မြန်မာနိုင်ငံ၏ အကြီးမားဆုံး လုပ်ငန်းစုကြီးများအနက် တခု၏ ပိုင်ရှင်နှင့် သြဇာကြီးမားသော မြန်မာ လုပ်ငန်းရှင် သူဌေးတဦးဖြစ်သည့် ဆာ့ဂျ်ပန်း ခေါ် ဦးသိမ်းဝေသည် စင်ကာပူအခြေစိုက် CHOSON Exchange က စီစဉ်သည့် အပြန်အလှန် ဖလှယ်ရေး အစီအစဉ်အရ လတ်တလောတွင် မြောက်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသည်။ CHOSON Exchange သည် ကမ္ဘာတဝှမ်းမှ ပညာရှင်များနှင့် မြောက်ကိုရီးယား တက္ကသိုလ် ကျောင်းသားများ၊ အဖွဲ့အစည်းများနှင့် အရာရှိများကို ဆက်သွယ်ပေးနေသော အဖွဲ့အစည်းဖြစ်သည်။
ဦးသိမ်းဝေ၏ Yoma Strategic Group သည် မြန်မာနိုင်ငံနှင့် စင်ကာပူ စတော့အိတ်ချိန်းများတွင် စာရင်း သွင်းထားပြီး မော်တော်ယာဉ် ထုတ်လုပ်ရေး၊ ဘဏ္ဍာရေး ဝန်ဆောင်မှု၊ အိမ်ခြံမြေ တည်ဆောက်ရေး၊ နည်းပညာ၊ ဆောက်လုပ်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍများတွင် လုပ်ကိုင်နေသည်။
CHOSON Exchange အင်တာနက် စာမျက်နှာ၏ အဆိုအရ ထိုတပတ်ကြာ အလုပ်ရုံဆွေးနွေးပွဲကို “ပြုံယမ်း မြို့ပြ တီထွင်ဆန်းသစ်မှု ရက်သတ္တပတ်အဖြစ် အမည်ပေးထားပြီး အထီးကျန် မြောက်ကိုရီးယားနိုင်ငံ၏ မြို့တော်တွင် သြဂုတ်လ ၃ ရက်မှ ၁၀ ရက်အထိ ကျင်းပနေသည်။
နိုင်ငံတကာအပစ်ပယ်ခံ မြောက်ကိုရီးယားသည် တရုတ်၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ တောင်ကိုရီးယား၊ ဥရောပသမဂ္ဂနှင့် သြစတြေးလျ အပါအဝင် ကမ္ဘာတဝှမ်းမှ နိုင်ငံများစွာ၏ ပိတ်ဆို့အရေးယူမှုများကို ခံနေရသည်။
ထိုအင်တာနက်စာမျက်နှာ၏ အဆိုအရ CHOSON Exchange သည် စီးပွားရေးမူဝါဒနှင့် မြောက်ကိုရီးယား လူငယ်များအတွက် စီးပွားရေးနှင့်ဥပဒေ လေ့ကျင့်ပေးရေးကို အာရုံစိုက်သည်။
ထိုအဖွဲ့က Facebook တွင် တင်သည့် စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဂျော့ယို ဆွေးနွေးပွဲတွင် ပါဝင် ဆွေးနွေးနေသည့် ဓာတ်ပုံတွင် ထိုဆွေးနွေးပွဲ အလယ်၌ ဦးသိမ်းဝေထိုင်နေသည်ကို တွေ့ရသည်။
ထိုပုံကို ဖော်ပြသည်စာတွင် “ဂျော့ယိုနှင့် အခြား ဦးဆောင် ဆွေးနွေးသူများသည် ယခုတပတ်အတွင်း ကောင်းမွန်သော အုပ်ချုပ်ရေး၊ စေ့စပ်ညှိနှိုင်းမှုနှင့် မူဝါဒချမှတ်ရာတွင် ခက်ခဲသော ရွေးချယ်မှုများတို့ကို ကင်အီဆွန်း တက္ကသိုလ်၊ ပူဆန်ပြည်ပရေးရာ လေ့လာရေးတက္ကသိုလ် (တောင်ကိုရီးယား) နှင့် အသစ်တဖန် ပြန်လည် ဖွင့်လှစ်သည့် နိုင်ငံတကာ ဆက်ဆံရေးအကယ်ဒမီတို့မှ ကျောင်းသူကျောင်းသားများနှင့် ပါမောက္ခများတို့ ဆွေးနွေးခဲ့သည်။
