တောင်ကိုရီးယား အထင်ကရ ဘဏ်များ၏ အကြီးအကဲများသည် ဒေသတွင်း လုပ်ငန်း တိုးချဲ့နိုင်ရန်အတွက် လာမည့်ရက်သတ္တပတ်၌ စတင်မည့် သမ္မတမွန်းဂျေအင်း၏ အရှေ့တောင်အာရှ ခရီးစဉ်နှင့်အတူ လိုက်ပါလာကြမည် ဖြစ်သည်။
တောင်ကိုရီးယားရှိ အကြီးဆုံးဘဏ် ၄ ဘဏ် ဖြစ်ကြသည့် KB Kookmin, Shinhan, KEB Hana, Woori တို့နှင့် အစိုးရပိုင် ဘဏ်များဖြစ်ကြသည့် ကိုရီးယား စက်မှုဘဏ်နှင့် ကိုရီးယား သွင်းကုန်/ထုတ်ကုန် ဘဏ်တို့မှ အကြီးအကဲများနှင့် ကိုယ်စားလှယ်များသည် သမ္မတ မွန်းနှင့်အတူ လာမည့် ရက်သတ္တပတ်၌ မြန်မာနိုင်ငံသို့ လာရောက်ကြမည် ဖြစ်ကြောင်း ကိုရီးယား ပြည်တွင်း ဘဏ်လုပ်ငန်း သတင်းရင်းမြစ်များနှင့် မီဒီယာများ၏ အဆိုအရ သိရသည်။
“မွန်းက အရှေ့တောင်အာရှ နိုင်ငံတွေဆီကို လာဖို့ ရေးဆွဲထားတဲ့ ခရီးစဉ်ထဲမှာ ဘဏ်လုပ်ငန်း အကြီးအကဲ တွေလည်း သမ္မတနဲ့အတူ မြန်မာနိုင်ငံကို လိုက်လာကြမှာ ဖြစ်ပါတယ်” ဟု ကိုရီးယား ဘဏ်လုပ်ငန်းကဏ္ဍမှ သတင်းရင်းမြစ် တခုက ပြောကြောင်း Korea JoonAng Daily သတင်းက ဆိုသည်။သည်။
သမ္မတ မွန်းဂျေအင်းသည် အရှေ့တောင်အာရှ နိုင်ငံများနှင့် ကိုရီးယား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရာတွင် သံတမန် နည်းလမ်းဖြင့် အဓိက အစပျိုးရန် ကြိုးပမ်းသည့် အစိတ်အပိုင်းအဖြစ် ထိုင်း၊ မြန်မာနှင့် လာအို နိုင်ငံတို့သို့ သွားရောက်မည် ဖြစ်ကြောင်း အိမ်ပြာတော်က ယခင်ရက်သတ္တပတ်က ကြေညာခဲ့သည်။
“ထိုင်းနဲ့လာအိုတို့မှာ ကိုရီးယားဘဏ် အများစုက ရုံးတွေ (သို့မဟုတ်) ရုံးခွဲတွေ မဖွင့်ရသေးပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ကိုရီးယား အထင်ကရ ဘဏ်တွေက ရုံးတွေ (ဒါမှမဟုတ်) ရုံးတွေ ရှိနေပြီးတော့ ဘဏ္ဍာရေး ဝန်ဆောင်မှု လုပ်ငန်းချဲ့ဖို့ ကြီးကြပ်သူတွေရဲ့ ခွင့်ပြုချက် စောင့်နေတုန်းပါ။ ဒီလို ကြီးကြပ်မှု လုပ်ငန်းစဉ်အတွက် အခု စီစဉ်ထားတဲ့ သမ္မတခရီးစဉ်မှာ တိုးတက်မှု ဖြစ်ထွန်းလာမယ်လို့ သူတို့ မျှော်လင့် နေကြပါတယ်” ဟု အိမ်ပြာတော် ပြောခွင့်ရသူက ဆိုသည်။
ရန်ကုန်မြို့တွင် Shinhan ဘဏ်က ၎င်းဘဏ်ခွဲ တခု ဖွင့်လှစ်ထားသကဲ့သို့ KB Kookmin, Woori နှင့် KEB Hana တို့ကလည်း မြန်မာနိုင်ငံတွင် လုပ်ငန်းခွဲများ ရှိနေသည်။
ကိုရီးယား စက်မှုဘဏ်သည် မြန်မာနိုင်ငံ၏ အဓိကမြို့တော်တွင် ရုံးတရုံး ဖွင့်လှစ်ခဲ့ပြီးနောက် မြန်မာ့ ဘဏ္ဍာရေး ကြီးကြပ်သူထံသို့ ဘဏ်ခွဲတခုနှင့် စီးပွားရေး လုပ်ငန်းယူနစ်တို့ ဖွင့်လှစ်နိုင်ရန် လျှောက်ထားပြီး ဖြစ်သည်။
သမ္မတ ခရီးစဉ်နှင့်အတူ လိုက်ပါလာမည့် ကိုရီးယားဘဏ်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ Kim Tae-young သည် ထိုင်းခရီးစဉ်တွင် ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး ညှိနှိုင်းမည်ဖြစ်သည်။
ကိုရီးယား ဘဏ်လုပ်ငန်း ကဏ္ဍ အကြီးအကဲ၏ ခရီးစဉ်အတွင်း ထိုင်းအစိုးရအနေဖြင့် နိုင်ငံခြား ဘဏ်များ အပေါ် ကြီးကြပ်ကိုင်တွယ်မှုများ ဖြေလျှော့ပေးရန် ညှိနှိုင်းနိုင်လိမ့်မည်ဟု ကိုရီးယား လုပ်ငန်းရှင်များက မျှော်လင့် နေကြသည်။
ဆက်စပ်ဖတ်ရှုရန် –
တောင်ကိုရီးယား သမ္မတ စက်တင်ဘာ ၃ တွင် မြန်မာနိုင်ငံသို့ လာရောက်မည်
ရခိုင်တွင် ရင်းနှီးမြှုပ်နှံမှုအားပေးရန် တောင်ကိုရီးသံအမတ် စိတ်အားထက်သန်
ဒလစက်မှုဇုန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
ရန်ကုန်တွင် တံတားတွေ ဆောက်နေသည်