မြန်မာနိုင်ငံတွင် အနိမ့်ဆုံး စပါးကြမ်းခင်းဈေး ၅ သိန်းနှုန်းကို မိုးစပါးမပေါ်မီ လာမည့် အောက်တိုဘာလအတွင်း ကြေညာသွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးအောင်ထူးက ပြောသည်။
သြဂုတ် ၃၀ ရက်နေ့က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ပြုလုပ်သည့် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြု တင်ပြရေးလုပ်ငန်း ကော်မတီ အစည်းအဝေး အပြီးတွင် ဧရာဝတီ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယ ဝန်ကြီး ဦးအောင်ထူးက “မိုးစပါးက အောက်တိုဘာလမှာ ထွက်လာပါလိမ့်မယ်။ အဲ့ဒီမတိုင်ခင်မှာ ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ အခြေခံ ဈေးနှုန်းလေးကို ကျနော်တို့ သတ်မှတ်ပြီးတော့ ကြေညာနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မတ်လ ၆ ရက်နေ့က အခြေခံ စပါးဈေး တင်း ၁၀၀ ကို ၅ သိန်းဖြင့် သတ်မှတ်ဝယ်ယူမည် ဖြစ်ကြောင်း မြန်မာနိုင် ငံ ဆန်စပါး အသင်းချုပ်က ထုတ်ပြန်ကြေညာပေးသော်လည်း ယခုအကြိမ် တောင်သူလယ်သမားများအရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့က ထုတ်ပြန်မည်ဖြစ်သည်။ ယင်းအဖွဲ့ကို ဒု သမ္မတကို ဦးစီးပြီး သက်ဆိုင်ရာ အစိုးရ ဝန်ကြီးဌာနများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်သည်။
ယခုနှစ် အခြေခံ စပါးဈေးပြောင်းလဲ သတ်မှတ်ရာတွင် နွေစပါးနှင့် မိုးစပါးကို ၂ မျိုးခွဲပြီး ပြောင်းလဲ သတ်မှတ်ရန် ဆွေးနွေးမှုများ ပြု လုပ်ကြပြီး စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ မတူညီသည့် အတွက် အခြေခံ ဈေးနှုန်းကိုလည်း ခွဲခြားသတ်မှတ်ရန် လာမည့်စက် တင်ဘာတွင် ထပ်မံဆွေးနွေးကြမည်ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးက ဆိုသည်။
ထိုသို့ ပြောင်းလဲ သတ်မှတ်ရာတွင် ထုတ်လုပ်မှု ကုန်ကျစရိတ် တွက်ချက်ရာတွင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စာ ရင်းများ အပေါ် အခြေခံမည် ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်များ၊ တောင်သူလယ်သမားများနှင့် CSO အဖွဲ့များ ၏ အကြံပြုချက်များ အပေါ်တွင်လည်း ထည့်သွင်း တွက်ချက်သွားမည်ဟု စီး/ ကူး သန်း ဝန်ကြီးဌာနမှ သိရသည်။
အခြေခံ စပါးဈေးနှုန်းသတ်မှတ်ထားချိန်တွင် ကြေညာနိုင်ခြင်းမရှိပါက တောင်သူလယ်သမားများ လယ်ယာကဏ္ဍအပေါ်တွင် စိတ်ဝင် စားမှု လျော့ကျလာနိုင်ပြီး ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အတွက် အခက်အခဲများ ဖြစ်စေနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ထည့်သွင်းဆွေးနွေးခဲ့သည်။
သတ်မှတ်ထားသည့် ၅ သိန်းဈေးမှာ နှစ်စဉ်မရရှိကြောင်း၊ စပါးစိုက်တောင်သူများ ဈေးကောင်း ရခြင်း၊ မရခြင်းမှာ ပွဲစား၏ လက်ထဲတွင် ရှိနေခြင်းသာဖြစ်ကြောင်း၊ ပြောင်းလဲ သတ်မှတ်မည်ဆိုပါက တနိုင်ငံလိုး လွှမ်းခြုံနိုင်ရန် သတ်မှတ်ရန် လိုအပ်ကြောင်း ရေတာရှည်မြို့ နယ် ခင်တန်းလေး ကျေးရွာမှ စပါးစိုက်တောင်သူ ဦးမြင့်ဌေးက ဧရာဝတီသို့ ပြောသည်။
ဦးမြင့်ဌေးက “အခု နွေစပါးပေါ်ချိန်မှာ ၅ သိန်းမပြောနဲ့ ၄၅ နဲ့ကို ဝယ်မယ့်သူမရှိလို့ ဒီဘက်က တောင်သူတွေ ဒုက္ခရောက်နေကြတာ။ ပွဲစားအချင်းချင်း ညှိထားရင် တောင်သူက ဘာမှ မတတ်နိုင်ဘူး။ ဒါကြောင့်မို့ သတ်မှတ်တဲ့ ဈေးအတိုင်းဝယ်ရင် တောင်သူဒုက္ခ မရောက် ဘူးပေါ့” ဟု ဆက်ပြောသည်။
သတ်မှတ်ထာပြီး ဖြစ်သည့် စပါး တင်း ၁၀၀ကို ၅ သိန်းဈေးကို ယခု ပြောင်းလဲ သတ်မှတ်မည်ဆိုပါက ဈေးနှုန်းသတ်မှတ်မှုမှာ သတ်မှတ် ထားပြီး ဈေးနှုန်းထက် နိမ့်ကျ၍ သတ်မှတ်သည့် သဘောမရှိကြောင်း၊ တောင်သူလယ်သမားများ နစ်နာမှု မရှိစေရန် အဓိကထား တွက်ချက်ပြီး ထုတ်ပြန် သွားမည် ဖြစ်ကြောင်း ဦးအောင်ထူးက ဆိုသည်။
မြန်မာနိုင်ငံ အတွင်း လက်ရှိ စပါးစိုက်ပျိုးနေရာတွင် မျိုးကွဲပေါင်း ၈၀ ကျော် စိုက်ပျိုးနေပြီး အများဆုံး စိုက်ပျိုးသည့် မျိုးစပါးမှာ ဆင်းသုခ၊ ကုလားမထိပ်စောင်း၊ ရတနာတိုး၊ ရာကျော် နှင့် ရက် ၉၀ မျိုးစပါး စသည် စပါးမျိုးများကို စိုက်ပျိုးနေကြပြီး ယင်းစပါးများမှာလည်း အရောင်းအဝယ် အများဆုံး ဖြစ်သည့် မျိုးစပါးများ ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်း က အဆိုပါ အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။
၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် သြဂုတ် ၂ ရက်နေ့အထိ ပြည်ပသို့ ဆန်တန်ချိန် ၁ ဒဿမ ၉ သန်းတင်ပို့ထား နိုင်ကြောင်းနှင့် ယင်းအနက် ဆန်တင်ပို့မှုသည် ၁ ဒဿမ ၅ သန်းနှင့် ဆန်ကွဲတင်ပို့မှု တန်ချိန် ၄ သိန်းခန့် ပါဝင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ စာရင်းများ အရ သိရသည်။
ဆက်စပ်ဖတ်ရှုရန် –
ပြည်ပက မျက်နှာသစ် ပြိုင်ဘက်များ ဝင်လာတော့မည့် ပို့ကုန်ကဏ္ဍ
ထိပ်သီး လုပ်ငန်းရှင်များ ပါဝင်သော မြန်မာ့စီးပွားရေး အသင်းသစ် ဖွဲ့စည်း