ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မန္တလေး- မူဆယ် လမ်းပိုင်းတွင် တံတားများ မိုင်းခွဲ ဖျက်ဆီးခံရခြင်းနှင့် တိုက်ပွဲများ ဆက် လက် ဖြစ်ပွားနေခြင်းကြောင့် တရုတ်နိုင်ငံနှင့် အဓိက ကုန်သွယ်မှု ပြုလုပ်နေသော မူဆယ်နယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းလျက် ရှိကြောင်း သိရသည်။
လက်ရှိ အချိန်၌ နယ်စပ် ကုန်သွယ်ရေး လမ်းပိုင်းများတွင် လုံခြုံရေး အခြေအနေများကြောင့် ကုန်ပစ္စည်း တင်ပို့နေ သော ကားများ ဖြစ်သန်းသွားလာနိုင်ခြင်း မရှိသည့်အပြင် တရုတ်ကုန်သည်များလည်း လာရောက်ခြင်း မရှိကြောင်း မူဆယ် အခြေစိုက် အရှေ့မြောက်တံခါး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးအောင်ကျော်မိုးက ဧရာဝတီ သို့ ပြောသည်။
၎င်းက“ဒီနေ့မနက် အထိ အသွားအလာ မရှိဘူး။ ဒီလမ်းကြောင်းက စိတ်မချရသေးတဲ့အတွက် ဖြတ်သန်းသွားလာခွင့် မပေးသေးတာကြောင့် မနေ့ကဆိုရင် ကားတွေ အကုန် ပြန်လှည့်လာရတယ်။ အဲဒီတော့ ကုန်သွယ်မှုရော ခရီးသွား လာမှုရော အကုန် ရပ်တန့်နေတာပေါ့”ဟု ဆိုသည်။
သြဂုတ်လ ၁၅ ရက်မှ စတင်ကာ ဖြစ်ပွားခဲ့သော တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တိုက်ပွဲများ ကြောင့် သြဂုတ် ၁၉ ရက်အထိ ကုန်သွယ်ရေး ရပ်တန့်မှုသည် ၃ ရက် ရှိနေပြီ ဖြစ်ကြောင်း နယ်စပ်ကုန်သည်များထံက သိရသည်။
လက်ရှိ အချိန်တွင် တိုက်ပွဲများကြောင့် ဖျက်ဆီးခံခဲ့ရသော တံတားများကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပြန်လည် ပြင်ဆင်လျက်ရှိပြီး ယင်းတံတားများ ပြန်လည် ကောင်းမွန်လာမည် ဖြစ်သော်လည်း နယ်မြေလုံခြုံရေး အခြေအနေ မရှိ ပါကကုန်သွယ်မှုများ ပြန်လည် စတင်ရန် ခက်ခဲနေမည် ဖြစ်ကြောင်း ကုန်သည်များက ပြောဆိုသည်။
မူဆယ်နယ်စပ် ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်၊ ပြောင်း၊ သကြား၊ လယ်ယာထွက် သီးနှံများနှင့် ရေထွက်ကုန်ပစ္စည်းများ အဓိက တင်ပို့လျက်ရှိကာ တရုတ်နိုင်ငံမှ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်း၊ စက်ယန္တရား များနှင့် ကုန်ကြမ်းပစ္စည်းများ တင်သွင်းလျက်ရှိပြီး နှစ်နိုင်ငံ ကုန်သွယ်မှုသည် တရက်လျှင် အမေရိကန်ဒေါ်လာ ၃ သန်း ဝန်းကျင် အထိ ရှိကြောင်း သိရသည်။
