ကုလသမဂ္ဂ၏ မကြာသေးမီက အစီရင်ခံစာကြောင့် မြန်မာ့တပ်မတော်နှင့် ပတ်သက်သည့် စက်မှုဇုန်တွင် တည်ရှိသည့် အထည်ချုပ်စက်ရုံတရုံမှ ပစ္စည်းများကို ရယူတော့မည် မဟုတ်ကြောင်း အဝတ်အထည် ကုန်အမှတ် တံဆိပ်တခုဖြစ်သည့် Esprit က ကြေညာလိုက်ပြီး H&M နှင့် Bestseller အပါအဝင် တခြားသော ကုန်အမှတ်တံဆိပ်များက အခြေအနေကို လေ့လာသုံးသပ်မည်ဟု ဆိုသည်။
အဝတ်အထည် ကုမ္ပဏီများက ထုတ်ဖော်ပြောဆိုပြီး ဂျပန် သတင်းဌာန Nikkei Asian Review ပြန်လည် သုံးသပ်သည့် စာရင်းများအရ ကျော်ကြားသော ကုန်အမှတ်တံဆိပ် အများအပြားသည် ကုလသမဂ္ဂ၏ အဆိုအရ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် (MEHL) က ပိုင်ဆိုင်သည်ဆိုသည့် စက်မှုဇုန်နှစ်ခုရှိ စက်ရုံများမှ ပစ္စည်းများကို မှာယူလျှက် ရှိကြောင်း သိရသည်။
Myanmar Wise-Pacific Apparel Yangon Co. သည် MEHL နှင့် တောင်ကိုရီးယားနိုင်ငံ Pan-Pacific Co., တို့အကြား ဖက်စပ်လုပ်ငန်း ဖြစ်ကြောင်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေးကော်မရှင် (FFM) က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုလုပ်ငန်း နှစ်ခုအကြား ဆက်စပ်မှုကို အင်တာနက်တွင် ရနိုင်သည့် စီးပွားရေးလုပ်ငန်း မှတ်တမ်းများအရ အထင်အရှား တွေ့ရသည်။
လွန်ခဲ့သောလက ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ သတင်းအချက်အလက် ရှာဖွေရေးအဖွဲ့ FFM အစီရင်ခံစာတွင် တပ်မတော်က ထိန်းချုပ်ထားသည့် ကျယ်ပြန့်လှသော စီးပွားရေး အင်ပါယာကြီးကို အသေးစိတ် ဖော်ပြထားသည်။ တပ်မတော်သည် ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်စလင်များကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခဲ့သည်ဟုလည်း စွပ်စွဲထားသည်။
ဆောက်လုပ်ရေးလုပ်ငန်း၊ ကျောက်မျက်တူးဖော်ရေး၊ အာမခံ၊ ခရီးသွားလုပ်ငန်း၊ ဘဏ်လုပ်ငန်းနှင့် ကုန်ထုတ် လုပ်ငန်းများအထိ ပါဝင်သည့် ထိုကျယ်ပြန့်လှသော အင်ပါယာကြီးမှ ရရှိသော ဝင်ငွေဖြင့် တပ်မတော်သည် အရေးယူမှုများကို ရှောင်ရှားနိုင်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ည့် စစ်ဆင်ရေးများအတွက် ငွေကြေး ရရှိနေသည်ဟု အစီရင်ခံစာရေးသားသူများက ဆိုသည်။
စစ်ဘက်နှင့် အချိတ်အဆက်ရှိသော စီးပွားရေးများနှင့် အဆက်အသွယ်ဖြတ်ရန် ကုလသမဂ္ဂက နိုင်ငံတကာ ကုမ္ပဏီများကို တိုက်တွန်းသည်။
ရန်ကုန်ရှိ MEHL က ပိုင်ဆိုင်သည့် ငွေပင်လယ် စက်မှုဇုန်နှင့် ပျဉ်းမပင် စက်မှုဇုန်တို့ရှိ စက်ရုံများမှ ကုန်ပစ္စည်း ရယူနေသော လုပ်ငန်းများတွင် Next, Bestseller, H&M, Marks & Spencer, C&A နှင့် Esprit တို့လည်း ပါဝင်သည်။
