ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများကြောင့် ကုန်သွယ်ရေး လမ်းကြောင်း ပိတ်ဆို့နေသည့်အတွက် နောက်ဆက်တွဲ ဂယက်အနေဖြင့် လက်ရှိတွင် ငါးရှဉ့်နှင့် ဂဏန်းကုန်စည်များ အရောင်းအဝယ် အေးကာ ရပ်တန့်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ” တိုက်ပွဲတွေ ဖြစ်တော့ လမ်းမှာ ငါးရှဉ့်တွေက အကုန်လုံးစွန့်ပစ်၊ သွန်လိုက်ရတာပေါ့။ အခုနောက်ပိုင်းတော့ ဘယ်လောက်ရှိလဲ မသိသေးဘူး။ အခုချိန်မှာ ကုန်သွယ်ရေး လမ်းကြောင်းတွေက ပိတ်နေတော့ ငါးရှဉ့်တွေဝယ်ပြီး ဘယ်သူမှ လှောင် မထားရဲဘူး။ လက်ဝယ် ရှိနေတာတွေတောင် အရှုံးပေါ်နေတော့ နောက်ထပ် မဝယ်ကြတဲ့အခါမှာ လုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်လာကြတယ်။ တရားဝင်လည်း မသွားရဲကြဘူး။ လုပ်ငန်းက လောလောဆယ် ရပ်သလောက် ဖြစ်နေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ငါးရှဉ့်အဝယ်ဒိုင်များ၊ ကုန်သည်များက ငါးရှဉ့်ဝယ်ယူခြင်း မရှိသည့်အတွက် အောက်ခြေရှိ ငါးရှဉ့် ဖမ်း၍ ဝမ်းစာ ရှာဖွေရသည့် လုပ်သားများ အလုပ်လက်မဲ့ ဖြစ်လာကြောင်း၊ ကုန်ပစ္စည်း တင်ဆောင်သည့် ကုန်ကား တန်ဆာခများမှာ ယခင်က ကုန် ၁ တန်လျှင် ကျပ် ၁၈၀၀၀ ခန့်ရှိရာမှ ယခုအချိန်တွင် ကျပ် ၃၉၀၀၀ မှ ကျပ် ၄၀၀၀၀ အထိ ဈေးမြင့် လာကြောင်း သိရသည်။
သို့ဖြစ်ရာ ကုန်သွယ်ရေးပိုင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အနေဖြင့် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းပြီး မည်ကဲ့သို့ တရုတ်သို့ တင်ပို့ရောင်းချမည်ကို အဖြေရှာသင့်ကြောင်း ရေထွက်လုပ်ငန်းရှင်များက သုံးသပ်နေကြသည်။
မြန်မာနိုင်ငံ အဝေးပြေးကုန်စည် သယ်ယူပို့ဆောင်ရေးအသင်း (ရှမ်းပြည်နယ်မြောက်ပိုင်း) ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က ”ကုန်ကားတွေရဲ့ အခြေအနေကတော့ ဒီလိုပဲ ပိတ်လိုက် ဖွင့်လိုက်ပဲဗျ။ ဒီနေ့တော့ ကားတွေ လမ်းမှာ ပိတ်သံ မကြား ရသေးဘူး။ ကျနော်တို့ ကုန်ကားသမားတွေကတော့ တိုက်ပွဲသတင်း နားစွင့်ပြီး တက်ရတာ။ ရှေ့မှာ တိုက်ပွဲ ဖြစ်တယ် ဆိုရင်တော့ ရောက်တဲ့နေရာ ရပ်နေရတာ။ ထွက်လို့ရပြီဆို ထွက်ပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရှမ်းမြောက်တိုက်ပွဲများကြောင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သို့ သွားသည့် ငါးရှဉ့်၊ ဂဏန်းတင်ဆောင်သည့် ကုန်ကား အစီးရေ ၃၀ ခန့် ပိတ်မိခဲ့သဖြင့် ကုန်စည်တန်ဖိုး တစီးလျှင် ကျပ်သိန်း ၃၀၀ တန်ဖိုး ပို့ဆောင်ခဲ့သဖြင့် ကျပ်သိန်းပေါင်း ၉၀၀၀ ကျော် ဆုံးရှုံးခဲ့သည်ဟုလည်း သိရသည်။
”ဂဏန်းဆိုရင် ရေမပါဘူး။ အခြောက် သယ်ရ တာ ဆိုတော့ လမ်းခရီး အဆင်မပြေတာတွေ ကြုံရရင် အခက်အခဲဖြစ်ပြီ။ အချိန်ကြန့်ကြာ လာတာနဲ့အမျှ သေကုန်ရော။ ငါးရှဉ့်ဆိုရင် ရေနဲ့သယ်ရတယ်။ ရေနဲ့ သယ်ပြီး တနေရာရောက်တိုင်း တခါ ရေလဲပေးရတယ်။ ရေနဲ့သယ်ရတဲ့ ကုန်ဖြစ်လို့ ပိုပြီး ထိခိုက်လွယ်တယ်။ အခုလို သွားလာရေးပိုင်းတွေ အခက်အခဲ ကြုံရတော့ လမ်းမှာ ငါးရှဉ့်တွေ အကုန် သေကုန်တယ်”ဟု မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ရှင်းပြသည်။
ငါးရှဉ့်နှင့် ဂဏန်းများသည် ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် အရှင် တင်ပို့ရသည့် ကုန်ပစ္စည်းများဖြစ်ပြီး မူဆယ် ကုန်သွယ်ရေးဇုန်မှ တဆင့် တရုတ်သို့ ၉၅ ရာခိုင်နှုန်းဝန်းကျင်၊ တရက်လျှင် ငါးရှဉ့်ကုန်ကား အစီးရေ ၁၀ စီးမှ ၁၅ စီးကြား အများဆုံး တင်ပို့လျက် ရှိသည်။
ပြည်ပသို့ ငါးရှဉ့်တင်ပို့မှု အနေဖြင့် ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ ၁၈ သန်းကျော်သာ ရှိခဲ့ရာမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စ၍ ကန်ဒေါ်လာသန်း ၅၀ နီးပါး ရရှိခဲ့ရာ ထိုစဉ်က နိုင်ငံခြားဝင်ငွေ အမြင့်ဆုံး ရှာဖွေပေးနိုင်သော ရေထွက်ပစ္စည်းအဖြစ် စံချိန်တင်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်တွင် နယ်စပ်ကုန်သွယ်ရေးမှ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုမှာ ကန်ဒေါ်လာ ၁၇၁ ဒသမ ၈၃၁ သန်းရရှိခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ဇူလိူင်လအထိ ကန်ဒေါ်လာ ၃၉၂ ဒသမ ၃၃၈ သန်း ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
တိုက်ပွဲကြောင့် မူဆယ်နယ်စပ် ကုန်သွယ်ရေး တနေ့ ဒေါ်လာ ၄ သန်းကျော် ဆုံးရှုံးနေဟုဆို
တိုက်ပွဲများ ရပ်တန့်ရေး တပ်မတော်နှင့် ဆွေးနွေးရန် မြောက်ပိုင်းအဖွဲ့ သဘောတူ
မူဆယ် ကုန်သွယ်ရေး ဇုန်၌ ဆန်ကွဲအိတ် ၁ သိန်းကျော် ၄ လကြာ ပိတ်မိနေ