တရုတ်-မြန်မာ နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်တွင် တဖက်နိုင်ငံသို့ တင်ပို့နိုင်ခြင်း မရှိသဖြင့် ဆန်ကွဲ အိတ် ၁ သိန်းကျော် ၄ လကြာ ပိတ်မိလျက် ရှိကြောင်း သတင်း ရရှိသည်။
မူဆယ် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးမင်းသိန်းက“အိတ် ၁ သိန်း အခုပျက်စီးစ ပြုနေပြီ။ အရင်ကတော့ တရုတ် ပြည် က ပါမစ်ပေးတယ်။ အခု ရပ်လိုက်တော့ သွားလို့ မရတော့ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံဘက်မှ တင်ပို့လျှင် ဆန်နှင့် ဆန်ထွက်ပစ္စည်း အုပ်စုများထဲ၌ ဆန်ကွဲ ပါဝင်သွားသော်လည်း တရုတ်ပြည် သို့ ရောက်လျှင် ဆန်နှင့်ဆန်ကွဲ သပ်သပ်စီ ခွဲခြားသည့် စနစ်ကို ၂၀၁၉ ခုနှစ် ဧပြီလက စတင်ခဲ့သောကြောင့် MOU ပြန် လည် ပြင်ဆင်ရန် ကြန့်ကြာနေပြီး မတင်ပို့နိုင်ခြင်း ဖြစ်ကြောင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတဆင့် တရုတ်ပြည် သို့ ဆန် တင်ပို့နေသော ပဲခူးတိုင်းဒေသကြီးမှ ဆန်ကုန်သည် တဦး ဖြစ်သူ ဦးကိုကိုကြီးကလည်း ဧရာဝတီသို့ ပြောသည်။
“ဒီနယ်စပ်မြို့ မူဆယ်မှာ ရောက်ရှိနေတဲ့ ဆန်နဲ့ဆန်ကွဲတွေကို ဂိုဒေါင်ထဲမှာ သိုလှောင်ပြီး MOU ပြင်ဆင်မှု စောင့်ဆိုင်း နေတာ။ ၂၀၁၉ ခုနှစ် ဧပြီလကနေ အခုဆိုရင် ၄ လကျော်လာပြီ ဖြစ်တဲ့အတွက် ဒါတွေက ပျက်စီးနေတဲ့ အခြေအနေ ဖြစ် လာပြီ။ ပြည်တွင်းကို ပြန်သယ်ရင်လည်း ကုန်ကျစရိတ် သယ်ယူပို့ဆောင် စရိတ်က နှစ်ဆ ဖြစ်သွားမှာ။ အခုဆို ပိုဆိုး တာပေါ့။ သွားလို့ကို မရတော့ဘူး”ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ MOU စာချုပ် ပြင်ဆင်ခြင်းသည် လက်ရှိတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံဘက်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ လက်မှတ်ရေးထိုးပြီးလျှင် တရုတ်ဘက်သို့ တင်ပို့နိုင် မည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးကိုကိုကြီးက ပြောဆိုသည်။
“လောလောဆယ် ဆုံးရှုံးမှုကိုတော့ မပြောနိုင်သေးဘူး။ တကယ်လို့ တင်ပို့နိုင်မယ် ဆိုရင် အခု မူဆယ်ကနေ တင်ပို့နေတဲ့ ၂၅ မှတ်တန်ဆန်ကလည်း ဆန်ကွဲ ၄၀ ရာခိုင်နှုန်းလောက် ပါတယ်”ဟု ၎င်းက ပြောဆိုသည်။
ဒေသတွင်း ပြန်လည်ရောင်းချမည် ဆိုလျှင်လည်း ဆန်ကွဲ စားသုံးမှုနည်းပြီး အခက်အခဲရှိနိုင်သဖြင့် နှစ်ဖက် သက်ဆိုင် ရာ ဌာနချင်း ဆန် Protocol အရ ညိုနှိုင်းပြီး ပြင်ဆင်ဆောင်ရွက်ပေးရန် သြဂုတ်လ ၂၄ ရက်က ရန်ကုန်မြို့ရှိ မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရုံးတွင် ပြုလုပ်သော ဒု သမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် ပုဂ္ဂလိက လုပ်ငန်းများ၏ ပုံမှန် တွေ့ဆုံ ဆွေးနွေးပွဲ၌လည်း ဦးကိုကိုကြီးက တင်ပြခဲ့သည်။
တရုတ်နိုင်ငံ အနေနှင့် ဆန်ကွဲကို မုန့်လုပ်ရာတွင် အသုံးပြုခြင်းကြောင့် နှစ်နိုင်ငံချင်း ညိုနှိုင်းမှု အဆင်ပြေလျှင် လက်ရှိ ပိတ်မိနေသော ဆန်ကွဲများ ရောင်းချနိုင်မည့် အပြင် ပြည်တွင်း ဈေးကွက်တွင် ဈေးနှုန်း နိမ့်နေသော ဆန်ကွဲများကို တရုတ် သို့ တင်ပို့ ရောင်းချနိုင်မည် ဖြစ်ကြောင်း သိရသည်။
ကုန်စည်ဒိုင်များတွင် ဆန်ကွဲ ပေါက်ဈေးနှုန်းမှာ ၁ အိတ်လျှင် ငွေကျပ် ၁ သောင်းခွဲမှ ၁ သောင်း ၆ ထောင်အထိ ရှိကြောင်း ရန်ကုန်မြို့ ဝါးတန်းလမ်း ကုန်စည်ဒိုင်က စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်က တိုက်ပွဲဖြစ်ပြီး နောက်ပိုင်း မူဆယ် နယ်စပ် ကုန်သွယ်ရေးဇုန်သည် ကုန်ကားများ အဝင်အထွက် မရှိသောကြောင့် ကုန်သွယ်မှု ရပ်တန့်သလောက် ရှိနေသည့် အခြေအနေလည်း ဖြစ်သည်။
လက်ရှိတွင် ကုန်စည်ဒိုင်၌ ကျန်နေသော ဆန်အိတ်ရေ သုံးထောင်မှ လေးထောင်ခန့်သာ တရုတ်ဘက်သို့ တင်ပို့နေပြီး သွင်းကုန် လုံးဝ ရပ်တန့်နေခြင်းလည်း ဖြစ်သည်။
You may also like these stories:
တိုက်ပွဲကြောင့် မူဆယ်နယ်စပ် ကုန်သွယ်ရေး တနေ့ ဒေါ်လာ ၄ သန်းကျော် ဆုံးရှုံးနေဟုဆို
ကုန်စည်ဖလှယ်စနစ်ဖြင့် တရုတ်ရွှေချိုက်ကုမ္ပဏီနှင့် ဆန်တန်ချိန် ၁ သိန်း ရောင်းရန် စာချုပ်
မူဆယ်တွင်ပိတ်မိနေသည့်ဆန်အိတ် ၃ သိန်း တရုတ်သို့ သြဂုတ်တွင် အပြီးတင်ပို့မည်