တရုတ်ယွမ်ငွေတန်ဖိုးကျသွားသည့်အတွက် တရုတ်မှ တင်သွင်းနေသော စားတော်ပဲ (ကနေဒါ) သည် ရက်ပိုင်းအတွင်း တစ်အိတ်လျှင် ကျပ် ၁သောင်းခန့် ဈေးပြုတ်ကျသွားကြောင်း မန္တလေးပဲနှမ်းဈေးကွက် အတွင်းမှ သတင်းရရှိသည်။
“တရုတ်ငွေဈေးကျသွားတာရော၊ အဝင်များလာတာကြောင့် ဈေးက ဒီလောက်အထိပြုတ်ကျသွားတာ” မန္တလေးမြို့မှ ပဲကုန်သည်ဦးမောင်ဌေးက ဧရာဝတီကို ပြောသည်။
ကနေဒါနိုင်ငံမှ ထွက်ရှိသော စားတော်ပဲအား တရုတ်ပြည်ဘက်မှတဆင့် မန္တလေးဈေးကွက်သို့ နယ်စပ် လမ်းကြောင်းဖြင့် ပြီးခဲ့သော ဇူလိုင်လကုန်ပိုင်းက စတင်ဝင်ရောက်လာခဲ့ရာ ထိုအချိန်က သုံးတင်းဝင် တအိတ်လျှင် ၈၂,၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ရာ ယနေ့တွင် ၇၂,၀၀၀ ဝန်းကျင်အထိ ဈေးကျသွား ခဲ့သည်ဟု ပဲကုန်သည်များထံမှ သိရသည်။
တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ပွဲ၏ နောက်ဆက်တွဲအဖြစ် တရုတ်က ၎င်း၏ ငွေကြေးတန်ဖိုးအား ယခု သီတင်းပတ်မှ စတင်ကာ လျှော့ချသတ်မှတ်ခဲ့ရာ ယနေ့တွင် တစ်ဒေါ်လာလျှင် တရုတ်ယွမ် ၇.၀၉ ရှိကာ မြန်မာငွေ ကျပ်တသိန်းလျှင် တရုတ်ယွမ် ၄၆၉ ဝန်းကျင်အထိ ဈေးကျလာသည်ဟု နိုင်ငံခြားငွေ လဲလှယ်ရေးဈေးကွက်အတွင်းမှ သိရသည်။
ယွမ်တန်ဖိုးကျဆင်းသည်နှင့်အတူ ပြီးခဲ့သည့်လပိုင်းက ကနေဒါမှစားတော်ပဲအား တရုတ်နိုင်ငံမှ တဆင့် မြန်မာသို့ တင်သွင်းရန် တရုတ်ဘက်မှ ယာယီပိတ်ထားသောလည်း ဇူလိုင်လကုန်ပိုင်းက ပြန်လည်ဖွင့် ပေးခဲ့ပြီးနောက် တရုတ်နယ်စပ်မှ မန္တလေး ဈေးကွက်သို့ ပစ္စည်း တောက်လျောက် ဝင်လာခဲ့သည့် အတွက်ကြောင့်လည်း ယခုလိုဈေးကျဆင်းရခြင်းဖြစ်သည်ဟု ပဲကုန်သည်များက ပြောသည်။
ကနေဒါစားတော်ပဲသည် ပြည်တွင်းပဲစက်များက လုပ်ငန်းသုံးအဖြစ် ကုလားပဲအစားထိုး ကြိတ်ခွဲအသုံးပြု ကြပြီး ပြည်တွင်းမှ ထွက်ရှိသော စားတော်ပဲထက် ဈေးသက်သာခြင်း၊ အလုံးအဆံကြီးခြင်းတို့ကြောင့် အသုံး များသည့် ပဲအမျိုးအစားတစ်ခုဖြစ်ကြောင်း သိရသည်။
ကနေဒါစားတော်ပဲက ပြီးခဲ့သည့်နှစ်က ကနေဒါမှတဆင့် ရန်ကုန်သို့ သဘောၤဖြင့် တင်ပို့ခဲ့ကြသော်လည်း ယခုနှစ်အတွင်း အစိုးရက ကနေဒါစားတော်ပဲတန်ချိန် ၅ သောင်း တင်သွင်းခွင့်ပြုခဲ့ရာ ပြည်တွင်း ပဲစိုက်တောင်သူနှင့် ကုန်သည်အများစုက ပြည်တွင်းဈေးကွက် အကာအကွယ်ပေးရန် ကန့်ကွက်ကြသဖြင့် ရေကြောင်းမှ မဝင်လာဘဲ တရုတ်ပြည်မှ နယ်စပ်လမ်းကြောင်းဖြင့် မန္တလေးသို့ ဝင်ရောက်ခြင်း ဖြစ်သည်ဟု ကုန်သည်များထံမှ သိရသည်။
ဈေးကွက်အလားအလာအရ ပြည်တွင်းသုံးအားရှိသောသီးနှံဖြစ်ကာ ဈေးပြုတ်ကျသွားသဖြင့် ထပ်ကျနိုင် မည့်အခြေအနေရှိ၊မရှိ စောင့်ကြည့်နေကြသဖြင့် အရောင်းအဝယ်အေးနေခြင်းဖြစ်ပြီး သုံးတင်းဝင်တအိတ် လျှင် ၇ သောင်းဝန်းကျင်အထိ ဈေးကျနိုင်ခြေရှိဦးမည်ဟု ကုန်သည်များက ခန့်မှန်းကြသည်။
မန္တလေးဈေးကွက်မှ တရုတ်သို့ အဓိကတင်ပို့ရောင်းချနေသောသီးနှံများမှာ ပဲတီစိမ်း၊ ပဲရင်း၊ ပဲဆံနှင့် နှမ်း အမျိုးမျိုးတို့ဖြစ်ပြီး လက်ရှိဈေးကွက်အနေအထားအရ အရောင်းအဝယ်ပုံမှန်သာရှိကြောင်း ဈေးကွက် အတွင်းမှ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
တဒေါ်လာ ၇ ယွမ်အထိ တရုတ်ငွေတန်ဖိုး ကျဆင်း
ရန်ကုန် ရင်းနှီးမြှုပ်နှံမှုတွင် တရုတ်ဦးဆောင်
နေပြည်တော်ရှိ ဟိုတယ်လုပ်ငန်းများ အရှုံးနှင့် ဆက်လက် ရုန်းကန်နေရ