ရွှေဈေးကွက် အတွင်း ရောင်းမှား ဝယ်မှား မဖြစ်စေရေး ကွန်ပျူတာ စနစ် အသုံးပြုရန် စီစဉ်နေကြောင်း သိရသည်။
ယင်းသို့ လုပ်ဆောင်ရန်အတွက် သက်ဆိုင်ရာဌာနများ ဖြစ်သော ဗဟိုဘဏ်နှင့် သတ္တုတွင်းဝန်ကြီး ဌာနသို့ တင်ပြထား ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။
“နိုင်ငံတော်က ခွင့်ပြုမယ်ဆိုရင် အရောင်းအဝယ်မှာ နှုန်းထားတခုနဲ့ စပေါ်ငွေ (Deposit) ယူထားမယ်။ အကယ်၍ ပစ္စည်းပျက်ယွင်းတာမျိုး ဖြစ်လာရင် ဈေးကွက်သူ ဈေးကွက်သားတွေ မခံရအောင် ဆော့ဖ်ဝဲလ်နဲ့ သွားဖို့လည်း ရေးဆွဲ ထားပြီးပါပြီ။ ကျနော်တို့ ဒါနဲ့လုပ်ဖို့က သက်ဆိုင်ရာ ဝန်ကြီးဌာနကို တင်ပြပြီးပြီ။ Deposit နဲ့ သွားမယ်ဆိုရင် အစိုးရ ဘဏ် တခုမှာ အပ်ပြီးတော့ သွားမယ်”ဟု ၎င်းက ပြောပြသည်။
အဆိုပါ စနစ်ကို လုပ်ဆောင်ရခြင်းသည် ပြည်တွင်းရွှေဈေးကွက် အတွင်း ဈေးနှုန်း အပြောင်းအလဲများသည့်အခါ အမှားအယွင်း မဖြစ်စေရန် အသင်းဝင်များကို ထိန်းသိမ်း လုပ်ဆောင်းခြင်းလည်း ဖြစ်ကြောင်း ဦးဝင်းမြင့်က ဆိုသည်။
လက်ရှိအချိန်တွင် မြန်မာ့ ရွှေဈေးနှုန်း အပြောင်းအလဲ မြန်နေကြောင်း အရောင်းအဝယ် လုပ်သူများက ပြောသည်။
သြဂုတ်လ ၁၆ ရက်နေ့ ရွှေဈေးနှုန်းမှာ အကယ်ဒမီ အခေါက်ရွှေ ၁၆ ပဲရည်ပြည့် ၁ ကျပ်သားလျှင် ကျပ် ၁၂ သိန်း ၃ သောင်းကျော်၊ ၁၅ ပဲရည် ပြည့် ရွှေ ၁ ကျပ်သားလျှင် ကျပ် ၁၁ သိန်း ၆ သောင်းကျော်နှင့် အရောင်းအဝယ် ဖြစ်နေ ကြောင်း ရန်ကုန်မြို့ ရွှေဆိုင်များထံက သိရသည်။
မြန်မာ့ ရွှေဈေး မြင့်တက်နေခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းက ဈေးကွက်အတွင်း ရောင်းဝယ်ရာ၌ လက်ငင်းငွေချေ ရောင်းဝယ်ကြရန် ဖြစ်ပြီး နှုတ်ဖြင့် ရောင်းဝယ်ခြင်း (လေပတ်ကား) မပြုလုပ်ကြရန် နှင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများလည်း မပြုလုပ်ရန် အရေးပေါ် ညွှန်ကြားချက်ကို သြဂုတ်လ ၁၃ ရက်က ထုတ် ပြန် ထားသည်။
ယင်းညွှန်ကြားချက်ကို သြဂုတ်လ ၁၄ ရက်တွင် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ရွှေလုပ်ငန်းရှင်များ အသင်းသို့ ပေးပို့ထား ကြောင်း သိရသည်။
