မြန်မာပြည်သူများ၏ အကျိုးအတွက်နှင့် နိုင်ငံ၏ စီးပွားရေး တိုးတက်မှုအတွက် တာဝန်သိပြီး အရည်အသွေးမီ၊ ကျင့်ဝတ်ညီသော ရင်းနှီးမြှုုပ်နှံမှုကို အားပေးရန် ဂျပန်နှင့် အမေရိကန်နိုင်ငံတို့က မြန်မာနှင့် အတူရပ်တည်မည် ဖြစ်ကြောင်း ထိုနိုင်ငံ သံရုံးများက အင်္ဂါနေ့တွင် ပြောသည်။
အင်္ဂါနေ့က ရန်ကုန်တွင် ကျင်းပသော မြန်မာ-ဂျပန်- အမေရိကန် တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုအားပေးရေး ညီလာခံ ဖွင့်ပွဲအပြီးတွင် ထိုကြေညာချက်ကို နှစ်နိုင်ငံ သံရုံးများက ပူးတွဲထုတ်ပြန်ခြင်း ဖြစ်သည်။
“ထိုအချက်သည် သြဂုတ်လ ၂၀ ရက်နေ့က ရန်ကုန်တွင် ကျင်းပသည့် မြန်မာ-ဂျပန်-အမေရိကန် တာဝန် သိသော ရင်းနှီးမြှုပ်နှံမှု အားပေးရေးညီလာခံမှ အဓိက သတင်းစကားဖြစ်သည်” ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။
မြန်မာ၊ ဂျပန်၊ အမေရိကန်တို့မှ အစိုးရများနှင့် စီးပွားရေး အသိုင်းအဝန်းများကို ကိုယ်စားပြုသောသူ ၂၅၀ ခန့် ထိုဆွေးနွေးပွဲသို့ တက်ရောက်သည်။ ထို တက်ရောက်သူများတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမေရိကန် သံအမတ် စကော့မာစီရယ်နှင့် ဂျပန်သံအမတ် အီချီရိုမာရူယာမ တို့လည်း ပါဝင်သည်။
“ဂျပန်နဲ့ အမေရိကန် ပြည်ထောင်စုတို့ဟာ မြန်မာနိုင်ငံမှာ ရေရှည် တည်တံ့ခိုင်မြဲတဲ့ စီးပွားရေးတိုးတက်မှု ရရှိတာကို မြင်လိုကြတယ်။ ဒါကြောင့် အခုညီလာခံကို ဒီနေ့ ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်” ဟု ဂျပန် သံအမတ်ကြီး မာရူယာမက ပြောသည်။
စုစုပေါင်း အမျိုးသားထုတ်လုပ်မှု (GDP) သည် ၂၀၀၀ ပြည့်နှစ်က အမေရိကန်ဒေါ်လာ ၈.၉ ဘီလျံ (၁၃.၅၆ ထရီလျံကျပ်) သာ ရှိရာမှ လွန်ခဲ့သောနှစ်က အမေရိကန်ဒေါ်လာ ၇၁ ဘီလျံအထိ တိုးလာပြီး မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကျယ်ပြန့်လာနေကြောင်း အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံ၏ သေနင်္ဂဗျူဟာကျသော တည်နေရာကို မီးမောင်း ထိုးပြပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မြန်မာနိုင်ငံသည် အရှေ့တောင် အာရှတွင် ဖွံ့ဖြိုးမှု အမြန်ဆန်ဆုံး စီးပွားရေးများတွင် ပါဝင်ကြောင်းလည်း သူက ပြောသည်။
၂၀၁၆ ခုနှစ်တွင် စတင်တာဝန်ယူပြီးနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသည် ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်များ ပြဋ္ဌာန်းခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို မြှင့်တင်ရန် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကို ဖြေလျှော့ခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးကို အထူးပြုသည့် ဝန်ကြီးဌာနသစ် ထူထောင်ခြင်း၊လူမှု စီးပွားရေးကဏ္ဍများတွင် ညီမျှသော တိုးတက်မှုကို အားပေးသည့် လမ်းပြမြေပုံဖြစ်သော မြန်မာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ရေးဆွဲခြင်းအပါအဝင် ပြုပြင်ပြောင်းလဲမှု အများအပြား လုပ်ဆောင်ခဲ့သည်။
