ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်အတွင်း တစ်သျှူး ငှက်ပျောစိုက်ပျိုးမှုများကိုရပ်တန့်ရန် ညွှန်ကြားထားပြီး ပြန်လည် စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့ မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက “လတ်တလောမှာ တစ်သျှူး ငှက်ပျော စိုက်ပျိုးတာနဲ့ ပတ်သက်ပြီး ရပ်တန့်ထားတယ်။ အသစ်စိုက်ဖို့ ထပ်ပြီးချပေးတာမျိုး မရှိဘူး။ လက်ရှိ ကချင်ပြည်အတွင်းမှာ မြေလွတ်မြေရိုင်းလျှောက်ပြီး တစ်သျှူး ငှက်ပျောစိုက်တာတွေအတွက် အရေးယူမှု လုပ်ထားတာတေ ွရှိတယ်။ နောက်ထပ် တစ်သျှူးငှက်ပျောစိုက်တာတွေကို တွေ့ရှိပြီး တိုင်ခဲ့ရင် ၊ စစ်ဆေးလို့တွေ့ရှိရင် အရေးယူမှုတွေ လုပ်သွားမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါဒေသတွင် မြေလွတ်မြေရိုင်းအဖြစ် လျှောက်ထားကာ အခြားသီးနှံများ စိုက်ရန် ချထားပေးခြင်း ဖြစ်သော်လည်း တစ်ရှုးငှက်ပျောများ စိုက်ပျိုးနေကြောင်း၊ သို့ဖြစ်ရာ စိုက်ပျိုးမြေများကို ပြန်လည် စစ်ဆေးရန် လိုအပ်သဖြင့် ဇွန်လအတွင်းမှ စတင်ကာ တစ်သျှူး ငှက်ပျော စိုက်ပျိုးမှုများကို ရပ်တန့်ထားရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရသည်။
ဗန်းမော်မြို့နယ် အတွင်းရှိ စင်းခန်းကျေးရွာအုပ်စု၊ မြလယ်ကျေးရွာနှင့် ခူးလီကျေးရွာများတွင်လည်း တရုတ် နိုင်ငံသားများအား တစ်သျှူးငှက်ပျော စိုက်ပျိုးမြေများ ချထားပေးရာတွင် ဒေသခံ တိုင်းရင်းသား တောင်သူများ လုပ်ကိုင်နေသည့် တောင်ယာမြေများ၊ လယ်ယာမြေများ ပါဝင်နေခြင်းကြောင်း ဒေသခံအနေဖြင့် အဖက်ဖက်မှ ဆုံးရှုံးနေရကြောင်း ဒေသခံများက ပြောဆိုမှုများ ရှိသည်။
“ကျနော်တို့ မြလယ်ကျေးရွာမှာ တစ်သျှုးငှက်ပျောစိုက်ခင်းနဲ့ ပတ်သက်ပြီးတော့ မြေလွတ်မြေရိုင်း ပြဿနာ ကြုံတွေ့နေ ရပါတယ်။ ပြီးခဲ့တဲ့ ၂၁၀၈ သြဂုတ်လလောက်က စပြီးတော့ စင်းခန်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်တဲ့ ဦးမြင့်တင်နဲ့ အဖွဲ့က နေပြီးတော့ ရွာသားတွေပိုင်ဆိုင်တဲ့ လက်ရှိလုပ်ကိုင် စားသောက်နေတဲ့မြေနေရာကို အစိုးရက သူတို့ကို ချထားပေးလိုက်ပြီ ဆိုပြီး ခုတ်ထွင်ရှင်းလင်းတဲ့ ကိစ္စတွေ ဖြစ်ခဲ့တယ်။ အဲဒီမြေတွေဟာ ကျနော်တို့ဒေသခံတွေ အဓိက အသက်မွေး ဝမ်းကြောင်းအနေနဲ့ လုပ်ကိုင်စားသောက်နေတဲ့ မြေနေရာတွေ ဖြစ်ပါတယ်၊ မြလယ်ကျေးရွာမှာ လယ်ကွင်း တွေ၊ လယ်ပြင်တွေ များများစားစား မရှိပါဘူး။ ရိုးလယ်လေးတွေပဲ ရှိတာပါ။ ဒီလယ်တွေမှာ လုပ်ကိုင် စားသောက်ပြီး ဝမ်းစာ မဖူလုံတဲ့ အခါမှာ ကုန်းမြေဘက်ကို တောင်ယာတွေခုတ်ပြီး ရာသီပေါ် သီးနှံတွေ စိုက်ပျိုး စားသောက်ကြတယ်။ ဒီမြေတွေဟာ အခု ဆုံးရှုံးရတော့မယ့် အနေအထား ဖြစ်နေပါတယ်”ဟု မြလယ်ကျေးရွာမှ ကချင်နှစ်ခြင်း အသင်းတော် သင်းအုပ်ဆရာတော် ဦးလဒွဲက ပြောသည်။
အဆိုပါကျေးရွာများတွင် ကချင်၊ လီဆူ၊ ရှမ်း၊ ဗမာ တိုင်းရင်းသားများ စုပေါင်း နေထိုင်ကြပြီး ဒေသခံများမှာ တနှစ်ခြား တခါ နေရာ ရွှေ့ပြောင်းစိုက်ပျိုးသည့် တောင်ယာစိုက်ပျိုးမှု စနစ် ကျင့်သုံးကြသည့် အတွက် စိုက်ပျိုးမြေများကို တိတိကျကျ သတ်မှတ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ (၇) ပြုလုပ်မှု မရှိကြောင်း သိရသည်။
ယင်းအပေါ် အခွင့်ကောင်းယူကာ စင်းခန်းကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးမြင့်တင်ဆိုသူက ထိုမြေများကို ၂၀၁၈ ခုနှစ်တွင် မြေလွတ်မြေရိုင်းများအဖြစ် သက်ဆိုင်ရာထံ လျှောက်ထားကာ သိမ်းယူခဲ့ကြောင်း၊ ထိုမြေများမှာလည်း လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး လက်ရှိတွင် “သာယာဝပြော” အမည်ရှိ ကုမ္ပဏီ သို့ ငှားရမ်းထားကြောင်း ဒေသခံများက ပြောကြသည်။
“တောင်သူတွေကိုကျတော့ တောင်သူငုတ်ရှိတဲ့ နေရာတွေ နေရာစိုက်ခင်းတွေ ရှိနေပါလျက်နဲ့ ၃ နှစ် ၄ နှစ်လောက် တောင်သူငုတ်ရှိမှ ၊ ပြီးတော့ ပြေစာ ၊ ပြေစာကနေပြီးတော့ ပုံစံ ၇ ရှိမှ ဖြစ်နိုင်တယ် ဆိုတာကိုလည်း ဥပဒေမှာ ပြဌာန်း ထားပြီတော့ သက်ဆိုင်ရာဌာနတွေကလည်း ညွှန်ကြားချက်တွေ ရှိတယ်။ အခု ဦးမြင့်တင်တို့က အဲဒီအချက်တွေနဲ့ တခုမ ှမကိုက်ညီဘူး၊ နိုင်ငံတော်က ချပေးလိုက်ပါတယ်ဆိုတဲ့ နှုတ်မိန့် ရှိတယ်ဆိုတာပဲ သိရတယ်၊ အဲဒီနှုတ်မိန့်က နေပြီးတော့မှ အခုသူတို့က လက်ရှိရပြီဆိုတဲ့ အချိန်က စပြီး လက်ညိုးထိုးပြီး ကုမ္ပဏီကို ငှားတယ်၊ ဘာမှ အထောက် အထား မရှိပဲ လုပ်တယ်။ လုပ်ပိုင်ခွင့် ရသွားတယ်၊ ငှက်ပျောတွေ စိုက်သွားနိုင်တယ်။ ကိုမြင့်တင်တို့က ဒီမြေကွက်ကို ငှားရမ်း စားရတယ်ဆိုတဲ့ နေရာကို ကြည့်ရရင် ၂၀၁၂ မြေယာဥပဒေနဲ့ မကိုက်ညီဘူးလို့ ပြောချင်ပါတယ်”ဟု မြလယ်ကျေးရွာ ရပ်မိရပ်ဖ ဦးလှပိုက ပြောသည်။
မြလယ်ကျေးရွာရှိ တောင်သူများသည် အဆိုပါမြေနေရာများကို ဘိုးဘွား စဉ်ဆက်ကတည်းက ထွန်ယက်စိုက်ပျိုးလာခဲ့ရာမှ ၂၀၁၈ခုနှစ်၊ သြဂုတ်လ အတွင်းက စင်းခန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦမြင့်တင် ပါဝင်သည့် အဖွဲ့က ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေအရ မြေလွတ်မြေရိုင်းလျှောက်ထားပြီး သာယာဝပြောအမည်ရှိ ကုမ္ပဏီအား ငှားရမ်းခဲ့ခြင်းဟု သိရသည်။
ဒေသခံများ ပြောဆိုစွပ်စွဲလျက်ရှိသည့် အုပ်ချုပ်ရေးမှူးဟောင်းဦးမြင့်တင်ကို အဆိုပါကိစ္စများနှင့် ပတ်သက်၍ မေးမြန်းရန် ဧရာဝတီမှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပါ။
ကချင်ပြည်နယ် အစိုးရ အဖွဲ့ မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းကမူ “အဲဒီကျေးရွာတွေ ဘက်က မြေလွတ်မြေရိုင်း ချထားပေးတဲ့ ဧကတွေက သူတို့ပြောတဲ့ အတိုင်း ဖြစ်နိုင်ပါတယ်။ မြေလွတ်မြေရိုင်း အသစ် ချထားပေးတဲ့ အထဲမှာ မူလတောင်သူတွေ လုပ်ကိုင်စားသောက်နေတဲ့မြေတွေ ၊ ပုံစံ ၇ ကျပြီးသား မြေတွေ မပါရဘူး။ မြေလွတ်မြေရိုင်း ဖြစ်ရမယ်။ အခြားလျှောက်ထားတဲ့သူနဲ့ ထပ်နေလို့မရဘူး။
ဒါတွေအကုန်လုံး စိစစ်ပြီးမှ ချထား ပေးရတာမျိုး ဖြစ်တယ်။ အဲဒီလိုဟာမျိုးကို တိုင်ကြားလာခဲ့ရင် ဖြစ်ဖြစ် တင်ပြလာရင် ဖြစ်ဖြစ် စစ်ဆေးတာမျိုးတွေ ရှိပါတယ် ။ ဒါကြောင့် အခုပြဿနာတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ်တွေကို မေးမြန်းပြီးတော့မှ အတည်ပြုနိုင်မှာ ဖြစ်တယ်။ ချထားပေးမှုမှာ တောင်သူတွေရဲ့ လုပ်ကွက်တွေရှိရင် ပြန်လည်စစ်ဆေးပေးသွားမယ်။ အထူးသဖြင့် ဒေသခံတွေရဲ့ တနိုင်တပိုင် မြေကွက်တွေ ၊ လုပ်ကွက်ငယ်တွေ ပါဝင်နေရင် ကုမ္ပဏီ ကို ချထားပေးလေ့မရှိဘူး ။ ကျနော်တို့က ဒေသခံတောင်သူတွေကိုပဲ ဦးစားပေးပါတယ်” ဟု ပြောသည်။
တစ်သျှူးငှက်ပျော စိုက်ပျိုးမှုများတွင် ဓာတုဆေးဝါး အလွန်အကျွံသုံးစွဲမှုများကြောင့် စိုက်ပျိုးမြေများ ပျက်စီးမှု ရှိနေပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ရှိလာနိုင်ကြောင်း၊ ယခင်က အုပ်ချုပ်ရေး လက်လှမ်းမမီသည့် နေရာများတွင်သာ စိုက်ပျိုးလာရာမှ ယခုအခါ တရုတ်ကုမ္ပဏီများက ဒေသခံ အမည်ခံ ကုမ္ပဏီများနှင့် ဥပဒေလက်တလုံးခြား ပြုလုပ်ကာ ဗန်းမော်မြို့နယ်၊ ရွှေကူမြို့နယ်များ အတွင်းရှိ စိုက်ပျိုးမြေများတွင် လာရောက် စိုက်ပျိုးလာခြင်းဖြစ်သည်။ ထိုသို့ လာရောက်စိုက်ပျိုးသော်လည်း ဒေသခံ တိုင်းရင်းသား အလုပ်သမားများကို အသုံးပြုခြင်းမရှိကြောင်း၊ နယ်ဝေးက အလုပ်သမားများကိုသာ အသုံးပြုကြောင်း ဒေသခံများထံမှ သိရသည်။
“အခုလို ဥပဒေမဲ့ ဖြစ်နေတာကို ဖြေရှင်းပေး စေချင်ပါတယ်၊ ဒီဟာကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွေရော၊ ဌာနဆိုင်ရာတွေ ကပါ ကြံခင်းသမားတွေ၊ တစ်သျှူးငှက်ပျောသမား တွေကို ဥပဒေမဲ့ ဖြစ်တယ် ဆိုတာကိုတော့ ပြောပေးတယ်၊ တကယ့် လက်တွေ့မှာတော့ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းပေးတာမျိုး မရှိဘူး၊ ဥပဒေ မဲ့တယ် ဆိုတာက ပြည်နယ်ကို မြေလွတ်မြေရိုင်း