ဆွေးနွေးသော အကြောင်းအရာများတွင် ဖွံ့ဖြိုးတိုးတက်မှုအပေါ် အဂတိလိုက်စားမှု၏ သက်ရောက်မှုများ၊ စင်ကာပူတွင် ငြီးငွေ့စရာနည်းအောင် လုပ်ဆောင်ခြင်းနှင့် ရည်မှန်းချက်များ ပြောင်းလဲလာချိန်တွင် ပြည်သူများ၏ စိတ်ခွန်အားကိုဖြစ်စေခြင်း၊ ကိုရီးယား ကျွန်းဆွယ်၏ အနာဂတ်နှင့် စေ့စပ်ညှိနှိုင်း အပေးအယူ ပြုလုပ်ခြင်းဖြင့် ငြိမ်းချမ်းရေး ရရှိအောင်လုပ်ဆောင်ခြင်း၏ အရေးပါမှု စသည်ဖြင့် ကျယ်ပြန့်သော အကြောင်းအရာများ ပါဝင်သည်” ဟု ဖော်ပြထားသည်။
ယိုနှင့် ဆာ့ဂျ်ပန်းတို့သည် ရန်ကုန်မြို့တော်ပိုင် ရန်ကုန်မြို့သစ် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက် (NYDC) တွင် ဒါရိုက်တာအဖွဲ့ဝင်များ ဖြစ်ကြသည်။ NYDC သည် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ၏ ရည်မှန်းချက် ကြီးမားသော ရပ်ဝန်းနှင့်လမ်း အစီအစဉ်၏ အစိတ်အပိုင်း ဖြစ်သည့် ရန်ကုန်မြစ် အနောက်ဖက်ကမ်းရှိ မြေဧက ၂ သောင်းတွင် ရန်ကုန်မြို့သစ် တည်ဆောက်မည့် စီမံကိန်းကို အဓိက လုပ်ဆောင်မည့် ကုမ္ပဏီဖြစ်သည်။
ထိုစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံတန် ကနဦး မူဘောင် သဘောတူညီချက်တရပ်ကို NYDC နှင့် တရုတ်အစိုးရပိုင် China Communications Construction Company, Ltd. (CCCC) တို့ လက်မှတ် ရေးထိုးထားပြီး CCCC သည် ထိုစီမံကိန်းအတွက် အခြေခံ အဆောက်အအုံများကို တည်ဆောက်ရမည် ဖြစ်သည်။
CCCC သည် အနည်းဆုံး အာဖရိကနှင့် အာရှ ၁၀ နိုင်ငံတွင် အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှု များအတွက် စွပ်စွဲခံထားရပြီး ထိုနိုင်ငံများတွင် ဖိလစ်ပိုင်မှ ဘင်္ဂလားဒေ့ရှ်နှင့် တန်ဇန်းနီးယားအထိ ပါဝင်သည်။
ယိုတင်သော ဓာတ်ပုံအရ ဆာ့ဂျ်ပန်းသည် ခရီးသွာလုပ်ငန်းနှင့် ဆက်စပ်သည့် အခြေခံ အဆောက်အအုံများ အကြောင်း ဆွေးနွေးသည်ဟု သိရသည်။
ရက်သတ္တပတ်ကုန်တွင် ဆာ့ဂျ်ပန်းနှင့် CHOSON Exchange မှ ကိုယ်စားလှယ်များသည် မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ရီကီလ်ဆောင်နှင့် ကမ္ဘောဒီးယား၊ ဗြိတိန်နှင့် တရုတ်နိုင်ငံတို့မှ သံအမတ်ကြီးများနှင့် တွေ့ဆုံခဲ့သည်။
CHOSON Exchange သည် စိတ်ပါဝင်စားသူများကို ပြုံယမ်းသို့ ပိ့ုဆောင်ရေးအတွက် တဦးလျှင် ယူရို ၁၉၀၀ (အမေရိကန်ဒေါ်လာ ၂၁၂၇.၇၄) ကောက်ခံသည်။ ထိုငွေတွင် လေယာဉ်လက်မှတ်၊ သယ်ယူပို့ဆောင်ရေး၊ အစားအသောက်၊ စကားပြန်နှင့် တည်းခိုစရိတ်များ ပါဝင်သည်။
Yoma Strategic Group မှ ကိုယ်စားလှယ်များကို အင်္ဂါနေ့မွန်းလွဲပိုင်းက ဆက်သွယ်ခဲ့ရာ တစုံတရာ ဝေဖန် ပြောကြားခြင်း မရှိပေ။
(Moe Myint ၏ Myanmar Tycoon Serge Pun Joins Panel in North Korea ကို ဆီလျော်အောင် ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန်
ရန်ကုန်မြို့သစ်သည် ချေးငွေနှင့် ဝန်ပိစေမည့် စီမံကိန်း မဟုတ်ဟု ဆို
Yoma က YKKO ၏ အစုရှယ်ယာ ၆၅ ရာခိုင်နှုန်း ဝယ်ယူ
ရန်ကုန်မြို့သစ် စီမံကိန်း စတင်ရန် အတွက် အဆိုပြုလွှာ ခေါ်ယူ