ထို့အပြင် အစိုးရသည် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းကိုချမှတ်ခြင်း၊ စီမံကိန်းဘဏ်နှင့် စက်မှုနှင့် စီးပွားရေး လုပ်ငန်းများအတွက် မြေအသုံးပြုခွင့် လွယ်ကူစေရန်နှင့် မြေပိုင်ဆိုင်မှု ပိုမို ရှင်းလင်း ပြတ်သားစေရန်အတွက် အွန်လိုင်း မြေယာဘဏ်ကို ထူထောင်ခြင်း စသည်တို့ကိုလည်း ဆောင်ရွက်ခဲ့သည်။
“ဒီပြုပြင် ပြောင်းလဲရေးတွေနဲ့ အခြားသော ပြုပြင်ပြောင်းလဲရေးတွေဟာ ပိုမို များပြားတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အထူးသဖြင့် အမေရိကန်နဲ့ ဂျပန်က ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရာမှာ အကျိုးရှိစေမယ်လို့ ကျမတို့ ယုံကြည်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ပြောသည်။
တိုးတက်မှုများနှင့်အတူ စိန်ခေါ်မှုများလည်း ရှိနေကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည် ဝန်ခံသည်။
“ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေတာလည်း အထင်အရှား ဖြစ်ပါတယ်။ ဒါတွေကို ကျော်လွှားဖို့ တက်ကြွတဲ့ ထောက်ခံ အားပေးမှုကို ကျမတို့ ရှာဖွေနေတယ်” ဟု သူပြောသည်။
စစ်အာဏာရှင် စနစ်အောက်တွင် ဆယ်စုနှစ် ၆ ခုနီးပါးအကြာ အထီးကျန် နေထိုင်ပြီးနောက် မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းကို ပြီးပြည့်စုံအောင် ကြိုးစားရာတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများသည် ဒေါ်အောင်ဆန်းစုကြည် အစိုးရ၏ အဓိက ရည်မှန်းချက်တခုဖြစ်သည်။
အစိုးရသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အာဏာရသည့် အချိန်မှစတင်ပြီး နိုင်ငံရေးနှင့် စီးပွားရေး ကဏ္ဍနှစ်ခုလုံးတွင် ပြုပြင်ပြောင်းလဲရေးများကို အကောင်အထည် ဖော်နေသည်။ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ အကျပ်အတည်း ပြီးနောက် နိုင်ငံ၏ ပုံရိပ်ကို အကြီးအကျယ် ထိခိုက်သောကြောင့် မြန်မာနိုင်ငံသည် စီးပွားရေး နှေးကွေးမှုနှင့် နိုင်ငံခြား တိုက်ရိုက်ရင်း နှစ်မြှုပ်နှံမှု (FDI) ကျဆင်းမှုကို ရင်ဆိုင်နေရသည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံကို ခေတ်ကောင်းတွင်သာမက၊ ခေတ်ဆိုးများတွင်ပါ ထောက်ခံ ခဲ့သောကြောင့် ခိုင်မာသော မဟာမိတ်နှင့် မှီခိုအားထားလောက်သော တန်ဖိုးထားရသည့် မိတ်ဆွေအဖြစ် ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးသည်။
၂၀၁၀ ပြည့်နှစ်တွင် မြန်မာ့စီးပွားရေး တံခါးဖွင့်လာပြီးနောက် ဂျပန်နိုင်ငံသည် ဘဏ္ဍာရေးကဏ္ဍ တိုးတက်ရေးမှသည် ရထားလမ်း၊ ကားလမ်းနှင့် စွမ်းအင် ကွန်ရက်များအထိ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး စီမံကိန်းများတွင် တက်ကြွစွာပါဝင်ခဲ့သည်။ ရန်ကုန်အနီးရှိ ၂၃၄၂ ဟက်တာ ကျယ်ဝန်းသည့် သီလဝါ အထူးစီးပွားရေးဇုန် (SEZ) သည် မြန်မာနိုင်ငံတွင် ပထမဆုံး ဂျပန်-မြန်မာ အများပြည်သူနှင့် ပုဂ္ဂလိက အစီအစဉ် ဖြစ်သည်။