၎င်းတို့သည် ၎င်းတို့၏ ကုန်စည်ထောက်ပံ့ရေး ကွင်းဆက်များကို စစ်ဆေးနေကြောင်းနှင့် ၎င်းတို့ပစ္စည်း ရယူနေသည့် ငွေပင်လယ် စက်မှုဇုန်အတွင်းရှိ Perfect Gains Garment Manufacturing စက်ရုံတရုံနှင့် အဆက် ဖြတ်မည်ဖြစ်ကြောင်း ဟောင်ကောင် စတော့အိတ်ချိန်း စာရင်းဝင် Esprit က Nikkei Asia Review သို့ပြောသည်။
Esprit သည် မြန်မာနိုင်ငံရှိ Perfect Gains စက်ရုံမှ အနာဂတ်အမှာစာများကို ရပ်ဆိုင်းခြင်းဖြင့် ချက်ခြင်း အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ထိုကုမ္ပဏီက အီးမေးလ်ဖြင့် ဖြေကြားပြီး စစ်ဘက်နှင့် ဆက်စပ်မှုကို ယခင်က မသိခဲ့ကြောင်း ပြောသည်။ ထိုသို့သော ပူပန်ဖွယ်ရာ ဆက်ဆံရေးများကို Esprit က ဆက်လက်၍ အနီးကပ် စောင့်ကြည့်သွားမည် ဟုလည်း ထိုအီးမေးလ်တွင် ဖော်ပြထားကြောင်းလည်း သတင်းက ရေးသည်။
ထိုအစီရင်ခံစာ၏ တွေ့ရှိချက်များကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း H&M က ပြောသည်။ ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂတို့၏ အကြံပြုချက်များကို လိုက်နာခြင်း၏ အရေးပါမှုနှင့် ချက်ခြင်း လိုက်နာရန် လိုခြင်းတို့ကို အလေးအနက် ပြောကြားရန်အတွက် လွန်ခဲ့သော နှစ်နှစ်အတွင်း မြန်မာအစိုးရနှင့် အကြိမ်ကြိမ် ဆွေးနွေး ခဲ့ကြောင်းလည်း H&M က ၎င်းတို့၏ အီးမေးလ်တွင် ဖော်ပြသည်။
“ယခုတင်ပြလာသော ကိစ္စကို H&M အုပ်စုက အလေးအနက် ထားကြောင်းနှင့် မိမိတို့သည် ယခုအခါ ကောက်ချက် တစုံတရာ ချမှတ်ရန်နှင့် မည်သို့ အရေးယူ ဆောင်ရွက်ခြင်းက လိုအပ်ပြီး သင့်လျော်သည်ကို ဆုံးဖြတ်ရန် လတ်တလောတွင် အထက်ပါ အစီရင်ခံစာ၏ အခန်းတိုင်းကို လေ့လာနေသည်” ဟု ထို အီးမေးလ်တွင် ဖြေကြားထားကြောင်း သတင်းက ဆိုသည်။
“မိမိတို့၏ စီးပွားရေးတခုလုံးတွင် လူ့အခွင့်အရေးကို လေးစား အားပေးရန် မိမိတို့၏ တရားဝင်နှင့် ဥပဒေကြောင်းအရ တာဝန်ရှိမှုထက် ကျော်လွန်ပြီး မိမိတို့၏ သြဇာလွှမ်းမိုးမှုကို အသုံးပြုရန် မိမိတို့ ဆုံးဖြတ် ထားသည်” ဟုလည်း ထိုအီးမေးလ်က ဆိုသည်။
အစီရင်ခံစာ၏ တွေ့ရှိချက်များကြောင့် မည်သည့် အရေးယူမှုကို လုပ်ဆောင်ရန်လို၊ မလို အကဲဖြတ်ရန် အစီရင်ခံစာကို လေ့လာသွားမည် ဖြစ်ကြောင်း Bestseller က အကြောင်းပြန်သည်။ C&A နှင့် Next တို့က အကြောင်း ပြန်ကြားခြင်း မရှိပေ။
အင်တာနက်တွင် တင်ထားသော ထိုသို့ ပစ္စည်းပေးသွင်းသူများ စာရင်းအရ Marks & Spencer သည် အထက်ပါ စက်မှုဇုန်နှစ်ခုမှ စက်ရုံတရုံစီမှ ပစ္စည်းများ မှာယူနေသည်။ MEHL ၏ ဖက်စပ်လုပ်ငန်းဖြစ်သော Myanmar Wise-Pacific Apparel သည် ၎င်းကို ပစ္စည်းပေးသွင်း နေသူများထဲတွင် ပါဝင်သည်။
၎င်းသည် အစီရင်ခံစာ ထွက်လာပြီးနောက် Wise-Pacific နှင့် အဆက်အသွယ် ဖြတ်လိုက်သော်လည်း မည်သည့် အချိန်က မည်သည့်အတွက် ဖြတ်ခဲ့သည် ဆိုသည်နှင့် ပတ်သက်သည့် မေးခွန်းများကို ဖြေကြားခြင်း မရှိဟု သိရသည်။
“ကျင့်ဝတ်ညီသော ကုန်သွယ်မှုသည် ကျွန်ုပ်တို့ အဝတ်အထည်များကို မည်သို့ ထုတ်လုပ်သည် ဆိုသည်နှင့် ပတ်သက်သည့် အခြေခံဖြစ်ပြီး မိမိတို့ထံ ပစ္စည်းပေးသွင်းသူများ အားလုံးသည် မိမိတို့၏ ကမ္ဘာ့ဝယ်ယူမှု စည်းမျည်း Global Sourcing Principles ကို လိုက်နာရမည်” ဟု ထိုလုပ်ငန်း၏ ပြောခွင့်ရသူက အီးမေးလ်တွင် ဖြေကြားသည်။
“မိမိတို့သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းရှိ မိမိတို့နှင့် လုပ်ကိုင်သည့် စက်ရုံများအားလုံးကို ပုံမှန် စစ်ဆေးသည်။ မိမိတို့သည် ကျင့်ဝတ်ညီသော ကုန်သွယ်မှု အစီအစဉ် ETI နှင့် ဆွေးနွေးခြင်း၊ မြေပြင် အခြေအနေ စစ်ဆေးခြင်းတို့ဖြင့် ဈေးကွက်ကို ဆက်လက် အနီးကပ် စောင့်ကြည့်သွားမည်” ဟုလည်း ဖော်ပြကြောင်း သိရသည်။
စစ်ဘက်ပိုင် MEHL နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) သည် စီးပွားရေးလုပ်ငန်း ၁၂၀ ကို ပိုင်ဆိုင်ပြီး လက်ပွား ကုမ္ပဏီ ၂၇ ခုနှင့် ပတ်သက်နေသည်။
ယခုလအတွင်း ဘယ်လ်ဂျီယံ ဆက်သွယ်ရေးကုမ္ပဏီ Newtec က ကုလသမဂ္ဂ၏ အဆိုအရ MEC နှင့် လုပ်ငန်း တည်ဆောက်ပုံအရ ဆက်စပ်နေသည့် မြန်မာဆက်သွယ်ရေး လုပ်ငန်း Mytel ကို အဆက်ဖြတ်ကြောင်း ကြေညာသည်။
Newtec သည် Communication & Commerce (Com & Com) သို့ ဂြိုဟ်တု ဆက်သွယ်ရေး ကိရိယာများ ပေးသွင်းပြီး Com & Com သည် Mytel ၏ 4G ကွန်ရက်အတွက် ပစ္စည်း ပေးသွင်းနေသည်။
“မိမိတို့အနေဖြင့် သိရှိနေပါက ရခိုင်ပြည်နယ်အတွင်း တပ်မတော်၏ အကြမ်းဖက် စစ်ဆင်ရေးများနှင့် ရိုဟင်ဂျာများအပေါ် ကျူးလွန်သော ရက်စက်မှုများနှင့် အချိတ်အဆက် ရှိသော မည်သည့်အဖွဲ့အစည်း သို့မဟုတ် ကုမ္ပဏီကိုမျှ ရောင်းချမည် မဟုတ်ကြောင်း Newtec က လုံးဝရှင်းလင်းစွာ ဖော်ပြလိုသည်ဟု ၎င်းင်းတို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
MEHL ကလည်း မေးခွန်းများကို အကြောင်းပြန်ကြားခြင်း မရှိပေ။ ထိုကုမ္ပဏီ၏ နာယကကြီးများ အုပ်စုကို တပ်မတော် ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့က ဦးဆောင်သည်။
ထိုသူနှစ်ဦးစလုံးတို့သည် နိုင်ငံတကာဥပဒေအရ တာဝန်ရှိသည်ဟု ကုလသမဂ္ဂက ကြေညာထားသည်။ ပြောင်ကျသော လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ခြင်းအတွက် ၎င်းတို့ကို အမေရိကန် ပြည်ထောင်စု ကလည်း အရေးယူ ဒဏ်ခတ်ထားသည်။
MEHL နှင့် Wise-Pacific တို့က သတင်းဖော်ပြချိန်အထိ မေးခွန်းများကို ဖြေရှင်းခြင်း မရှိကြောင်း ဂျပန် သတင်းဌာနက ရေးသား ဖော်ပြထားသည်။
ကိုးကား။ ။ Nikkei Asia Review ၏ Fashion brands rethink Myanmar position after report on military ties
ဆက်စပ်ဖတ်ရှုရန်
တိုက်ပွဲကြောင့် မူဆယ်နယ်စပ် ကုန်သွယ်ရေး တနေ့ ဒေါ်လာ ၄ သန်းကျော် ဆုံးရှုံးနေဟုဆို
အနည်းဆုံး လုပ်ခလစာ နှုန်းထားသစ် သတ်မှတ်နိုင်ရန် ဆွေးနွေးမှုများ စတင်
ဘင်္ဂလားဒေ့ရှ် စခန်းများတွင် ဒုက္ခသည် ၁ သိန်းခန့် ဆန္ဒပြ