ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် ပထမဆုံး အစိုးရချင်းပူးပေါင်းဆောင်ရွက်မည့် မြန်မာ – ကိုရီးယား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု စီမံကိန်း စက်မှုဇုန်ကို အပိုင်း ၁ ကို ယခု ၂၀၁၉-၂၀၂၁ ခုနှစ် ၃ နှစ်အတွင်း စတင်အကောင် ထည်ဖော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့ သစ္စာလမ်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(DICA) ရုံးတွင် စက်တင်ဘာလ ၅ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ညွှန်ကြားရေးမှူး ဦးသန့်စင်လွင်က ပြောဆိုခြင်း ဖြစ်သည်။
ဦးသန့်ဇင်လွင် က “ဒီလုပ်ငန်းက ကိုရီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံတိုရဲ့ ပထမဦးဆုံးအစိုးရချင်း ပူးပေါင်းဆောင်ရွက်ခြင်းပဲ ဖြစ်တယ်။ KMIC Development ကုမ္ပဏီက အကောင်ထည်ဖော်ဆောင်ရွက်မယ့် ကိုရီးယား- မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းပဲဖြစ်ပါတယ်။ ဒီလုပ်ငန်းကို Phase 1၊ Phase 2 နဲ့ ပထမဆုံးသွားမှာဖြစ်တယ်”ဟု ပြောသည်။
စီမံကိန်းတည်ဆောက်ရန်အတွက် အပိုင်း ၂ ပိုင်းခွဲခြားထားပြီး Phase 1 တည်ဆောက်ရေးကာမှာ ၂၀၁၉-၂၀၂၁ ခုနှစ်အတွင်း စတင်လုပ်ဆောင်၍ Phase 2 အနေနှင့် ၂၀၂၂-၂၀၂၄ ခုနှစ်အတွင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
အဆိုပါ စီမံကိန်း အကောင်ဖော် ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ၄၀ ရာခိုင်နှုန်း၊ Korea Land & Housing Corporation က ၄၀ ရာခိုင်နှုန်းနှင့် Globel see A ကိုရီးယား ကုမ္ပဏီတို့က ၂၀ ရာခိုင်နှုန်း ပူးပေါင်းပြီး KMIC Development ကုမ္ပဏီတို့မှ အကောင်ထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထိုစီမံကိန်း တခုလုံးအတွက် အမေရိကန်ဒေါ်လာသန်း ၁၁၀ တန်ဖိုးရှိပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ တင်ပြထားသော Phase 1 သည် ကန်ဒေါ်လာ ၄၈ ဒသမ ၄၅၁ သန်း ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
ဦးသန့်ဇင်လွင် က “Phase 1 ကို အခုနှစ် ဖေဖော်ဝါရီလက MIC ကခွင့်ပြုထားတာဖြစ်တယ်” ဟု ပြောသည်။
ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်း က မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်အနီးရှိ အကြီးစား စက်မှုဇုန်တွင် ဖက်ရှင် (အထည်ချုပ်)၊ အထည် အလိပ်၊ ဆောက်လုပ်ရေးနှင့် ဆက်သွယ်ရေးစသည့် များစွာသော စက်မှုလုပ်ငန်းများ ဝင်ရောက်နိုင်သော စက်မှုအခြေခံ အဆောက်အဦကို တည်ဆောက်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်အတွင်း မြန်မာနိုင်ငံသို့ လာသည့် ခရီးစဉ်တွင် ပြောကြားခဲ့သည်။
မြန်မာ- ကိုရီးယား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု စီမံကိန်း စက်မှုဇုန် စတင်ရန်အတွက် လက်ရှိတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ Phase 1 ကိုသာတင်ပြထားပြီး တည်ဆောက်ရေးကာလမှာ ၃ နှစ်ဖြစ်ကြောင်း DICA မှ သိရသည်။
ဆက်လက်လုပ်ဆောင်မည့် Phase 2 ကို တင်ပြထားခြင်း မရှိသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
စက်မှုဇုန်တွင် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများ ပါဝင်မည်ဖြစ်ပြီး ကိုရီးယားကုမ္ပဏီ ၂၀၀ ခန့် ရင်းနှီးမြှုပ်နံှမှုများ ပြုလုပ်ရန် ရှိကြောင်း သိရသည်။
ကိုရီးယားသမ္မတနိုင်ငံသည် မြန်မာနိုင်ငံတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံ တန်ဖိုးရှိသည့် ရင်းနှီးမြှူပ်နှံမှု စီမံကိန်း ၁၇၇ ခုကို ဆောင်ရွက်နေပြီး မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့် နိုင်ငံများအနက် ဆဋ္ဌမမြောက်နေရာတွင် ရပ်တည်လျက်ရှိသည်။
ကုန်ထုတ်လုပ်ငန်း၊ အခြေခံအအောက်အအုံလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း နှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ထားသည်။
ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က “ကိုရီးယားနိုင်ငံက ကျနော်တို့နဲ့ အလွန်အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ဖက် နိုင်ငံ ဖြစ်တယ်။ ရင်းနှီးမြှုပ်နှံမှုမှာ နိုင်ငံပေါင်း ၅၀ အနက် အဆင့် ၆ မှာရှိပါတယ်။ ကုန်သွယ်မှုအနေနဲ့ ကန်ဒေါ်လာ ၁ ဘီလီလျှံ ရှိပါတယ်။ ဒါကြောင့် ကိုရီးယားနိုင်ငံရဲ့ ရန်ကုန်- ဒလတံတားစီမံကိန်း၊ စက်မှုဇုန်စီမံကိန်းများနဲ့ အခြားစီမံကိန်းများ လုပ်ဆောင်နေတာကို ကျနော်တို့က အားပေးပါတယ်”ဟု ပြောကြားထားသည်။