Facebook က ကြီးစိုး လွှမ်းမိုးထားသည်ကို တစိတ်တဒေသ ထိုးဖောက်သည့် အနေဖြင့် ဗီယက်နမ် IT ကုမ္ပဏီများသည် လူမှုမီဒီယာ ကွန်ရက်သစ်တခုကို ချဲ့ထွင်လျက် ရှိကြောင်း သိရသည်။
ဟနွိုင်းအခြေစိုက် G-group ၏ ယူနစ်တခုဖြစ်သော Gapo နည်းပညာ ကုမ္ပဏီက ဇူလိုင်လ ၂၃ ရက်တွင် နောက်ဆုံးပေါ် ပွဲဦးထွက်အဖြစ် စတင်မိတ်ဆက် ကြေညာလာသည်။
Gapo လူမှုကွန်ရက်သည် ဗီယက်နမ် ပြည်တွင်းဖြစ် လူမှုကွန်ရက်အဖြစ် ဖန်တီး လွှင့်တင်လာခြင်း ဖြစ်ပြီး အပြန်အလှန် စကားပြောဆိုခြင်း (Chat)၊ ပို့စ်တင်ခြင်းနှင့် တခြား လုပ်ဆောင်ချက်များ ထည့်သွင်း ထားသည်။
“၂၀၂၁ ခုနှစ် အရောက်မှာ သုံးစွဲသူ သန်း ၅၀ လောက်ကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည် ထားပါတယ်” ဟု ဟနွိုင်းတွင် ကျင်းပသည့် ၎င်း လူမှုကွန်ရက် မိတ်ဆက်ပွဲတွင် အမှုဆောင် အရာရှိချုပ် ဟထရွန်ကျန် က ပြောသည်။
လက်ရှိအနေအထားတွင် ဖေ့စ်ဘွတ်သည် ဗီယက်နမ် လူဦးရေ ၉၆ သန်းရှိသည့်အနက် ၎င်းကွန်ရက်ကို ဝင်ရောက် သုံးစွဲသူ သန်းပေါင်း ၆၀ အထိ ကျယ်ပြန့်လျှက် ရှိနေသည်။
ဗီယက်နမ် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီး ငုယင် မန်ဟွန်က ဟိုချီမင်းမြို့တွင် ကျင်းပသည့် အိုင်တီ အမှုဆောင်များ စုဝေးပွဲတွင် ၎င်းအနေဖြင့် ပြည်တွင်းဖြစ် လူမှုကွန်ရက်များ ဖြစ်တည်လာရန် လိုလားနေကြောင်း ပြောခဲ့ပြီးနောက် ရက်သတ္တပတ် တပတ် အကြာတွင် Gapo ပေါ်ပေါက်လာခြင်း ဖြစ်သည်။
မန်ဟွန် က “ပြင်ပရင်းမြစ်များကို နှစ်ရှည်လများ အာရုံစိုက်ခဲ့ပြီးနောက် ဗီယက်နမ်၏ အိုင်တီလုပ်ငန်း အဆင့်မြှင့်တင် (Value chain) ရေး လုပ်ဆောင်ရန် အချိန်တန်ပြီ” ဟု ထည့်သွင်းပြောကြားခဲ့သည်။
ပြည်တွင်း အိုင်တီလုပ်ငန်းများ အနေဖြင့် ထိန်းချုပ်နိုင်ပြီး လုံခြုံသည့် ပတ်ဝန်းကျင်တွင် နည်းပညာ ပုံစံသစ်များ စိတ်ချလက်ချ စမ်းသပ်နိုင်ရေးအတွက် Sandboxes များ (ကွန်ပျူတာစနစ် လုံခြုံရေး) အတွက် မူဝါဒတခု ချမှတ်ပေးခြင်းဖြင့် ဗီယက်နမ် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း မန်ဟွန်က ထပ်လောင်း အတည်ပြုခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက ဗီယက်နမ် ကုမ္ပဏီများသည် လူမှုကွန်ရက် ၃ ခုကို စတင်ခဲ့ပြီး ဖြစ်သည်။
ဟိုချီမင်းမြို့အခြေစိုက် Hahalolo ခရီးသွား လူမှုကွန်ရက်ကို ဇွန်လ ၁၀ ရက်က တရားဝင် ကြေညာခဲ့ပြီး ၂၀၂၄ ခုနှစ် အရောက်တွင် သုံးစွဲသူ ၂ ဘီလျံ ရရှိရန် ကြီးကြီးမားမား ရည်မှန်း ထားသည်။