ယခုနှစ် ဇူလိုင်လအထိ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံတွင် ဒဿမမြောက် အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရင်းမြစ် ဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ အဆိုအရသိရသည်။
သီလဝါ အထူးစီးပွားရေးဇုန်သည် အပြုသဘောဆောင်သော ပူးပေါင်း ဆောင်ရွက်မှု၏ အကျိုးကျေးဇူးကို မီးမောင်းထိုးပြသည့် အောင်မြင်မှု အထွဋ်အထိပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးသည်။ ၂၀၁၆ ခုနှစ်တွင် စီးပွားရေး စတင်ဖွင့်ပြီးနောက် ဧပြီလအထိ ထိုဇုန်သို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာ ၁.၆ ဘီလျံ စီးဝင်ခဲ့သည်။ ဇွန်လအထိ စာရင်းများအရ သီလဝါ အထူးစီးပွားရေးဇုန်သို့ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၀၈ ခု လာရောက် ရင်းနှီးမြှုပ်နံှကြသည်။
သီလဝါသည် အမေရိကန်စီးပွားရေးလုပ်ငန်းများကိုလည်း ဆွဲဆောင်နေကောင်း အမေရိကန် သံအမတ် မာစီရယ်ပြောပြီး အမေရိကန် ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးများကို တုန့်ပြန်နေကြောင်းလည်း ထည့်သွင်း ပြောကြားသည်။
“အမေရိကန်ကုမ္ပဏီတွေဟာ တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုကို ယူဆောင်လာပေးတယ်။ သူတို့တွေက ပြည်တွင်း အလုပ်သမား အင်အားစုတွေကို ငှားရန်း လေ့ကျင့်ပေးတယ်။ သူတို့တွေက အခွန်ဆောင်တယ်။ လာဘ်မပေးဘူး။ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပြီး ဒေသခံ လူမှုအသိုင်းအဝန်းတွေကို အကျိုးဖြစ်စေဖို့ ဥပဒေ လုပ်ထုံးလုပ်နည်း တွေကို လိုက်နာကြတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
အမေရိကန် ပြည်ထောင်စုသည် နည်းပညာများ၊ အထူးသဖြင့် General Electric နှင် Chevron တို့ကဲ့သို့သော စွမ်းအင် ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပုံစံဖြင့် မြန်မာနိုင်ငံ တိုးတက်မှုကို ထောက်ခံခဲ့သည်မှာ ကာလ ကြာမြင့်ပြီ ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ညီလာခံတွင် ပြောသည်။
“အမေရိကန်ရင်းနှီးမြှုပ်နှံမှု အသိုင်းအဝန်းကိုလည်း ကျမ ကြိုဆိုလိုပါတယ်” ဟု သူက ပြောသည်။
လက်ရှိအချိန်တွင် Ford Motor Company သည် အလုပ်အကိုင်သစ်များ ဖန်တီးပေးနေပြီး မြန်မာနိုင်ငံ၏ ကျယ်ပြန့်လာသော ကားဈေးကွက်ကို ဝန်ဆောင်မှုပေးနေသည်ဟု သူက ပြောသည်။ တချိန်တည်းတွင် အမေရိကန်အစိုးရ၏ ဖွံဖြိုးတိုးတက်မှု ဘဏ္ဍာငွေ အထောက်အကူပြု အဖွဲ့ဖြစ်သည့် ရေခြားမြေခြား ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (OPIC) က ဆက်သွယ်ရေး တာဝါတိုင် ၁၈၀၀ ကျော် တည်ဆောက်ရေးအတွက် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ဆက်သွယ်ရေး တာဝါတိုင် ကုမ္ပဏီဖြစ်သည့် Apollo Towers မှ တဆင့် ဒေါ်လာ သန်း ၂၅၀ ထောက်ပံ့ရန် ကတိပြုထားသည်။
