စီးပွားရေး

MyTel၊ တယ်လီနော၊ အူရီဒူး တို့ကို ဝန်ကြီးဌာန သတိပေး

Want create site? Find Free WordPress Themes and plugins.

ဆက်သွယ်ရေး အော်ပရေတာများဖြစ်သော MyTel၊ တယ်လီနော၊ အူရီဒူး တို့ကို ညွှန်ကြားချက်များနှင့် စည်းမျဉ်း စည်း ကမ်းများကို ဖောက်ဖျက်ခြင်းကြောင့်ဟုဆိုကာ ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက သတိပေးလိုက်ကြောင်း သိရသည်။

အဆိုပါ အော်ပရေတာများထဲမှ Mytel ကို ဦးစီးဌာန၏ ခွင့်ပြုချက် မရှိဘဲ OEM Device Partner များနှင့် ဝန်ဆောင်မှု လုပ် ငန်းဆောင်ရွက်ခြင်းကြောင့် သတိပေးခြင်း ဖြစ်ပြီး၊ တယ်လီနောကို နှုန်းထားနှင့် အခွန်စည်းကြပ်မှု ထိန်းသိမ်းရေး မူဘောင် ပါ ညွှန်ကြားချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခြင်း တို့ကြောင့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၅၇(က) စီမံ ခန့်ခွဲရေး နည်းလမ်းအရ သတိပေးခဲ့ကြောင်း စက်တင်ဘာလ ၁၂ ရက် က ထုတ်ပြန်ထားသည်။

ထို့ပြင် အူရီဒူးကို နှုန်းထားနှင့် အခွန်စည်းကြပ်မှု ထိန်းသိမ်းရေး မူဘောင်ပါ ညွှန်ကြာချက်၊ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခြင်းကြောင့်ဟု သတိပေးလိုက်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြ ထား သည်။

MyTel ၏ ပြင်ပဆက်ဆံရေး အရာရှိချုပ် ဦးဇော်မင်းဦးက MyTel အနေဖြင့် မိုဘိုင်းဖုန်းကုမ္ပဏီများ ပူပေါင်းပြီး ဟန်းဆက် များ ဝယ်ယူပါက ၎င်းတို့၏ ဆင်းမ်ကတ်ပါဝင်ပြီး ဖုန်းပြောဆိုခများနှင့် အင်တာနက် အသုံးပြုခွင့်များကို တပါတည်း အသုံး ပြုခွင့်ပေးခြင်းကြောင့် ဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။

“အရင်တုန်းက ဒီလိုမျိုး လုပ်ခွင့်ပေးထားတယ်။ ကျနော်တို့လုပ်ပြီး သိပ်မကြာဘူး၊ ဒါတွေ လုပ်ခွင့်မရှိဘူး ပိတ်တယ်ပေါ့။ အဲဒီတော့ ကျနော်တို့ရဲ့ ဈေးကွက်မှာ ရှိပြီးသားဟာတွေက ချက်ချင်း ပြန်ရုပ်လို့ မရဘူး ဖြစ်သွားတယ်။ အဲဒါကြောင့် ခွင့်ပြု ချက်မရှိဘဲ လုပ်တယ်ဆိုပြီး သတိပေးတာ” ဟု ၎င်းက ဆိုသည်။

ဆက်လက်၍ ဦးဇော်မင်းဦး “ကျနော်တို့ကလည်း စားသုံးသူတွေ အဆင်ပြေဆုံး ဖြစ်အောင် လုပ်တာပါ။ အဲဒီမှာ ဝန်ကြီး ဌာနရဲ့ ဈေးနှုန်းကို ကြမ်းခင်းထက် လျှော့မရောင်းရဘူးဆိုတဲ့ သတ်မှတ်ချက်ကြောင့် ဒါတွေ ဖြစ်နေတာ။ ကျနော်တို့ သိရ သလောက် တခြားနိုင်ငံတွေမှာ သတ်မှတ်ထားတဲ့ ဈေးထက် လျှော့မရောင်းရဘူး ဆိုတဲ့ သတ်မှတ်ချက် မရှိဘူး။ အဓိကက ဘယ်ဈေးနှုန်းထက် ပိုမရောင်းရဘူးဆိုတဲ့ သတ်မှတ်ချက်မျိုးပဲ ရှိတာ။ ကျနော်တို့ ဒီမှာတော့ အဲဒါလေးနဲ့ ပြောင်းပြန် ဖြစ်နေ တယ်” ဟု ပြောဆိုသည်။

တယ်လီနောနှင့် အူရီဒူး တို့ကို နှုန်းထားနှင့် အခွန်စည်းကြပ်မှု ထိန်းသိမ်းရေး မူဘောင်ပါ စည်းကမ်းချက်များကို ဖောက် ဖျက်ခဲ့သည့် အတွက် သတိပေးခြင်းတို့ကို၂၀၁၉ ဇွန်လအတွင်း၌ ပထမအကြိမ် အဖြစ် လုပ်ဆောင်ခဲ့ကြောင်း ဆက်သွယ် ရေး ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

