ပြည်တွင်း ရွှေဈေးနှုန်းသည် ယခုရက်ပိုင်း အတွင်း ကျပ် ၁၂ သိန်းကျော် အထိ စံချိန်ချိုး မြင့်တက်ခဲ့ကြောင်း ရွှေဈေးကွက် အတွင်းက စုံစမ်း သိရှိရသည်။
ပြီးခဲ့သည့် ဇွန်၊ ဇူလိုင် လများတွင် ရွှေဈေးသည် ကျပ် ၁၀ သိန်းကျော် ၁၁ သိန်းဝန်းကျင်တွင် ရှိနေရာမှ သြဂုတ်လ ၇ ရက် ညနေပိုင်းမှစ၍ ကျပ် ၁၂ သိန်းအထိ မြင့်တက်လာခြင်း ဖြစ်သည်။
ယနေ့ ရွှေဈေးသည် အကယ်ဒမီ အခေါက်ရွှေ ၁၆ ပဲရည်ပြည့် ၁ ကျပ်သားလျှင် ကျပ် ၁၂ သိန်း ၅ ထောင်ကျော်၊ ၁၅ ပဲ ရည် ပြည့် ရွှေ ၁ ကျပ်သားလျှင် ကျပ် ၁၁ သိန်း ၂ သောင်းဝန်းကျင်နှင့် အရောင်းအဝယ် ဖြစ်နေကြောင်း ရန်ကုန်မြို့ ရွှေဆိုင် ပိုင်ရှင်များက ပြောသည်။
ရွှေဈေး မြင့်တက်ရခြင်းသည် ကမ္ဘာတွင် တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေး စစ်ပွဲ အကျိုး သက်ရောက်မှုများနှင့် အာရှ နိုင်ငံများမှ လုပ်ငန်းရှင်များ အနေနှင့် ရွှေဝယ်စုသူ များလာခြင်း၊ အမေရိကန် ဗဟိုဘဏ်အတိုးနှုန်း အပြောင်းအလဲများနှင့် ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် မြန်မာ့ရွှေဈေးပါ မြင့်တက်လာခြင်း ဖြစ်ကြောင်း ဈေးကွက်အတွင်းက သိရသည်။
ရွှေဈေးနှုန်းများ မြင့်တက်နေသော်လည်း ရွှေကုန်စည်ဒိုင် ဖြစ်သော ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း ရွှေဈေးကွက်၌ ပစ္စည်းများပြတ်သည် အထိ အဝယ်များ ရှိလာသဖြင့် ဈေးကွက်ကို သြဂုတ်လ ၇ ရက်ညနေမှစ၍ ဈေးကွက် ပိတ်ထားသည်ဟု ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဧရာဝတီသို့ ပြောသည်။
၎င်းက“ပစ္စည်းပြတ်နေလို့ ပိတ်လိုက်တာ။ ဦးတို့က ဆိုင်တွေက ပစ္စည်းတွေ အရည်ကျိုပြီးမှ ပြန်လာရောင်းတဲ့ အတုံးအခဲ တွေကို အရောင်းအဝယ် ဈေးကွက်လုပ်ပေးတာ ဆိုတော့ ဈေးတက်တော့ ဆိုင်တွေကလည်းရတဲ့ အထည်ပျက်ကို ကမ္ဘာ့ ဈေးတက်နေတာ သိတော့ မရောင်းဘဲ ကိုင်ထားတာ။ အဲဒီတော့ ပစ္စည်းအဝင်နည်းလို့ ပိတ်တာ”ဟု ရှင်းပြသည်။
ရန်ကုန် ရွှေဈေးကွက် ပြန်ဖွင့်မည့် အချိန်ကို ပြော၍မရသေးကြောင်းလည်း ဦးမျိုးမြင့်က ဆိုသည်။
ထို့ပြင် ပြည်တွင်းရွှေ အထည်ဟောင်းကျိုသည့် လုပ်ငန်းရှင်များကလည်း ဈေးအတက်ကို စောင့် ရောင်းခြင်းလည်း ပါဝင်ကြောင်း ဦးမျိုးမြင့်က ပြောဆိုသည်။
ရွှေဈေးနှုန်းများ စံချိန်ချိုး မြင့်တက်နေသောကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်ကိုလည်း ထိန်းထိန်းသိမ်းသိမ်း လုပ် ဆောင်သင့်သည်ဟု ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းက သြဂုတ်လ ၇ ရက်က အသင်းဝင်များကို ခေါ် ယူ ကာ အစည်းဝေး ပြုလုပ်ပြီး အသင်း တာဝန်ရှိသူများက ပြောကြားထားကြောင်း သိရသည်။
“အကုန်လုံးက အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲကြောင့် ဈေးတက်မှာကို သိတယ်လေ။ ဒါကြောင့် ပစ္စည်းရှိတဲ့ သူ ကလည်း အရင်လို ပေါပေါများများ လာမရောင်းဘူး။ ဒါပေမယ့် အခု ပြည်တွင်းဈေးက ကမ္ဘာ့ဈေးအောက်မှာပဲ ရောင်းနေ တာပဲ”ဟု ၎င်းက ပြောသည်။
လတ်တလောတွင် ကမ္ဘာ့ရွှေ တအောင်စ အမေရိကန် ဒေါ်လာ ၁၅၀၂ နှင့် အမြင့်ဈေး ဖြစ်နေသောကြောင့် ပြည်တွင်း ရွှေဈေးမှာ အတက်ဘက်သို့သာ ဦးတည်နေကြောင်း ရွှေလုပ်ငန်းရှင်များက ဆိုကြသည်။
လက်ရှိ အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲမှာ အချိန်ကြာမြင့်နေခြင်း၊ နှစ်နိုင်ငံ အချင်းချင်း တင်းမာမှုများကြောင့် ကမ္ဘာ့ ရွှေဈေး အမြင့်ဘက်သို့ ရောက်ရန် တွန်းပို့နေသည့် အနေအထားလည်း ဖြစ်နေကြောင်း သိရသည်။
တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ကိုဇော်အောင်က“အမေရိကန် ဗဟိုဘဏ် အတိုးနှုန်း အပြောင်းအလဲနဲ့လည်း ဆိုင်သလို ကုန် သွယ်ရေး စစ်ပွဲကြောင့်လည်း ပါတယ်။ အခုက တခါမှ မဖြစ်ဘူးတဲ့ ဈေးပဲ။ ထပ်တက် မတက်ကတော့ ကမ္ဘာ့ဈေးပေါ် မူ တည်တာပေါ့နော်။ ကမ္ဘာ့ဈေး ပြန်ကျရင်တော့ ကျပါမယ်”ဟု ဧရာဝတီသို့ ပြောသည်။
ရုတ်တရက် ရွှေဈေးနှုန်း ကျပ်လေးသောင်း၊ ငါးသောင်းခန့် များစွာ ဈေး ခုန်တက် သွားမှုကြောင့်လည်း ဈေးကွက် အတွင်း ၌ လေပတ်ကား လုပ်သူ၊ ရွှေအရောင်းအဝယ် ပြုလုပ်သူတချို့ အရှုံးအမြတ် အလွန်များကြောင်း၊ ယင်းအခြေ အနေများ ကြောင့် ဈေးကွက်အတွင်း အနည်းငယ် ရှုပ်ထွေးနေကြောင်းလည်း ၎င်းက ပြောဆိုသည်။
ယခင်က ပြည်တွင်း ရွှေဈေးကွက် အတွင်း၌ ယခုအချိန်တွင် အဝယ်က ၇၀ ရာခိုင်နှုန်းနှင့် အရောင်းမှာ ၃၀ ရာခိုင်နှုန်းသာ ရှိနေကြောင်း ရွှေလုပ်ငန်း လုပ်သက် အနှစ် ၃၀ ခန့်ရှိသော ရွှေဆိုင်ပိုင်ရှင်တဦးက ပြောပြသည်။
