူအဖြစ် သတ်မှတ်ရန် ငြင်းဆန်ခဲ့သော်လည်း တရုတ်နိုင်ငံကို အနီးကပ်စောင့်ကြည့်နေကြောင်းပြောသည်။
ပို့ကုန်များကို ပြည်ပတွင် ဈေးသက်သာစေရေးအတွက် ငွေတန်ဖိုးလျှော့ချခြင်းပြုမည် မဟုတ်ကြောင်း တရုတ်ခေါင်းဆောင်များက ကတိပေးထားသည်။ သို့သော် လုပ်ထုံးလုပ်နည်းကြီးကြပ်သူများသည် အစိုးရ ထိန်းချုပ်သည့် ငွေလဲနှုန်းအား ဈေးကွက်အင်အားစုများကို ပိုမို တုံ့ပြန်နိုင်စေရန် ကြိုးစားနေကြသည်။
ရင်မင်ဘီဟု လည်း ခေါ်ကြသည့် ယွမ်ငွေသည် ဖေဖေါ်ဝါရီလက တဒေါ်လာလျှင် ၆.၆၈၆၂ ယွမ်အထိ ရှိနေရာက ယခု ၄ ရာခိုင်နှုန်း ကျဆင်းသွားသည်။
ထိုသို့ ကျဆင်းသောကြောင်း ကုန်တင်ပို့သူများသည် ထရမ့်က တရုတ်ကုန်စည် ဘီလျှံပေါင်းများစွာအပေါ် ချမှတ်သော ၂၅ ရာခိုင်နှုန်းအခွန်ကို ကာမိနိုင်အောင် အထောက်အကူပြုမည်ဖြစ်သည်။ သို့သော် ထိုသို့ဖြစ်ခြင်းကြောင့် အမေရိကန်နိုင်ငံဖက်က မကျေနပ်မှုများကိုလည်း ဖြစ်စေနိုင်သည်။
ထရမ့်သည် တရုတ် ကုန်စည် နောက်ထပ် ဒေါ်လာ ၃၀၀ ဘီလျှံဖိုးအပေါ် အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံသည့် စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည့် အစီအစဉ်ကို ကြာသပတေးနေ့က ကြေညာလိုက်သောကြောင့် ဘဏ္ဍာရေးဈေးကွက်အတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။ ယခုအခါ တရုတ်မှ တင်သွင်းသည့် ကုန်စည်အားလုံးနီးပါး အမေရိကန်၏ တိုးမြှင့်သော အခွန်စနစ်တွင် ပါဝင်သွားပြီ ဖြစ်သည်။
အားပျော့သောယွမ်ငွေသည် နှေးကွေးနေသော စီးပွားရေးတိုးတက်မှုနှုန်းကို ကျားကန်ရန် ဘေ့ဂျင်း၏ အားထုတ်မှုအတွက်လည်း အထောက်အကူပြုသည်။ ထိုသို့လုပ်ခြင်းကြောင့် ကမ္ဘာ့ဒုတိယ အကြီးမားဆုံးစီးပွားရေးဖြစ်သည့် တရုတ်နိုင်ငံမှ ငွေရင်းစီးထွက်မှုကို အားပေးခြင်းဖြင့် ငွေချေးယူမှုစရိတ်များကို မြင့်မားသွားစေသည်။
တရုတ်ဗဟိုဘဏ်သည် ကုန်သည်များအနေဖြင့် ယွမ်ငွေရောင်းရန်ဝယ်ရန်ကန်ထရိုက်စာချုပ်အတွက် စဘော်ငွေတင်ရမည်ဟု စည်းကမ်းထုတ်ပြန်ခြင်းဖြင့် ငွေကြေးဈေးကစားခြင်းကို တားဆီးရန် လွန်ခဲ့သောသြဂုတ်လက ကြိုးစားခဲ့သည်။ ထိုသို့လုပ်ဆောင်သောကြောင့် ငွေကြေးကုန်သွယ်မှု ဆက်လက်ရှိနေသေးသော်လည်း ကုန်ကျစရိတ်မြင့်မားစေသည်။
ကိုးကား ။ ။ AP, Reuters
ဆက်စပ်ဖတ်ရှုရန်
အခွန်ရှောင်သော တရုတ် ပို့ကုန်လမ်းကြောင်းများကို ဗီယက်နမ်နှိမ်နင်း
မြန်မာတွင် တရုတ် ရင်းနှီးမြှုပ်နှံမှု ၂ ဆ တက်လာ
အမေရိကန် ကုမ္ပဏီတွေကို Huawei နဲ့ ပြန်လည် ကုန်သွယ်ခွင့် ပြုလိုက်ပြီ