OPIC သည် အမျိုးသမီး အများအပြား ပါဝင်သည့် လုပ်ငန်းရှင်များနှင့် လယ်သမားငယ်များကို ငွေပိုမို ထုတ်ချေးနိုင်ရေး အတွက် Proximity Finance သို့ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈ သန်းကို မကြာသေးမီက ခွင့်ပြုခဲ့သည်။
“ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးလုပ်ငန်း၊ ပညာရေးလုပ်ငန်း တွေလို အခြားနယ်ပယ် တွေမှာလည်း အမေရိကန် စီးပွားရေး လုပ်ငန်းရှင်က အရမ်းစိတ်ဝင်စားကြပြီး ကျမတို့က သူတို့ကို ကြိုဆိုဖို့ မျှော်လင့်နေတယ်” ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။
ဇွန်လအထိ စာရင်းများအရ အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံ၏ ၁၃ ခုမြောက် အကြီးမားဆုံးသော နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရင်းမြစ်ဖြစ်သည်။
နှစ်နိုင်ငံစလုံးမှ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံတွင် ရှိနေခြင်းသည် ချိန်ခွင်လျှာ ညီမျှမှုနှင့် တည်ငြိမ်မှုကို အထောက်အကူ ပေးနိုင်ကြောင်း နည်းပညာ၊ ကျွမ်းကျင်မှုများ၊ စံနှုန်းများ လွှဲပြောင်းပေးခြင်း မြန်မာနိုင်ငံ တိုးတက်ရေးအတွက် အထောက်အကူပြုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ညီလာခံတွင် အလေးထား ပြောကြားသည်။
အထက်ပါ ကြေညာချက်အရ ၎င်းတို့၏ အစိုးရများသည် မြန်မာနိုင်ငံ၏ အားလုံး အကျုံးဝင်သော တိုးတက်မှုကို ထောက်ခံမည့် ကတိကဝတ်ကို သံအမတ်နှစ်ဦးတို့က ထပ်လောင်း အတည်ပြုကြောင်း အထက်ပါ ကြေညာချက် အရ သိရသည်။
၂၀၁၉ ခုနှစ် ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံတွင် ခွင့်ပြုသည့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၂.၃ ဘီလျံရှိပြီး ယခင်နှစ် အလားတူကာလက ဒေါ်လာ ၁.၃ ဘီလျံထက် ၇၇ ရာခိုင်နှုန်း တိုးလာကြောင်း မြန်မာအစိုးရက ကြေညာသည်။
သို့သော် မြန်မာနိုင်ငံသည် ယခုနှစ် စီးပွားလုပ်ရန် လွယ်ကူမှု အညွှန်းကိန်းတွင် တိုးတက်လာခြင်းမရှိဘဲ၊ ယခင်နှစ်ကအတိုင်း ၁၇၁ နေရာတွင် ရှိနေကာ အရှေ့တောင်အာရှ နိုင်ငံများအသင်းတွင် အနိမ့်ဆုံး ဖြစ်နေသည်။ အစိုးရသည် ၂၀၂၀ ပြည့်နှစ်တွင် ထိုအညွှန်းကိန်း ၁၀၀ အတွင်းသို့ တိုးတက်လာအောင် လုပ်ဆောင်ရေး အတွက် လုပ်ငန်း အဖွဲ့များကို ဖွဲ့စည်းထားသည်။
(Nan Lwin ၏ US, Japan Vow to Back ‘Responsible Investment’ in Myanmar ကို ဘာသာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှုရန် – ရခိုင်အရေးကြောင့် မလေးရှား-မြန်မာ စီးပွားရေး ထိခိုက်မှု မရှိနိုင်ဟု ဆို
အီတလီ ရင်းနှီးမြှုပ်နှံမှု စတင် ဝင်ရောက်