နောက်ရက်ပိုင်း အတွင်း၌ပင် ကွန်မြူနစ်ပါတီ၏ ပညာရေးနှင့် ဆက်သွယ်ရေး ဗဟိုကော်မရှင်နှင့် အစိုးရပိုင် ဗီယက်တဲ (Viettel) အုပ်စုတို့သည် VCNET အမည်ရှိ လူမှုကွန်ရက် စတင်ခဲ့သည်။
VCNET သည် မမှန်ကန်သည့် သတင်း အချက်အလက်များနှင့် သတင်းတုများကို တိုက်ဖျက်သွားရန် စီစဉ် ပြုလုပ်ထားကြောင်း ကော်မရှင် ဒုတိယအကြီးအကဲ ငုယင် သန်းလောင်း က ပြောသည်။
ဒုတိယနှစ်ဝက်အတွင်း လူမှုကွန်ရက် နှစ်ခုထက်ပို၍ ထူထောင်ခြင်းဖြင့် ယခုနှစ်အတွက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ၏ အင်တာနက် စင်မြင့်သစ်များ (New platforms) ၅ ခုရှိလာပြီဖြစ်ကြောင်း ဝန်ကြီးဌာန အဆိုအရ သိရသည်။
ယမန်နှစ်က လူမှုကွန်ရက် နှစ်ခုသာ ရှိသေးကြောင်း ဗီယက်နမ်ပြည်တွင်း သတင်းများက ဆိုသည်။
ထိုအရွေ့များသည် ဇန်နဝါရီက အသက်ဝင်လာခဲ့သော ဆိုင်ဘာ လုံခြုံရေးဥပဒေဖြင့် အရှိန်အဟုန် မြင့်တက် လာနိုင်ကြောင်း အိုင်တီ လုပ်ငန်း လေ့လာသူများက သုံးသပ်ကြသည်။ ယင်းဥပဒေဖြင့် တယ်လီကွန် လုပ်ငန်း၊ အွန်လိုင်း ဝန်ဆောင်မှုနှင့် အွန်လိုင်းပေါ်ရှိ အကြောင်းအရာများကို ဗီယက်နမ် နိုင်ငံရှိ ရုံးများနှင့် ဆာဗာများတွင် ခွဲေ၀ သတ်မှတ်ပေးမည်ဖြစ်ပြီး ပြည်တွင်း သိုမှီးထားသော အချက်အလက် များကို ထိန်းကျောင်း ကိုင်တွယ်ရန် ရည်ရွယ်သည်။
ဗီယက်နမ် ပြည်တွင်း၌ နိုင်ငံခြားယှဉ်ပြိုင်ဘက် များ၏ ရပ်တည်ချက် ပိုမို ရှေ့ရောက်သွားမည်လား ဆိုသည့် တင်ကူး ကြံရွယ်ချက်ဖြင့် ပြည်တွင်းကုမ္ပဏီများ၏ လူမှုကွန်ရက်များ စတင်နိုင်ရန် အဆိုပါ ဥပဒေက တွန်းအားပေးထားကြောင်း အကဲခတ်သမားများက သုံးသပ်ကြသည်။
ဆိုင်ဘာ ဥပဒေဖြင့် နိုင်ငံခြားမှ လူမှုကွန်ရက်များကို ပိုမိုတိကျစွာ လုပ်ဆောင်သွားရေးအတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနကို ပြီးခဲ့သည့် ဇန်နဝါရီလ၌ ဝန်ကြီးချုပ် ငုယင် ရွှန်းဖော့ က ညွှန်ကြားခဲ့သည်။
ပြည်တွင်းဖြစ် အခြား ရွေးချယ်စရာ လူမှုကွန်ရက်များကို ဆက်လက်မြှင့်တင်သွားရန်လည်း ၎င်းက တိုက်တွန်းခဲ့ကြောင်း ဗီယက်နမ် ပြည်တွင်း သတင်းများက ဆိုသည်။
ဟနွိုင်းသည် ဆိုင်ဘာလုံခြုံရေးဥပဒေ အကောင်အထည် ဖော်ကတည်းက ဖေ့စ်ဘွတ်နှင့် ဂူဂဲလ်တို့ကို ဖိအား ပိုမိုပေးလာခဲ့သည်။ ဇွန်လက အဆိုပါ အမေရိကန် နည်းပညာကုမ္ပဏီကြီး နှစ်ခုကို ပြည်တွင်း၌ ကိုယ်စားလှယ် ရုံးခွဲများ လာရောက်ဖွင့်လှစ်၍ အခွန်ဆောင်စေခြင်းနှင့် အကြောင်းအရာပိုင်း စီမံပေးခြင်း ပြုလုပ်ပေးရန် ဗီယက်နမ် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ကုမ္ပဏီက တိုက်တွန်းခဲ့သည်။