ကမ္ဘာ့ရွှေဈေးသည် အတက်ဘက်သို့သာ ဦးတည်သွားနေသဖြင့် မြန်မာ့ရွှေဈေးသည် ဆက်လက် မြင့်တက်လျက် ရှိနေ ပြီး ဈေးကွက် ရောင်းလိုအားထက် ဝယ်လိုအား ပို၍ များနေကြောင်း ရွှေကုန်သည် ဦးချစ်ကောင်းက ဧရာဝတီသို့ ပြော သည်။
“ရွှေဈေးက စက္ကန့်ပိုင်းအတွင်း ပြောင်းနေတယ်။ အဲဒီတော့ ကုန်သည်တွေက ပွိုင့်လုပ်တာ လက်ငင်း ဝယ်တာ နည်း တယ်။ ပွိုင့်ဆိုတာက ငွေစီးဆင်းမှု မလိုဘူး။ ညနေကျမှ ကုန်သည်က လာသိမ်းတာ၊ မနက်ပိုင်းက ကစားနေတာ (ပါးစပ်နဲ့ ရောင်း ဝယ်ခြင်း)။ ရွှေဈေးတက်တာတော့ ဒီအချိန်မှာ ပြောရင် ကမ္ဘာ့ဈေးတက်လို့ ပြောရမှာပဲ။ ကမ္ဘာ့ဈေး မတက်ဘဲ ပြည်တွင်းဈေး တက်နေရင်တော့ သူတို့နဲ့ ဆိုင်တယ်”ဟု ရွှေဈေးကွက် အခြေအနေကို ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ဦးချစ်ကောင်း က“ဆော့ဖ်ဝဲလ် စနစ်နဲ့ လုပ်ဖို့ ကုန်သည်တွေကို အသင်းရဲ့ကတ်မှာ နံပါတ်လေးတွေ ကုဒ် နံပါတ် ပေးထားတယ်။ Deposit နဲ့ ဆိုရင်တော့ အရမ်း အရောင်းအဝယ် လုပ်လို့မရဘူး။ အခုက ဒီမှာ လေနဲ့လုပ်တာ ကျတော့ Deposit မရှိဘူး။ Deposit မရှိတော့ လုပ်ချင်သလို လုပ်နေတယ်။ အခုစနစ်မှာ ဥပမာ အားဖြင့် Deposit ကျပ်သိန်း ၅၀ တင်ထားမယ်ဆိုရင် ရွှေပိဿာဘယ်လောက်သာ ရောင်းချခွင့်ရှိတယ် ဆိုတဲ့ ကန့်သတ်ချက်မျိုး ရှိလာ နိုင်တယ်”ဟု ပြောသည်။
ယင်းစနစ်နှင့် ပတ်သက်ပြီး ဗဟိုဘဏ်သို့ ဧရာဝတီက မေးမြန်းရာတွင်“အဲဒီကိစ္စ ကျမတို့ သေချာမသိဘူး။ တင်ထား တယ် လို့တော့ ပြောတယ်”ဟု ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဌာနမှ တာဝန်ရှိသူ တဦးက ဖြေကြားသည်။
ရွှေဈေးမြင့်တက်ရခြင်းသည် တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေး စစ်ပွဲ၏ အကျိုးသက်ရောက်မှုများနှင့် အာရှ နိုင်ငံ များမှ လုပ်ငန်းရှင်များ အနေနှင့် ရွှေဝယ်စုသူ များလာခြင်း၊ အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်း အပြောင်းအလဲများနှင့် ကမ္ဘာ့ ရွှေဈေး မြင့်တက်မှုတို့ကြောင့် မြန်မာ့ရွှေဈေးပါ မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ရွှေဈေး ကျပ် ၁၂ သိန်းအထိ မြင့်တက်လာ
ပြည်ပသို့ ရွှေတင်ပို့ရေး အခက်အခဲများ ရှိ၍ မပို့နိုင်သေး
ရွှေဈေးကစားသူများကို ခေါ်ယူ စစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေ
ရန်ကုန် ရွှေလက်ကား ဈေးကွက် အရောင်းအဝယ် ရပ်ထား