စီးပွားရေး

အီတလီ ရင်းနှီးမြှုပ်နှံမှု စတင် ဝင်ရောက်

Want create site? Find Free WordPress Themes and plugins.

အီတလီနိုင်ငံမှ ပထမဆုံး အနေဖြင့် မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၌ စတင်၍ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာ ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) က သိရသည်။

DICA ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်း (စာရင်း ဇယား အချက်လက် ဌာန)က“အီတလီနိုင်ငံက ဟိုတယ်နှင့် ခရီးသွား ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ၂၀၀ သန်းနဲ့ ဝင်လာတာ။ အဓိက မြန်မာနိုင်ငံ အနေနဲ့ ကုမ္ပဏီ မှတ်ပုံတင်တဲ့ ဥပဒေတွေ၊ စနစ်တွေ ကောင်းလာတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို ဝင်လာတာ ဖြစ်တယ်”ဟု ဧရာဝတီ သို့ ပြောသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မတီ (MIC) စတင်သည့် ၁၉၈၈ ခုနှစ်မှ လက်ရှိ ၂၀၁၉ ခုနှစ် အထိ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု များအနက် အီတလီနိုင်ငံ ရင်းနှီးမြှုပ်နံှမှု ဝင်ရောက်ခြင်း မရှိခဲ့ကာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံပေါင်း ၄၉ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ပြီး ယခု ၂၀၁၉ တွင် အီတလီနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာသောကြောင့် နိုင်ငံပေါင်း ၅၀ အထိ ရှိလာပြီ ဖြစ်ကြောင်း ဦးကျော်ဝင်းထွန်း က ဆိုသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံပေါင်း ၅၀ မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၃၅ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ် လာ ၂၂၉၁ ဒသမ ၄၄၂ သန်း ခွင့်ပြုထားပြီး ထပ်တိုး ရင်းနှီးမြှုပ်နှံမှုပါ ပမာဏမှာ ဒေါ်လာ ၃၆၀၈ ဒသမ ၇၈၆ သန်း ဖြစ် ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန စာရင်းများတွင် ဖော်ပြထားသည်။

ဝင်ရောက်ထားသည့် ကဏ္ဍများမှာ ကုန်ထုတ်လုပ်မှု ကဏ္ဍ၊ စက်မှုကဏ္ဍ၊ လက်ခစား စနစ် (CMP) လုပ်ငန်းများ၊ အိမ်ခြံမြေ ကဏ္ဍ၊ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ၊ စွမ်းအင်နှင့် သဘာ၀ ဓာတ်ငွေ့ ထုတ်လုပ်ခြင်း ကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍ များ ဖြစ်ကြသည်။

လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်သော်လည်း မြေယာကိစ္စများတွင် အခက်အခဲများ ဖြစ်နေခြင်း၊ အခြေခံ အဆောက် အအုံ အားနည်းခြင်း၊ လတ်တလောတွင် ကြုံတွေ့နေရခြင်းသည် သုံးစွဲမှု အညွှန်း (Label) ကိစ္စတို့ ဖြစ်ပြီး ယင်းအချက် များ ကို ဖြေရှင်းပေးမည် ဆိုလျှင် ပို၍ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနိုင်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် ၁၉၈၈ ခုနှစ်မှ လက်ရှိ အချိန်ထိ စင်ကာပူနိုင်ငံက အမေရိကန် ဒေါ်လာ ဘီလီယံ၂၀ ကျော်နှင့် အများဆုံး ဝင်ရောက်ထားပြီး စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် အများဆုံး ဝင်ရောက်ထားကြောင်း DICA က သိ ရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၃၅-၂၀၃၆ ဘဏ္ဍာနှစ် အထိ ကာလတို၊ ကာလလတ်၊ ကာလရှည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းသစ် အရ နှစ် ၂၀ အတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂၂၁ ဘီလီယံ နီးပါး ရရှိရန် မျှော်မှန်းထား သည့် အပြင် ၂၀၃၅-၂၀၃၆ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဝင်ငွေ အလယ်အလတ်တန်းစား ရရှိသော နိုင်ငံတခုသို့ ရောက်ရှိ မည်ဟု ခန့်မှန်းထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (ရန်ကုန်)က ဆိုသည်။

သို့သော် ကမ္ဘာ၏ နိုင်ငံရေး၊ စီးပွားရေး အခြေအနေများ ပြောင်းလဲမှု ရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း သစ် ကို ၅ နှစ် တကြိမ် ပုံမှန် ဆန်းစစ်လေ့လာမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading