ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ ချေးယူထားသည့် ဘဏ် ချေးငွေများကို ယခုနှစ် စက်တင်ဘာလ နောက်ဆုံး ထား၍ ပြန်ဆပ်ရန် ဘဏ်များက အကြောင်းကြားမှု ရှိနေကြောင်း လုပ်ငန်းရှင်များထံက သိရသည်။
ဘဏ်ကြွေးများကို စက်တင်ဘာလကုန်တွင် ပြန်ဆပ်ရန် ဘဏ်များက အကြောင်းကြားထားပြီး ချေးငွေ ပြန်ဆပ်နိုင် ခြင်း မရှိသည့် လုပ်ငန်းရှင်များ အနေဖြင့် အပေါင်ပစ္စည်းများ သိမ်းယူခြင်း၊ တရားစွဲဆိုခြင်းများကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဇေကမ္ဘာ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေက ပြောပြသည်။
သြဂုတ်လ ၂၂ ရက်က ရန်ကုန်မြို့ တော်ဝင်ဂါးဒင်း ဟိုတယ်၌ ပြုလုပ်သော မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ အသင်း ဖွဲ့စည်းခြင်း အခမ်းအနား၌ ထိုသို့ ပြောခြင်း ဖြစ်သည်။
ဦးခင်ရွှေက“ဘဏ်တွေ အနေနဲ့က စက်တင်ဘာလကုန်မှာ စီးပွားရေးသမားတွေ ဆီကနေ ပြန်ပြီး အကြွေး ပြန်ဆပ်ပါ။ မဆပ်တဲ့ စီးပွားရေးသမားတွေကို တရားစွဲဆိုတာမျိုး၊ ပစ္စည်းသိမ်းမှာမျိုး စက်တင်ဘာလကုန် Target ပေးထားတယ်။ မြန်မာပြည်မှာ ရှိတဲ့ စီးပွားရေးသမား အားလုံး နီးပါးဟာ ဘဏ်က အကြွေးတွေ ယူထားတယ်။ Property တွေ အများ ကြီး ပေါင်ထားတဲ့ အနေအထားမျိုး ရှိတယ်”ဟု ပြောသည်။
လာမည့် စက်တင်ဘာလကုန်တွင် ဘဏ်ကြွေးပြန်မပေးနိုင်၍ တရားစွဲဆို ခံရမည့် စီးပွားရေးလုပ်ငန်းရှင်များထဲတွင် ထိပ်သီး စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် လုပ်ငန်းရှင်ပေါင်း ၁ သောင်းကျော် အထိ ရှိကြောင်း ၎င်းက ဆိုသည်။
ဦးခင်ရွှေက“ဘဏ်ဆိုတဲ့သဘောက စီးပွားရေးသမားတွေ အားလုံးနဲ့အကုန် ဆပ်စပ်နေတယ်။ အားလုံးက နိုင်ငံတကာ မှာလည်း ဒီအတိုင်းပဲ ဘဏ်ကနေ ပိုက်ဆံယူပြီး လုပ်ကြတယ်။ ဘယ်သူမှ မိမိပိုက်ဆံနဲ့ မလောက်ကြဘူး။ အဲဒါကြောင့် ပေါင်ပြီး ဆောက်ကြ လုပ်ကြတယ်။ ပြန်မဆပ်နိုင်လို့ တရားစွဲမယ်ဆိုရင် စီးပွားရေးအရ တော်တော်များများကို ဒုက္ခ ရောက်မယ့် အနေအထားမျိုး ရှိတယ်။ ယနေ့ ဆောက်လုပ်ရေး လောကမှာ အများဆုံးက ပိုက်ဆံချေးတာ များတယ်” ဟု ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ရက်အနည်းငယ် ရွှေ့ဆိုင်းပေးရန် အတွက် ပထမအဆင့်အနေနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌ ထံ တောင်းဆိုခြင်းမျိုး လုပ်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုထားသည်။
အဆိုပါ ဘဏ်ချေးငွေများ ပြန်တောင်းခြင်းသည် ဗဟိုဘဏ် ၏ ညွှန်ကြားချက် အရ ဖြစ်ကြောင်း ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူနှင့် ကမ္ဘောဇဘဏ် အကြံပေးလည်း ဖြစ်သူ ဦးသန်းလွင်က ပြောပြသည်။