ဦးအောင်ကျော်မိုးက ဆက်လက်၍“ကုန်သွယ်မှု ရပ်တယ်ဆိုတာက ကုန်ပစ္စည်းတင်ပို့မှု ရပ်တာတင် မဟုတ်ဘူး။ ဒီအဝန်း အဝိုင်းမှာ ပါဝင်ပတ်သက်နေတဲ့ လူတွေအကုန်လုံးပါ အခက်အခဲဖြစ်တာ။ ကုန်ကားတွေ၊ စားသောက်ဆိုင် လုပ်ငန်းတွေလို ဆက်စပ်နေတာတွေပါ အကုန်ထိခိုက်တာ။ ဒီလိုပိတ်တာ တပတ်လောက်ကြာပြီ ဆိုရင် အောက်ပိုင်း မှာပါ ကုန်ပစ္စည်းဈေး တက်တာတွေ ဖြစ်လာတော့မယ်”ဟု ပြောသည်။
လက်ရှိ အချိန်သည် တရုတ်နိုင်ငံ၏ မူဝါဒ အပြောင်းအလဲများနှင့် ရာသီပေါ်သီးနှံများ တင်ပို့နေသည့် အချိန်အခါ မဟုတ်သော်လည်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့် ရရှိထားသော တန်ဖိုးမြှင့်ရေထွက်ကုန် တင်ပို့မှု များတွင် များစွာ ဆုံးရှုံးမှု ဖြစ်နေကြောင်း တရုတ်နိုင်ငံသို့ ငါးရှဉ့်တင်ပို့နေသည့် လုပ်ငန်းရှင် ဦးစိုးသန်းက ပြောဆိုသည်။
၎င်းက“မနေ့ကဆိုရင် ကွတ်ခိုင်မှာ ကားတွေ သွားလို့ မရတဲ့အတွက် တရုတ်ကို ပို့မယ့် ငါးရှဉ့်ကား ၁၀ စီးလောက် ပိတ်မိ ပြီး အဲဒီနားမှာပဲ ဝေပေးတာတွေ လွှင့်ပစ်တာ လုပ်လိုက်ရတယ်။ မန္တလေး၊ ရန်ကုန်မှာရှိနေသေးတဲ့ ကုန်တွေက လည်း တရုတ်ကို ပို့လို့မရတော့ ပြည်တွင်းဈေးကွက်မှာပဲ ရောင်းဖို့ နေကြတယ်”ဟု ပြောသည်။
အဆိုပါ ငါးရှဉ့် ကုန်ကားတစီးတွင် ပါဝင် ကုန်ပစ္စည်းများ၏ တန်ကြေးသည် ကျပ်သိန်း ၂၆၀ ကျော် အထိ ရှိကြောင်း သိရ သည်။
မန္တလေးမြို့မှဆန်ကုန်သည် ဦးတင်လှိုင်ဝင်းက“ဆန်ကတော့ တိုက်ပွဲတွေ မဖြစ်ခင်ကတည်းက နည်းနည်းတန့် နေ တာ ပေါ့။ အစိုးရချင်း လုပ်နေတဲ့ ခွဲတမ်းစနစ်နဲ့ တရားဝင် ရောင်းချဖို့ လုပ်နေတဲ့အချိန်မှာ အခုလိုဖြစ်တော့ အကုန်လုံး ရပ် နေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုကို မြန်မာနိုင်ငံဘက်မှ တရားဝင်တင်ပို့လျက် ရှိသော်လည်း တရုတ်နိုင်ငံဘက်ကမူ တရား မဝင် တင်သွင်းမှုအဖြစ် သတ်မှတ်ထားခြင်းကြောင့် တရုတ်နိုင်ငံ တရားမဝင် ကုန်တင်သွင်း မူဝါဒ ပြောင်းလဲချိန်များ တွင် ဆန် တင်ပို့မှုသည် ရပ်တန့်လျက် ရှိကြောင်း သိရသည်။
ယင်းသို့ ရပ်တန့်မှုများ ရှိသော်လည်း တရက်လျှင် ဆန်တင်ပို့မှု အနည်းဆုံး ဆန်အိတ် ၅ သောင်းခန့်မှ ကိုယ့်နည်း ကိုယ့် ဟန်ဖြင့် အရောင်းအဝယ်ဖြစ်လေ့ ရှိကြောင်း ဦးတင်လှိုင်ဝင်းက ဆိုသည်။
၎င်းက“အခုကတော့ အကုန်ရပ်သွားတဲ့ အခြေအနေပေါ့”ဟု ပြောဆိုသည်။
လက်ရှိ အချိန် ကာလပေါက်ဈေးနှုန်း အရ မြန်မာနိုင်ငံမှ တရုတ်သို့ တင်ပို့နေသော ဆန်တအိတ်၏ ဈေးနှုန်းသည် ယွမ် ၁၀၀ ကျော် ရှိသည်။
