အာမခံလုပ်ငန်း ကဏ္ဍတွင် ပြည်တွင်း ကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်မည့် နိုင်ငံခြား အာမခံ ကုမ္ပဏီများကို ထပ်မံ ခွင့်ပြု ခဲ့ရာ ဂျပန်ကုမ္ပဏီ အများဆုံး ပါဝင်ကြောင်း သိရသည်။
ပြည်တွင်း၌ အသက်အာမခံ လုပ်ငန်းနှင့် အထွေထွေအာမခံ လုပ်ငန်းများတွင် ပြည်တွင်း ပြည်ပ ဖက်စပ် လုပ်ကိုင်ခွင့်ကို ကုမ္ပဏီ ၆ ခုအား ယခုနှစ် ဇူလိုင်လကုန်ပိုင်းမှ စတင်၍ ခွင့်ပြုလိုက်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ် ပြန်ထားသည်။
ယင်းသို့ ခွင့်ပြုလိုက်သော ပြည်တွင်း အာမခံ ကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ကိုင်ကြမည့် ဖက်စပ်ကုမ္ပဏီများတွင် ဂျပန် ကုမ္ပဏီ ၅ ခုနှင့် အများဆုံး ပါဝင်နေပြီး ထိုင်းကုမ္ပဏီ ၁ ခုလည်း ပါဝင်နေသည်။
အသက် အာမခံလုပ်ငန်းတွင် ဂျပန် အာမခံကုမ္ပဏီများ ဖြစ်သော Taiyo Life အာမခံ ကုမ္ပဏီ၊ Nippon Life အာမခံ ကုမ္ပဏီ နှင့် ထိုင်းကုမ္ပဏီ Thai Life အာမခံကုမ္ပဏီတို့က ပြည်တွင်းကုမ္ပဏီများ ဖြစ်သော Capital အသက်အာမခံ ကုမ္ပဏီ၊ Grand Guardian အသက် အာမခံကုမ္ပဏီနှင့် Citizen Business အာမခံ ကုမ္ပဏီတို့နှင့် ဖက်စပ်လုပ်ကိုင်ကြမည် ဖြစ်သည်ဟု ဆိုသည်။
အထွေထွေ အာမခံလုပ်ငန်းတွင် ဂျပန်ကုမ္ပဏီများ ဖြစ်သော Sompa Japan Nipponkoa အာမခံကုမ္ပဏီ၊ Tokia Marine and Nichida Fire အာမခံကုမ္ပဏီနှင့် Mitsui Sumitomo အာမခံကုမ္ပဏီတို့က ပြည်တွင်း အာမခံကုမ္ပဏီများ ဖြစ်သော AMI (AYA Myanmar) အာမခံကုမ္ပဏီ၊ IKBZ အာမခံကုမ္ပဏီနှင့် Grand Guardian (GGI) အာမခံကုမ္ပဏီတို့က ဖက်စပ် လုပ်ကိုင်ကြမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့ အာမခံလုပ်ငန်းတွင် နှစ်၂၀ ကျော် လုပ်ကိုင်ခဲ့ဖူးသော ဒေါက်တာ မောင်မောင်သိမ်းက“ဒီလိုမျိုးတွေ ဝင်လာတာ အာမခံဈေးကွက် အတွက် အားရှိစေတယ်ပေါ့။ သို့သော်လည်း အာမခံဈေးကွက်က ချက်ချင်းကြီး ပြောင်းလဲမှာတော့ မဟုတ်ဘူး။ ကောင်းလာဖို့ အတွက် ဦးတည်နေပြီလို့ ပြောလို့ရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍“ချက်ချင်း မကောင်းဘူး ဆိုတာက ဒီမှာ အာမခံနဲ့ ပတ်သက်တဲ့ အသိပညာက အရမ်းအားနည်း နေ တယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ အာမခံထားနိုင်တဲ့ လူအရေအတွက် ကလည်း နည်းနေသေးတယ်။ ငွေကြေး ပိုလျှံတဲ့ သူတွေလောက်ပဲ ထားနိုင်သေးတာလေ”ဟု ပြောဆိုသည်။
ဂျပန် အာမခံ ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ကိုယ်စားလှယ်ရုံးခွဲ လာရောက် ဖွင့်လှစ်ထားခြင်း၊ နည်း ပညာနှင့် လုပ်ငန်းပိုင်း ဆိုင်ရာ လုပ်ဆောင်မှုများတွင် စည်းစနစ် ကျကျ လုပ်ဆောင်ခြင်းကြောင့် အခြားနိုင်ငံမှ အာမခံ ကုမ္ပဏီများ ဝင်ရောက်လာခြင်းထက် ဂျပန်ကုမ္ပဏီ အများအပြား ဝင်ရောက်လာခြင်းက အာမခံ ဈေးကွက်အတွက် ပို ကောင်းစေကြောင်း ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။