ဦးသန်းလွင်က“ပြန်တောင်းထားတာကတော့ စီးပွားရေး မကောင်းမှန်းလည်း သိတယ်။ ဒါပေမယ့် အန်ကယ်တို့လည်း စီးပွားရေး ပြန် ကောင်းအောင် ဘဏ်အတိုးနှုန်း လျှော့ပါ၊ အခွန်လျှော့ပါ ပြောတာပဲ။ အခုက အခွန်ကတော့ လျှော့ပြီ ပေါ့။ အတိုးနှုန်းကတော့ ကျန်သေးတယ်။ ဒါပေမယ့် ပြန်တောင်းတယ် ဆိုတဲ့ အဓိပ္ပာယ်ကတော့ ဗဟိုဘဏ်က ညွှန်ကြားချက် ဖြစ်တယ်။ ဗဟိုဘဏ်က ညွှန်ကြားလို့ ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယခု ဘဏ္ဍာရေးနှစ် စာရင်းပိတ်လ ဖြစ်သော စက်တင်ဘာလကုန် နောက်ဆုံး သတ်မှတ်၍ ပြန်တောင်းခြင်း ဖြစ်ကြောင်း လည်း သိရသည်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က“မဖြစ်မနေ စက်တင်ဘာလကုန်မှာ ပြန်ဆပ်ရမယ်။ မဆပ်နိုင်ရင် တနည်းနည်းနဲ့ စီစဉ်တာ ရှိတယ်။ ဒါ ဗဟိုဘဏ်နဲ့ နိုင်ငံတော်ရဲ့ မူဝါဒပေါ့။ ဒါကို ဆိုင်းငံ့ထားနိုင်ရင်တော့ကောင်းတာပေါ့။ ပမာဏက အရမ်းများတဲ့ အခါကျတော့ စီးပွားရေးအတွက် အန္တရာယ်များတယ်။ ဆိုပါတော့ ကျနော်တို့ စီးပွားရေး လုပ်ငန်းရှင်ကြီး ၄၀၊ ၅၀ က ဒါကို ပြန်ဆပ်ဆိုရင် ဆပ်နိုင်ခဲ့ရင် ကောင်းတယ်။ မဆပ်နိုင်ခဲ့ ရင် အကျပ်အတည်းတခုထိ ရောက်သွားနိုင်တဲ့ အခြေအနေရှိတယ်”ဟု ပြောသည်။
ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အနေနှင့် အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းများ အတွက် ချေးယူထားမှုမှာ အစိုးရ ဘဏ် ထက် ပုဂ္ဂလိကဘဏ်များတွင် ချေးယူထားမှု များပြီး ယင်းမှာလည်း ပမာဏကို တရားဝင် ထုတ်ပြန်ပေးမှသာ သိရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဥပမာ အခုကျနော်တို့ နိုင်ငံတော်က ရောင်းနေတဲ့ တန်ဖိုးနည်း ကျပ်သိန်း ၁၀၀၊ ၁၂၀ တိုက်ခန်းတွေတောင် ရောင်း မထွက်ဘူး။ ဒါတောင် လက်ငင်း ငွေချေ စနစ် မဟုတ်ဘူး။ ၂၀ ရာခိုင်နှုန်းသွင်း ၃၀ ရာခိုင်နှုန်းသွင်းဖြစ်တယ်။ ကျနော် တို့ ချေးငွေနဲ့ဟာတောင် မထွက်တာ။ ၁ အချက်ကတော့ လူတွေ စီးပွားရေး မကောင်းတာ၊ ၂ အချက်ကတော့ တိုက်ခန်း တန်ဖိုးကျမယ် ဆိုပြီး မဝယ်ကြတာ။ ဈေးကကျစရာလည်း ကုန်နေပြီ”ဟု ဦးမျိုးမြင့်က ပြောသည်။
လက်ရှိ အချိန်တွင် နိုင်ငံ၏ စီးပွားရေးမှာ ကောင်းမွန်မှု မရှိသေးသောကြောင့် ဘဏ်မှ လုပ်ငန်းရှင်များထံက ပြန်လည် တောင်းသည့် ချေးငွေများကို ထပ်မံ၍ ဆိုင်းငံ့ထားသင့်ကြောင်း ပြည်တွင်း လုပ်ငန်းရှင်များက ပြောဆိုကြသည်။
၂၀၁၈ ခုနှစ် သြဂုတ်လအတွင်း နေပြည်တော်ရှိ MICC 1 ခန်းမတွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲ၌ လုပ်ငန်းရှင်များဘက်က နိုင်ငံ၏ စီးပွားရေး လုပ်ငန်းများ ပိုမိုကောင်းမွန် လာ စေရန် အတွက် အခွန်နှင့် ဘဏ်တိုးနှုန်းများ လျှော့ချပေးရန် တင်ပြ တောင်းဆိုခဲ့ကြသည်။
You may also like these stories:
ဧရာဝတီတိုင်းအတွင်း ချေးငွေ ပြန်မဆပ်သည့် လယ်သမား ၁၄၀၀၀၀ ကျော်ရှိနေ
အခွန်နှင့် ဘဏ်တိုး လျှော့ချရေး နိုင်ငံအဆင့်သို့ တင်ပြထား ဟုဆို