အိုင်တီပညာရှင် တဦးဖြစ်သူ ကိုဇော်ဇော်မျိုးလွင်က “ဒီလိုမျိုး အရေးယူမှုတွေ ရှိလာတာ အားပေးရမယ့် ကိစ္စပါ။ ဒါပေမယ့် ဆက်သွယ်ရေး ကဏ္ဍမှာ မဟုတ်ဘူး။ ဘယ်စီးပွားရေးကဏ္ဍမှာ မဆို လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်ခွင့် ရှိဖို့တော့ လိုတယ်။ အမှန်က စားသုံးသူတွေကို မျက်စိလည် ဆိုပြီး ရှုပ်ထွေးစေတဲ့ Package တွေ စားသုံးသူတွေ ပေးလိုက်ရတဲ့ ဈေးနှုန်းနဲ့ ပြန် ရတဲ့ ဝန်ဆောင်မှုက တကယ့်အရည်အသွေး ပြန်ရရဲ့လားဆိုတာမျိုးကို ပိုပြီး တင်းတင်းကြပ်ကြပ် လုပ်ဆောင်သင့်တယ်” ဟု ပြောဆိုသည်။

၎င်းက “စားသုံးသူကတော့ နံပတ် ၁ ဈေးနှုန်း သက်သာမယ်၊ နံပါတ် ၂ ဝန်ဆောင်မှု ကောင်းတယ်ဆိုတဲ့ဟာကို သူ လွတ် လွတ်လပ်လပ် ရွေးချယ်သုံးမှာပဲ။ အော်ပရေတာတွေကို အမြင့်ဆုံး ဈေးနှုန်းနဲ့ အနိမ့်ဆုံး ဈေးနှုန်းကြား ယှဉ်ပြိုင်စေချင် တယ်။ သူတို့ အကျိုးအမြတ် မရမယ့် ကိစ္စမျိုးတော့ ဘယ်သူမှ မလုပ်ပါဘူး” ဟု ဆိုသည်။

၂၀၁၉ ခုနှစ် ဇူလိုင်လ အတွင်းက Mytel ကို ဆင်းမ်ကတ်များ အခမဲ့ ဝေငှခြင်းကြောင့် ပထမ အကြိမ်အဖြစ် သတိပေး အရေးယူမှု ပြုလုပ်ခဲ့ပြီး ကျပ်သန်း ၃၀၀ ဒဏ်ရိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တယ်လီနောကိုလည်း အခွန်စည်းကြပ်မှု ထိန်းသိမ်းရေး မူဘောင်ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ခဲ့သည့် အတွက်ဟု ဆိုကာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၅၇ (က) စီမံခန့်ခွဲရေး နည်းလမ်း အရ သတိပေးထားခဲ့ဖူးသည်။

အဆိုပါ သတိပေးအရေးယူမှုနှင့် ပတ်သက်၍ တယ်လီနောမှ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်း မရှိခဲ့ပေ။

ယခုနှစ် ဖေဖော်ဝါရီလက ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဆက်သွယ်ရေး အော်ပရေတာများကို ကြတ် မတ်မှု အပိုင်းနှင့် ပတ်သက်သည့် မေးခွန်းအား ဆက်သွယ်ရေး ဒု ဝန်ကြီး ဦးသာဦးက ဖြေကြားရာတွင် စည်းမျဉ်းစည်း ကမ်းနှင့် မညီညွတ်သော အော်ပရေတာများကို ပထမအကြိမ် သတိပေးခြင်း၊ ဒုတိယ အကြိမ်တွင် လိုင်စင်ကိုသတ်မှတ် အချိန်ကာလတခု အထိ ယာယီရပ်ဆိုင်းခြင်းနှင့် တတိယ အကြိမ် အဖြစ် လိုင်စင် အပြီးပိတ်သိမ်းခြင်းတို့ဖြင့် အရေးယူရန် ဥပဒေတွင် ပါရှိကြောင်း ပြောဆိုသွားသည်။

ထို့ပြင် ဒုတိယအကြိမ် အဖြစ် လိုင်စင်ယာယီရပ်ခြင်း ကိစ္စသည် ဥပဒေ၌ ပါသော်လည်း လုပ်ဆောင်၍ မရကြောင်း အဘယ့် ကြောင့်ဆို့သော် My Tel တွင် သုံးစွဲသူ ၅ သန်းခန့်၊ အူရီဒူးတွင် ၁၀ သန်း၊ MPT တွင်၂၁ သန်းနှင့် တယ်လီနောတွင်မူ သုံးစွဲသူ ၁၉ သန်းခန့် ရှိသဖြင့် ပိတ်လိုက်ပါက သုံးစွဲသူများအားလုံး အဆက်သွယ် ပြတ်တောက်သွားမည် ဖြစ်ပါသဖြင့် နည်းဥပဒေတွင် ပါရှိသည့် အော်ပရေတာများ၏ ပြီးခဲ့သည့်နှစ် ဝင်ငွေ၏ ၅ ရာခိုင်နှုန်းအား ဒဏ်ရိုက်သည့် နည်းလမ်းဖြင့် သာ အရေးယူလေ့ရှိကြောင်းကို ၎င်းက ပြောကြားသွားသည်။

You may also like these stories:

ရန်ကုန်ကို တောင်ကိုရီးယား ခြေဦးလှည့်လာပြီ

လမ်းဘေးဈေးသည်အား အခွန်မကောက်နိုင်၍ နိုင်ငံ့ဘဏ္ဍာ ဘီလျံ ချီဆုံးရှုံးနေဟု ဆို

လျှပ်စစ်သုံးစွဲမှု ယူနစ်သန်းချီ လျော့သွားပြီး၊ မီတာခငွေကျပ် ၃၆ ဘီလီယံ ပိုမို ရရှိဟုဆို

Did you find apk for android? You can find new Free Android Games and apps.
Loading