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ၂၀၁၉ သြဂုတ် ၉ ရက်အထိ မူဆယ် နယ်စပ် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံ သို့ ပို့ကုန် တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၂၇၅၁ ဒသမ ၈၉၆ ရှိပြီး သွင်းကုန် အနေဖြင့် အမေရိကန်ဒေါ်လာ ၁၅၃၅ ဒသမ ၃၃၄ ရှိ၍ ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၄၂၈၇ ဒသမ ၂၃၀ ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
မူဆယ်မှ ကုန်သည်တဦးက“အရင်တုန်းက ဖြစ်တာတွေက လားရှိုးလောက်အထိ မပိတ်ဘူး။ သွားလာခွင့်ကလည်း အချိန် နဲ့ သွားလို့လာလို့ ရတယ်။ အခုက အဓိကသွားလာနေရတဲ့ နောင်ချို တို့ လားရှိုးတို့ အထိကို သွားလို့ လာလို့ မရတော့ဘဲ ဒီလမ်းကြောင်းကြီး တလျှောက်လုံး ဖြစ်သွားတော့ အခြေအနေဆိုးသွားတာ”ဟု ပြောသည်။
၎င်းက“အခုလို ဖြစ်နေတာတွေက အစိုးရရဲ့နိုင်ငံခြားရေး ပေါ်လစီကြောင့်လည်း ပါမယ် ထင်တယ်။ အခုအစိုးရက အနောက်ဘက်ကို ယိမ်းတယ်။ တချို့ကိစ္စတွေကိုလည်း တရုတ်က မကြိုက်သလို ရှိမယ် ထင်တယ်။ နောက်တခုက တပ်မတော်ကလည်း အိန္ဒိယက ရေငုပ်သင်္ဘော ဝယ်တယ်ပေါ့။ တရုတ်နဲ့ အိန္ဒိယကလည်း သူတို့ကြားမှာလည်း သူတို့ ပြဿနာတွေရှိတော့ ဒီလို အင်အားကြီးနိုင်ငံတွေကြား ရှိနေတဲ့ ကျနော်တို့နိုင်ငံက တခုခုလွဲတာနဲ့ သင်ခန်းစာ ပေးခံရ မှာပဲ။ အခုလည်း သင်ခန်းစာ ပေးခံရတာထင်တယ်”ဟု ပြောကြားသည်။
ရှမ်းပြည်နယ် သီပေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကလည်း“အဲဒီအချိန်မှာ တရုတ်ပြည်ဘက် က ဘာသံမှ ထွက်မလာဘူး။ ကိုယ့်နိုင်ငံအတွင်းမှာ အရေးကြီးတဲ့ ကုန်သွယ်ရေး လမ်းကြောင်းကို ထိန်းနိုင်စွမ်း မရှိဘူး ဆိုတဲ့ ဥစ္စာကို ပြချင်တာလားပေါ့နော်။ ဒီလမ်းကြောင်းကို တရုတ်သာ BRI နဲ့ ဆက်စပ်ပြီး ဖောက်ခွင့်ရရင် ဒီ လမ်းကြောင်း ကို ဘယ်ကောင်မှ မထိရဲဘူး။ ပိုက်လိုင်းတွေ ဘာတွေ ဘယ်သူ ထိရဲလို့လဲ”ဟု ဦးရဲထွန်းက ဧရာဝတီကို ပြောဆိုထားသည်။
သြဂုတ်လ ၁၅ ရက်က ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA-ကိုးကန့်အဖွဲ့)၊ ရက္ခိုင် စစ်တပ်(AA) တို့ ပူးပေါင်းသည့် အဖွဲ့များ၏ ပြင်ဦးလွင်ရှိ စစ် သင်တန်းကျောင်း အပါအဝင် နေရာ ၅ ခုကို တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ် သည်။
You May Also Like These Stories:
ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ
ဂုတ်တွင်းတံတား ဖြစ်စဉ်ကြောင့် ကုန်သွယ်မှု ထိခိုက်မည်ကို စိုးရိမ်နေ