ယင်းသို့ နိုင်ငံခြားကုမ္ပဏီများကို အာမခံ လုပ်ငန်းများတွင် ခွင့်ပြုပေးလိုက်ပြီဖြစ်သော်လည်း အာမခံထုတ်ကုန်အသစ်များ လုပ်ဆောင်ခြင်းများ နှင့် လုပ်ငန်းဆောင်ရွက်မှုများကို အတင်းအကြပ် ထိန်းချုပ်မထားဘဲ စိစစ်ကာ ခွင့်ပြုပေးရန် လိုအပ် ကြောင်း ပုဂ္ဂလိက အာမခံကုမ္ပဏီ တခုမှ တာဝန်ရှိသူ တဦးက ဆိုသည်။
ယင်းသို့ နိုင်ငံခြားကုမ္ပဏီများ ဝင်ရောက်လာခြင်းကြောင့် ပြည်တွင်း လူဦးရေ၏ ၁ ရာခိုင်နှုန်းသာ ရှိနေသေးသော မြန်မာ့ အာမခံ ဈေးကွက်ကို ပိုမိုဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ပြီး နိုင်ငံခြားကုမ္ပဏီများနှင့် ဖက်စပ်ကုမ္ပဏီများသည်လည်း အာမခံ ဝန်ဆောင်မှု မရရှိသေးသော ဈေးကွက်ကိုသာ အဓိကထား ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
အစိုးရ အနေဖြင့် ပြည်တွင်းအာမခံ ဈေးကွက် ဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် ပြီးခဲ့သည့် ဧပြီလအတွင်း အမေရိကန် နှင့် ဂျပန်နိုင်ငံတို့မှ ထိပ်တန်း အာမခံကုမ္ပဏီများ အပါအဝင် နိုင်ငံခြား အာမခံကုမ္ပဏီ ၅ ခုအား ပြည်တွင်း၌ အသက် အာ မခံ ဝန်ဆောင်မှုကို ရာနှုန်းပြည့် လုပ်ကိုင်ခွင့် စတင် ခွင့်ပြုခြင်း ဖြစ်သည်။
လတ်တလောတွင် မြန်မာ့ အာမခံဈေးကွက် အတွင်း၌ ဝန်ဆောင်မှုပေးမည့် နိုင်ငံခြားကုမ္ပဏီနှင့် ပြည်တွင်း ကုမ္ပဏီများ စုစုပေါင်း ၂၅ ခု အထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
ဂျပန် အာမခံကုမ္ပဏီ Sompa Japan Nipponkoa နှင့် ဖက်စပ် လုပ်ကိုင်မည့် AMI ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုး မင်းသူက“နိုင်ငံခြား ကုမ္ပဏီတွေနဲ့ JV (ဖက်စပ်) လုပ်ကြမှာ ဖြစ်တဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ၊ သူတို့ ထည့် ဝင်မယ့် မတည် ရင်းနှီးငွေကြောင့် ပြည်တွင်း ကုမ္ပဏီတွေလည်း ပိုပြီး ကြီးထွားလာမယ်”ဟု ဧရာဝတီသို့ ပြောဆိုထား သည်။
လက်ရှိ အချိန်တွင် ပုဂ္ဂလိက အာမခံကုမ္ပဏီများမှ မီးအာမခံ၊ ခရီးသွား အာမခံ၊ ကား အာမခံ၊ ကျန်းမာရေး အာမခံနှင့် အသက် အာမခံများ အပါအဝင် အာမခံ အမျိုးအစားပေါင်း ၁၅ ခုကျော် လုပ်ကိုင်လျက် ရှိသည်။
ပြည်တွင်း အာမခံ ဈေးကွက်တွင် အသက်အာမခံ ဝန်ဆောင်မှုကို အနည်းငယ်သာ စိတ်ဝင်စားပြီး အထွေထွေ အာမခံ ဝန် ဆောင်မှုများ ဖြစ်သော ကားအာမခံ၊ မီးအာမခံ ဝန်ဆောင်မှုများကိုသာ အများပြည်သူ အနေဖြင့် အများဆုံး အာမခံ ထားလေ့ ရှိကြောင်း ပုဂ္ဂလိက အာမခံ ကုမ္ပဏီများက သိရသည်။
ဆက်စပ် ဖတ်ရှုရန် – မြန်မာ့ အသက်အာမခံကဏ္ဍ တိုးတက်ရန် နိုင်ငံခြား စီးပွားရေးမိတ်ဖက်များ အသင့်ဖြစ်နေ