ရွှေဈေးနှင့် ဆန့်ကျင်ဘက် ဖြစ်သော ဒေါ်လာဈေးသည်လည်း လတ်တလောတွင် ဈေးနှုန်း အနည်းငယ် အတက်အကျ ဖြစ်နေပြီး အရောင်းအဝယ် အေးနေကြောင်း နိုင်ငံခြားငွေ ရောင်းဝယ်ရေး လုပ်ကိုင်သူ ဦးမိုးက ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက“၁ ဒေါ်လာ ကျပ်ငွေ ၁၅၀၈ ကျပ်၊ ၁၅၀၉ ကျပ်နဲ့ ဒီထဲမှာ ဖြစ်နေတာ။ အဝယ်လိုက်တဲ့ မလိုက်တဲ့ အပေါ်မူတည်ပြီး ဈေးက အတက်အကျရှိတယ်။ နိုင်ငံတကာ ရွှေဈေးတွေကလည်း သိပ်ပြီးတော့ သက်ရောက်မှု အား မကောင်းပါဘူး။ ပြည်တွင်း သုံးစွဲမှုနဲ့ အဝယ်၊ အရောင်းပေါ်မှာ ပဲရှိတယ်။ အပြင်က ရွှေဈေး အတက်၊ အကျ ပေါ်မှာလည်း အရင်က အတက်၊ အကျရှိတယ် ဆိုပေမယ့် အခု အရမ်းကြီး အတက်အကျ ကြီးတာ အရင်လို မရှိတော့ဘူး။ အနည်း လောက်ပဲ သွားနေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အရောင်းအဝယ် ပါးလာခြင်းကြောင့်လည်း ငွေကြေးလည်ပတ်နိုင်မှု နည်းသွားခြင်း ဖြစ်နိုင်ပြီး လက်ရှိတွင် မိုးတွင်းကာလ ဖြစ်သောကြောင့် ပို့ကုန်သမားများ အနေနှင့်လည်း လိုအပ်သည်ထက် ကျနေသည့် အခြေနေများလည်း ပါဝင်ကြောင်း ဦးမိုးက ဆိုသည်။
ဒေါ်လာဈေးကွက် အနေနှင့် ထူးခြားသော ပြောင်းလဲမှု သိပ်မရှိနိုင်ကြောင်း ခပ်အေးအေးနှင့် ပုံမှန်သွားနေမည့် အခြေအနေ တွင် ရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။
တရုတ်-အမေရိကန် ကုန်သွယ်ရေး စစ်ပွဲ၏ နောက်ဆက်တွဲအဖြစ် တရုတ်က ၎င်း၏ ငွေကြေးတန်ဖိုးအား ယခု သီတင်း ပတ်မှ စတင်ကာ လျှော့ချသတ်မှတ်ခဲ့ရာ ယနေ့တွင် တဒေါ်လာလျှင် တရုတ်ယွမ် ၇.၀၉ ရှိကာ ကျပ် တသိန်းလျှင် တရုတ် ယွမ် ၄၆၉ ဝန်းကျင်အထိ ဈေးကျလာသည်ဟု နိုင်ငံခြားငွေ လဲလှယ်ရေး ဈေးကွက်အတွင်းက သိရသည်။
ယခုအချိန်သည် အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲ တင်းမာနေပြီး ကမ္ဘာ့စီးပွားရေး နှေးကွေးနေကာ ကမ္ဘာ့နိုင်ငံ အသီးသီးက ဗဟိုဘဏ်များ၏ ငွေကြေး ပေါ်လစီ ဖြေလျှော့မှုများကြောင့် ကမ္ဘာ့ရွှေဈေး တအောင်စလျှင် ဒေါ်လာ ၁၅၀၀ ကျော်သွား နိုင်သည်ဟု အမေရိကန် မီဒီယာတခု ဖြစ်သည့် Bloomberg က ခန့်မှန်းထားသည်။
You may also like these stories:
ရွှေဈေးကစားသူများကို ခေါ်ယူ စစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေ
ရွှေဈေး ထိုးတက် ဝယ်လိုအား ကျဆင်း
ရွှေဈေး ကျပ် ဆယ်သိန်းကျော်သို့ အမြင့်ဆုံးစံချိန်တင် ရောက်ရှိ