ယင်းကုမ္ပဏီများသည် ၂၀၁၈ ခုနှစ်က ဗီယက်နမ်နိုင်ငံ၌ ကြော်ငြာအခွန် ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၃၅ သန်းနှင့် ၁၅၂ဒသမ ၁ သန်းစီ အသီးသီး ရရှိကြောင်း ဝန်ကြီးဌာနက ပြောသည်။
Account အတု ၂၀၈ ခု၊ တရားမဝင် ကုန်စည်နှင့် ဝန်ဆောင်ကြော်ငြာ Link ၂၄၄၄ ခု၊ လောင်းကစား အားပေးသည့် Fan Pages ၂၁၅ ခု၊ ပါတီနှင့်အစိုးရကို အတိုက်အခံပြုနေသည့် Link ၂၀၀ ကျော်တို့ကို ဖယ်ရှားပေးရန် ဖေ့စ်ဘွတ်က မေလတွင် သဘောတူခဲ့ကြောင်း ဝန်ကြီးဌာနက ပြောသည်။
Youtube ဗီဒီယိုဖိုင်ပေါင်း ၅၅,၀၀၀ ဝန်းကျင်ကို ဗီယက်နမ် ဥပဒေချိုးဖောက်ကြောင်း (သို့မဟုတ်) အန္တရာယ် ရှိသည်ဟု ယူဆရကြောင်း ဝန်ကြီးဌာနက ဇွန်လတွင် ကြေညာခဲ့သည်။ ဗီယက်နမ်နိုင်ငံတွင် ဂူဂဲလ်နှင့် Youtube တို့ အနေဖြင့် ဗီယက်နမ် အာဏာပိုင်များ၏ တောင်းဆိုချက်အရ ဗီယိုဖိုင်ပေါင်း ၈၀၀၀ ကို ဖျက်ပေးခဲ့ရကြောင်း ပြည်တွင်း သတင်းများအရ သိရသည်။
ဖေ့စ်ဘွတ်နှင့် ဂူဂဲလ်တို့ကို တောင်းဆိုမှုများ ပြုခဲ့နေစဉ်အတွင်း အစိုးရတာဝန်ရှိသူများသည် ယင်းတို့နှင့် အပြိုင်အဆိုင် ဝန်ဆောင်မှုများ စတင်ရန် ဗီယက်နမ် နည်းပညာကုမ္ပဏီများကို ဆော်သြ နေခဲ့သည်။
“သူ့ကို သုံးစွဲတဲ့သူတွေဆီက ပါဝင်ပတ်သက်မှုနဲ့ ဖေ့စ်ဘွတ် လူမှုကွန်ရက်က လည်ပတ်နေရတာ ဆိုတော့ အဲဒီ သုံးတဲ့သူတွေကပဲ ဒီလူမှုကွန်ရက် စည်းမျဉ်းစည်းကမ်းတွေကို အဆုံးအဖြတ် ပေးရမှာ ဖြစ်ပါတယ်။ ဒီကွန်ရက်တွေဟာ လက်တွေ့ဘဝကို ထင်ဟပ်တာကြောင့် အခြေခံကျင့်ဝတ် တန်ဖိုးတွေကို မဖြစ်မနေ လေးစားရမှာပါ။ တချိန်တည်းမှာပဲ ဒီအွန်လိုင်း စင်မြင့်ဟာ အိမ်ရှင်နိုင်ငံရဲ့ ဥပဒေကို မလွဲမသွေ လိုက်နာဖို့ ဖြစ်ပါတယ်” ဟု ဟိုချီမင်းမြို့တွင် ကျင်းပသည့် လုပ်ငန်းဆိုင်ရာ အခမ်းအနား တခုတွင် ဗီယက်နမ် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီး ငုယင် မန်ဟွန်က ပြောကြားခဲ့ကြောင်း ဗီယက်နမ်မီဒီယာက ဖော်ပြသည်။
“နိုင်ငံသစ်တနိုင်ငံထဲ ဝင်လာတဲ့အခါမှာ ဖေ့စ်ဘွတ်ဟာ အဲဒီနိုင်ငံရဲ့ စည်းမျဉ်းကို လိုက်နာဖို့အတွက်က သူ့မှာ ကိုယ်ပိုင်ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းရှိတယ်ဆိုပြီး ငြင်းလေ့ရှိပါတယ်။ သုံးစွဲသူတွေ သူတို့ဖာသာ ချမှတ်တဲ့ ကိုယ်ပိုင်စည်းမျဉ်းမျိုး ရှိတဲ့ လူမှုကွန်ရက်တခုကိုလည်း ကျနော်တို့ ဘာလို့ မလုပ်နိုင်စရာ ရှိလဲ” ဟု မန်ဟွန်က ပြောသည်။
