ရခိုင်အရေးကြောင့် မလေးရှား-မြန်မာ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို မထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ မလေးရှား သံအမတ် Mr.Zahairi Baharim က ပြောသည်။
ရန်ကုန်မြို့ရှိ Wyndham Grand Yangon ဟိုတယ်၌ သြဂုတ် ၂၀ ရက်က မလေးရှား-မြန်မာ စီးပွားရေး အသင်းက ပြုလုပ် သော Malaysia-Myanmar Connect 2019 နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခြင်း ဖြစ်သည်။
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် အနေဖြင့် မြန်မာနိုင်ငံအပေါ် ရခိုင်အရေးနှင့် ပတ်သက်၍ ဝေဖန်ပြော ဆိုမှုများ ရှိသော်လည်း နိုင်ငံရေးအရ ပြောဆိုမှုများသာ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ် Mr.Zahairi Baharim က ပြောသည်။
မလေးရှား ဝန်ကြီးချုပ် မဟာသီယာသည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာခဲ့သူများနှင့် ပတ်သက်ပြီး မြန်မာအစိုးရ ကိုင်တွယ် ဖြေရှင်းပုံများကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုမှုများ လုပ်ဆောင်လျက် ရှိသလို မြန်မာနိုင်ငံဘက်မှလည်း ယင်းသို့ တဖက် သတ် စွပ်စွဲ ပြောဆိုမှုများနှင့်ပတ်သက်၍ သြဂုတ်လဆန်းပိုင်းက မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ကန့်ကွက်ကြောင်း တွေ့ဆုံပြောကြားမှု ပြုလုပ်ခဲ့သည်။
ထိုသို့ မလေးရှားနိုင်ငံက ရခိုင်အရေးနှင့် ပတ်သက်၍ ပြင်းထန်သည့် ကြေညာချက်များ ထုတ်ပြန်ခဲ့သော်လည်း မြန်မာ နိုင်ငံ ကို တိုးတက်စေချင်ပြီး အာဆီယံ အဖွဲ့ဝင် နိုင်ငံများထဲတွင် စီးပွားရေး တိုးတက်သည့် နိုင်ငံတခုအနေဖြင့် ဖြစ်စေချင်ကြောင်း လည်း မလေးရှား သံအမတ် Mr.Zahairi Baharim က ဧရာဝတီသို့ ပြောဆိုသည်။
မလေးရှား သံအမတ် Mr.Zahairi Baharim က“နိုင်ငံရေးဆိုတာက ပြည်သူတွေအတွက် အလုပ်တွေများများ မဖန်တီးပေး နိုင်ပါဘူး။ စီးပွားရေးကသာ ဖန်တီးပေးနိုင်မှာပါ။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေများလာမှ နိုင်ငံရေးအရ ဆက်ဆံမှု တွေလည်း ပိုမိုကောင်းမွန် လာနိုင်မှာ ဖြစ်ပါတယ်”ဟု ဆိုသည်။
ထို့ပြင် သြဂုတ် ၃၀ ရက်တွင် မလေးရှား-မြန်မာ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုများ ပိုမိုမြှင့်တင်နိုင်ရန် အတွက် Malaysia-Myanmar Connect 2019 ပွဲကို ရန်ကုန်မြို့ရှိ Wyndham Grand Yangon ဟိုတယ်၌ ကျင်းပသွားမည် ဖြစ် ကြောင်း မလေးရှားသံရုံး က သိရသည်။
အဆိုပါ စီးပွားရေး ဆွေးနွေးပွဲတွင် မြန်မာ အစိုးရအဖွဲ့၏ Project Bank များနှင့် တိုင်းနှင့်ပြည်နယ် အစိုးရ အဖွဲ့များ၏ Project Bank များကို မလေးရှား စီးပွားရေး လုပ်ငန်းရှင်များက လေ့လာခွင့်ရမည်ဖြစ်ပြီး ယင်းစီမံကိန်းများသည် မလေးရှား လုပ်ငန်းများ အတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများ ဖြစ်ကြောင်း မလေးရှား-မြန်မာ စီးပွားရေး အသင်း ဥက္ကဋ္ဌ Mr.Gillbert Lee က ပြောသည်။
၎င်းက“မြန်မာင်ငံမှာ အိုင်တီလုပ်ငန်းတွေမှာ ဖွံ့ဖြိုးမှုလိုနေသေးတဲ့အတွက် မလေးရှားလုပ်ငန်းရှင်တွေက အိုင်တီကဏ္ဍ ရင်း နှီးမြှုပ်နှံဖို့ စိတ်ဝင်စားမှုတွေ ရှိတယ်။ နောက်တခုက စက်မှုကုန်ထုတ် ကဏ္ဍမှာဆိုရင်လည်း မြန်မာနိုင်ငံက လုပ်သားနဲ့ ကုန် ကြမ်းတွေ ရှိတယ်။ မလေးရှား လုပ်ငန်းရှင်တွေမှာက ဈေးကွက်ရှိတဲ့အတွက် ဒီလိုကဏ္ဍမျိုးမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် နိုင်မယ်ဆိုရင် မြန်မာက စီးပွားရေး လုပ်ငန်းတွေ ပိုပြီး အခွင့်အလမ်းတွေ ရှိလာမယ်”ဟု ဆိုသည်။
မလေးရှား နိုင်ငံသည် လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၆၆ ခုအထိ ရင်းနှီး မြှုပ်နှံထားကာ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၂ ဘီလီယံ နီးပါး အထိရှိပြီး မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများ ဆုံး နိုင်ငံများ စာရင်း၌ နံပါတ် ၈ နေရာတွင် ရှိသည့် နိုင်ငံဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) က သိရသည်။