လျှောက်တယ်ဆိုတာကို လျှောက်ပြီးတာနဲ့ တခါတည်း ဒီနေရာကို စက်ကြီးတွေနဲ့ ဝင်ထိုးကြတာ၊ ကျနော်တို့ကို ဘာမှ အကျိုးအကြောင်း ပြောကြားခြင်းလည်း မရှိဘူး၊ ခေါ်ပြီးဆွေးနွေးတာလည်း မရှိဘူး၊ ကျနော်ပိုင်ဆိုင်တဲ့ ပုံစံ ၇ လယ်စပ်အထိ ကြံတွေ လာစိုက်တယ်၊ ပြီတော့ အချို့ ပုံစံ ၇ ရှိပြီးသား လယ်ယာတွေကိုပါ ဖျက်ပစ်လိုက်တာမျိုး အထိ လုပ်ပစ်ကြတာ”ဟု ခူးလီကျေးရွာမှ တောင်သူ လောင်တူးလျံက ပြောသည်။
ခူးလီကျေးရွာတွင် တစ်သျှူးငှက်ပျောနှင့် ကြံစိုက်ပျိုးမှုအတွက် ဧက ၃၀၀ ကျော်ကို မြေလွတ်မြေရိုင်းအဖြစ် ချထား ပေးခဲ့ခြင်း ဖြစ်ပြီး ခူးလီဒေသခံများ လုပ်ကိုင်စားသောက်နေသည့် ပုံစံ ၇ မရှိသည့် စိုက်ပျိုးမြေများအား တရားဝင်ဖြစ်စေရန် သက်ဆိုင်ရာဌာနသို့ လျှောက်ထားကြရန် လမ်းညွှန်မှုပေးသော်လည်း အမှန်တကယ် လျှောက်ထားရာတွင် လုပ်ဆောင်ပေးခြင်းမျိုးမရှိဟု ဒေသခံများက ဆိုသည်။
“ကျမတို့ဆီကို ဌာနဆိုင်ရာတွေ လာတုန်းက နင်တို့ ကုန်းမြေကိုလည်း ၁၀၅ ၊ ၁၀၆ လျှောက်ရမယ်လို့တော့ ပြောတယ်၊ အဲဒီလို ပြောပေမယ့် တကယ်သွားလျှောက်တော့ ထောက်ခံစာတောင် ရေးမပေးဘူး၊ တောင်သူလယ်သမားတွေကိုတော့ ဘာမှ ဆောင်ရွက်ပေးတာမရှိဘူး၊ ပြီးတော့ ဒီတရုတ်တွေကိုကျ ထောက်ခံစာတွေ ရေးပေးတယ်၊ လုပ်ပိုင်ခွင့်တွေ ပေးတယ်၊ မြေပြင်မှာ ဆင်းမကြည့်ဘဲ မြေစာရင်းက မြေပုံအတိုင်းပဲဆိုပြီး လုပ်ကြတော့ ကျမတို့လို ပုံစံ ၇ ရှိထားတဲ့ လယ်မြေတွေပါ ပါကုန်တယ်၊ ပြောချင်တာကတော့ ကျမတို့ မတရား ကျူးကျော်ခံရတဲ့ ကြံခင်းတွေကို ဥပဒေအတိုင်း ဆောင်ရွက် စေချင်ပါတယ်”ဟု ခူးလီကျေးရွာမှ ဒေါ်မာနန်က ပြောသည်။
ခူးလီကျေးရွာဖြစ်စဉ်များနှင့်ပတ်သက်၍ မြို့နယ်အဆင့်မှ စ၍ နိုင်ငံတော်သမ္မတအထိ လွန်ခဲ့သော ၆ လခန့်ကတည်းက တိုင်ကြားစာ ပေးပို့ထားသော်လည်း အရေးယူ ဖြေရှင်းပေးခြင်း ယနေ့အထိ မရှိသေးကြောင်း သိရသည်။
အဆိုပါ တစ်သျှူးငှက်ပျော စိုက်ပျိုးမြေများ ချထားပေးရာတွင် ပုံစံ ၇ ရရှိပြီးသား စိုက်ပျိုးမြေ ဧက ၃၀ ကျော်နှင့် ဓားမဦးချ လုပ်ကိုင်နေသည့် တောင်ယာမြေ ဧက ၇၀၀ ကျော်ပါဝင်နေပြီး တစ်သျှူးငှက်ပျောစိုက်ပျိုးမြေအတွက် စုစုပေါင်းဧက ၂၇၀၀ ချထားပေးခဲ့ကြောင်း ဒေသခံများက ပြောကြသော်လည်း သက်ဆိုင်ရာထံမှ အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ဆက်စပ်ဖတ်ရှုရန်
တိုက်ပွဲကြောင့် မူဆယ်နယ်စပ် ကုန်သွယ်ရေး တနေ့ ဒေါ်လာ ၄ သန်းကျော် ဆုံးရှုံးနေဟုဆို
လုပ်ငန်းရှင်များ၏ ဘဏ်ချေးငွေ စက်တင်ဘာလ နောက်ဆုံး ပြန်ဆပ်ရမည်ဟု ဆို
မီတာခ တိုးမြှင့် ကောက်ခံမှု အမြတ်ရရန် မဟုတ်ဟု ဆို