သို့သော် စင်ကာပူအခြေစိုက် ISEAS – Yusof Ishak သိပ္ပံမှ လီဟုန်ယပ် က “ဖေ့စ်ဘွတ် ကဲ့သို့ ဗီယက်နမ် အနေဖြင့် ၎င်းကိုယ်ပိုင် အဖြေများ ပေးလာမည့် ကိစ္စအပေါ် ယုံမှား သံယသဖြစ်မိကြောင်း” ထုတ်ဖော် ပြောကြားခဲ့သည်။
“ဖေ့စ်ဘွတ် (ဒါမှမဟုတ်) ဂူဂဲလ်လိုမျိုးနဲ့ ကမ္ဘာ့အဆင့် ယှဉ်ပြိုင်နိုင်မယ့် လူမှုမီဒီယာ ပလက်ဖောင်း ဖန်တီးနိုင်မယ့် အလားအလာမျိုး ဗီယက်နမ်မှာ ကျနော် မတွေ့ရသေးပါဘူး” ဟု ၎င်းက ပြောသည်။
“ဖေ့စ်ဘွတ်နဲ့ ဂူဂဲလ်တို့ ရှိနေသမျှ ကာလပတ်လုံး ဗီယက်နမ် သုံးစွဲသူတွေက သူတို့ပြည်တွင်းဖြစ် လူမှုမီဒီယာ ပလက်ဖောင်းမျိုးကို ဦးစားပေး ရွေးသုံးမှာမှ မဟုတ်တာ” ဟု ၎င်းက ထောက်ပြသည်။
၂၀၀၇ ခုနှစ်တွင် ဗီယက်နမ်သို့ ဖေ့စ်ဘွတ် ရောက်လာပြီး ကတည်းက ပြည်တွင်း လူမှုကွန်ရက်များ အတွက် ဟနွိုင်းအစိုးရက လိုင်စင် ၃၀၀ ထက်မနည်း ချထားပေးခဲ့သော်လည်း ယင်းလိုင်စင်ရသည့် လုပ်ငန်း အနည်းငယ်သာ ယခုအထိ အသက်ဆက်နိုင်ကြသည်။
ပြည်တွင်း ကုမ္ပဏီများ ထူထောင်ပေးသော အွန်လိုင်းစင်မြင့် အများစုသည် သုံးစွဲသူအတွက် အဆင် မပြေကြောင်း၊ ဖေ့စ်ဘုတ်ကဲ့သို့ မဖြစ်ဖြစ်အောင် ဖြတ်ညှပ် ကပ်လုပ်ထားရန် ရည်ရွယ် ဖန်တီး ထားကြောင်း သုံးစွဲသူများက စောဒက တက်ခဲ့ကြသည်။ ဖေ့စ်ဘွတ်နှင့် ဂူဂဲလ်ဝန်ဆောင်များကို ပိတ်ပင်ထားသည့် တရုတ်ပြည်ကဲ့သို့ ဟနွိုင်းသည်လည်း လူမှုကွန်ရက်များကို တင်းကြပ်ထား လိုကြောင်း ကျွမ်းကျင်သူ တချို့က ပြောကြသည်။
ယင်းသဘောထား အမြင်ကို လေ့လာ သုံးသပ်သူ အားလုံးက လက်မခံကြပေ။
“ဟနွိုင်းဟာ ဖေ့စ်ဘွတ် (ဒါမှမဟုတ်) ဂူဂဲလ်ကို အစားထိုးဖို့ ပလက်ဖောင်းသစ် တခုကို အကုန်အကျခံ တည်ဆောက် ပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းကနေ သူ့နိုင်ငံကို အထီးကျန်အောင် အင်တာနက် ပိတ်မှာတော့ မဟုတ်ဘူးဗျ” ဟု ဟိုချီမင်းမြို့အခြေစိုက် Performance King အတိုင်ပင်ခံ လုပ်ငန်းမှ ဒီဂျစ်တယ် သုတေသီနှင့် တည်ထောင်သူ ထရန်ဟုန်နင်းက ပြောကြားခဲ့သည်။
ကိုးကား ။ ။ Nikkei Asia Review ၏ Vietnamese social media networks spring up to challenge Facebook
ဆက်စပ်ဖတ်ရှုရန်
ဖိုင် အပြန်အလှန် ပေးပို့နိုင်တဲ့စနစ် ဖန်တီးရန် Xiaomi ၊ OPPO နဲ့ Vivo တို့ ပူးပေါင်း
Google Maps ကို ယှဉ်ပြိုင်မယ့် ကိုယ်ပိုင် မြေပုံဝန်ဆောင်မှုတခုကို Huawei ဖန်တီးနေ
အမေရိကန်အစိုးရက Huawei ကို နောက်ထပ် ရက် ၉၀ ယာယီလိုင်စင် ထုတ်ပေးမည်