ကရင်ပြည်နယ် အတွင်း၌ ရေကြီးရေလျှံမှု ဖြစ်ပွားနေခြင်းကြောင့် ဘားအံနှင့် မြဝတီအကြားတွင် ကုန်တင်ယာဉ် အစီး ၆၀၀ ခန့် ပိတ်မိနေကာ အဝေးပြေး ကုန်စည်စီးဆင်းမှုလည်း ယာယီ ရပ်တန့်နေကြောင်း သိရသည်။
ကရင်ပြည်နယ် အဝေးပြေး ကုန်စည်ပို့ဆောင်ရေး အသင်း ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင် က “ကျနော်က အခု ဂျိုင်းတံတား ရောက်နေတာ။ မနက်ကထက် ၂ ပေလောက် ထပ်တက်သွားတဲ့ အနေအထား ရှိတယ်။ ကားတွေဖြတ်ဖို့ အရမ်း အခက် တယ်။ မြဝတီအတက်က ကုန်ကားအစီး ၃၀၀ လောက်နဲ့ ရန်ကုန် ပြန်အဆင်းက ၃၀၀ လောက် ရှိတော့ အစီးရေ ၆၀၀ လောက် ပိတ်မိနေတယ်။ လောလောဆယ်တော့ ကုန်ပစ္စည်း ပျက်စီး ဆုံးရှုံးမှုတော့ မရှိဘူး။ ကားဘီးချော်တာတို့ နွံ့နစ်တာ တို့တော့ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် နှစ်တွင် ရက်၂၀ ခန့် ကုန်ကားများ ပိတ်မိခဲ့ပြီး ယနှစ်အခြေအနေကိုမူ ပြော၍ မရသေးကြောင်း ၎င်းက ပြော သည်။
မြဝတီ ကုန်သွယ်ရေးဇုန်သို့ ပုံမှန်အားဖြင့် နေ့စဉ် အသွားအပြန် ကုန်တင်ယာဉ် အစီးရေ နေ့စဉ် ၅၀၀ ခန့် အသွားရှိနေပြီး ယခုအချိန်တွင် ကုန်ကားအသွားမှာ ယာယီ ရပ်တန့်နေကြောင်း သိရသည်။
မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးကျင်သိန်းကလည်း “မြဝတီ-ဘားအံ လမ်းကြောင်းကတော့ ရေကြီးနေတော့ သွားဖို့လာဖို့ တော်တော်ခက်တယ်။ မနှစ်ကထက် ပိုပြီး ရေကြီးတော့ ကားအသွား အလာတွေ ရပ်တန့်သလို ဖြစ်နေတယ်” ဟု ပြောသည်။
ရေကြီးရေလျှံ ဖြစ်ပွားမှုကြောင့် ဂျိုင်း-ကော့ကရိတ် တံတား၌ ကုန်ကားများ နှစ်ဖက် ပိတ်မိနေကာ ကုန်စည်ပို့ဆောင်ရေး ကြန့်ကြာလျက် ရှိနေသည်ဟု ၎င်းက ဆိုသည်။
ဦးကျင်သိန်းက ဆက်လက်၍ “လမ်းသံဘောင်တွေ မြုပ်နေတော့ ကားတွေကတော့ လောလောဆယ် ပေးမဖြတ်သေးဘူး။ ဘားအံ ကျားကလေး လမ်းဆုံနဲ့ ကော့ကရိတ် အထိ ကားတွေ တန်းနေတာ။ ကုန်စည် စီးဆင်းမှုတော့ ယာယီ ရပ်တန့် တယ်ပေါ့” ဟု ဧရာဝတီသို့ ပြောဆိုသည်။
မြဝတီ နယ်စပ် ကုန်သွယ်ရေး စခန်းမှ သယ်ဆောင်လာသော ကုန်ပစ္စည်းများမှာ အိမ်ဆောက်ပစ္စည်းနှင့် စားသောက်စရာ များ ဖြစ်ပြီး ရန်ကုန်ဘက်မှ တင်ပို့သည့် ကုန်စည်မှာ ပြောင်းကားများ ဖြစ်ကြောင်း ထွန်းပဒေသာ ကုန်စည်ပို့ဆောင်ရေး ယာဉ်လိုင်း ပိုင်ရှင်လည်း ဖြစ်သူ ဦးကျင်သိန်းက ဆိုသည်။
ယင်းကဲ့သို့ ကုန်ကားများ ပိတ်မိနေသည်နှင့် ပတ်သက်၍ ကုန်စည်ဝန်ဆောင်ခ ဈေးတက်ရန် ရှိ မရှိ မေးမြန်းရာ လက်ရှိ တွင်မူ ဈေးတက်မည့် အနေအထား မရှိသေးကြောင်း ၎င်းကပြောဆိုသည်။
ထိုသို့ ပိတ်မိနေသည့် ကုန်တင်ယာဉ်များတွင် ပုပ်သိုးလွယ်သည့် ကုန်ပစ္စည်းများ မပါသော်လည်း ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်မှ စတင်၍ ကုန်ကားများမှာ ပြည်ထောင်စု လမ်းမပေါ်ထိ ရေကျော်နေသဖြင့် သွားလာရေး ခက်ခဲနေပြီး ကုန်စည် ပို့ ဆောင်ရေးတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
၁၂ ဘီးကုန်တင်ယာဉ် ၁ စီးလျှင် ကုန်ပစ္စည်း တန်ချိန် ၁၇ တန်အထိ တင်ဆောင်နိုင်ကြောင်း ကုန်သည်များက ပြောဆို သည်။
ဘုရင့်နောင် ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးခင်ဟန်က “အညာဘက်က ကုန်စည်တွေဖြစ်တဲ့ ကြက်သွန်တို့ ငရုတ်သီးတို့ကတော့ ဝင်တယ်။ ဒီနေ့ ကားအစီးရေ ၃၀ လောက် ဝင်တယ်။ ရေကြီးတဲ့ နေရာကတော့ ကြီးတယ်။ အခုလောလောဆယ်တော့ ကုန်စည် အဝင်လျော့တာ မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ ရန်ကုန်မြို့မှ မြန်မာပြည် အနှံ့အပြားသို့ ကုန်စည်ပို့ဆောင်ပေးလျက် ရှိသော ယာဉ်များမှာ မိုးတွင်းကာလ ဖြစ် သောကြောင့် ကုန်စည် ပစ္စည်းရှားပါးခြင်း၊ အရောင်းအဝယ်အေးခြင်းတို့ကြောင့် လုပ်ငန်း လုပ်ကိုင်မှုမှာ အေးနေကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံက သိရသည်။
၂၀၁၈ ခုနှစ် သြဂုတ်လကလည်း ရေကြီး၍ ဆွာတံတား ကျိုးပဲ့သွားသောကြောင့် ရန်ကုန်- မန္တလေး အမြန်လမ်း ပေါ်သို့ ကုန်ကားများ ဖြတ်သန်း သွားလာခွင့်ကို ရက်တချို့ ပိတ်ထားခဲ့ဖူးသည်။
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများ အရ ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇွန်လအထိ မြဝတီ ကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၇၀၃ ဒသမ ၃၆၄ သန်း ရရှိထားသည်။