ဟွာဝေး တက်ကနော်လိုဂျီ Huawei Technologies ကိုတည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သည့် လန်းဇင်ဖေး Ren Zhengfei က သူ့ အနေဖြင့် ကုမ္ပဏီ၏ 5G နည်းပညာကို အလားအလာရှိသည့် အနောက်တိုင်းမှ ဝယ်ယူသူများနှင့် ဝေမျှရန် အသင့်ရှိကြောင်း ပြောကြားလိုက်သည်။
Huawei က ၎င်း၏ လက်ရှိ 5G မူပိုင်ခွင့်များ၊ လိုင်စင်များ၊ ကုဒ်များ၊ နည်းပညာပုံစံများနှင့် ထုတ်လုပ်ရေး နည်းလမ်းများကို တကြိမ်ဝယ်ယူရုံဖြင့် ဝယ်ယူသူများကို အမြဲတမ်း အသုံးပြုခွင့် ပေးသွားရန် ဆန္ဒရှိသည်ဟု လန်းဇင်ဖေးက ပြောကြားခဲ့ ကြောင်း စက်တင်ဘာလ ၁၀ရက်နေ့က The Economist နှင့် ပြုလုပ်ခဲ့သည့် ၂ နာရီကြာ အင်တာဗျူး အစီအစဉ်တခု အရ သိရသည်။ ဖော်ပြချက်ကို Huawei ကလည်း အတည်ပြုပေးခဲ့သည်။
ဝယ်ယူသူများအနေဖြင့် source code ကို ပြင်ဆင် မွမ်းမံခွင့် ရရှိမည်ဖြစ်သည်။ အဓိပ္ပါယ်မှာ ကုမ္ပဏီအသစ်က ထုတ်လုပ်သည့် ကိရိယာများကို အသုံးပြုတည်ဆောက်ထားသော မည်သည့် ဆက်သွယ်ရေး အခြေခံ အဆောက်အဦးကိုမျှ Huawei သို့မဟုတ် တရုတ်အစိုးရသည်ပင်လျှင် (မှန်းဆထားကြသလို) ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ပါ။ အလားတူပင် Huawei ကလည်း ၎င်း၏ နည်းပညာကို ၎င်းတို့ ဆန္ဒ ရှိသည့်အတိုင်း လွတ်လွတ်လပ်လပ် ဖွံ့ဖြိုးအောင် ပြုလုပ်မည် ဖြစ်သည်။
လန်းဇင်ဖေး၏ မှတ်ချက်စကားက တရုတ်-အမေရိကန် ကုန်သွယ်ရေး စစ်ပွဲအတွင်းတွင် Huawei က နစ်မြုပ်နေဆဲ ဖြစ်ပြီး အမျိုးသားလုံခြုံရေး အကြောင်းပြချက်ဖြင့် မေလအတွင်းက အမေရိကန် ကုန်သွယ်ရေး နာမည်ပျက်စာရင်းတွင် ထည့်သွင်းခြင်းခံခဲ့ရပြီး နောက်ပိုင်းတွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။ အမေရိကန်က Huawei ထုတ် ပစ္စည်းများသည် တရုတ် ထောက်လှမ်းရေး အဖွဲ့အစည်းများ၏ သူလျှို လုပ်ငန်းများအတွက် အသုံးပြုနိုင်သည်ဟု စွပ်စွဲကာ နာမည်ပျက်စာရင်းသွင်း လိုက်ခြင်းက ၎င်းတို့၏ နောက်မျိုးဆက် 5G ကွန်ရက် နည်းပညာကို ကမ္ဘာတလွှားတွင် မိတ်ဆက်ရန် Huawei ၏ ကြိုးစား နေမှုများကို ထိခိုက်စေခဲ့၏။
The Economist နှင့် အင်တာဗျူးအရ ၎င်းတို့၏ ရည်ရွယ်ချက်မှာ 5G နည်းပညာတွင် Huawei နှင့် ယှဉ်ပြိုင်နိုင်မည့် ပြိုင်ဘက်တဦး ဖန်တီးရန် ဖြစ်သည်ဟု လန်းဇင်ဖေးက ထုတ်ဖော်ပြောကြားခဲ့သည်။ (Huawei က ရှိနှင့်ပြီး ကန်ထရိုက် များကို ဆက်လက်ထိန်းသိမ်းသွားမည် ဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုင် 5G ပစ္စည်းများကိုလည်း ဆက်လက်ရောင်းချသွားမည် ဖြစ်သည်)။ လန်းဇင်ဖေး၏ အမြင်အရဆိုလျှင် ကမ္ဘာပေါ်မှ မိုဘိုင်းဖုန်း ကွန်ရက် အများစုအတွက် ပစ္စည်းများကို တရုတ် ကုမ္ပဏီတခု က ထောက်ပံ့ပေးတော့မည့် အလားအလာက အနောက်တိုင်းမှ အများစုအတွက် သတိပေးချက် ဖြစ်လာသည့် အချိန်တခုတွင် မျှတစွာ ယှဉ်ပြိုင်မှုတခု ဖြစ်လာရေးအတွက် အထောက်အကူဖြစ်စေလိမ့်မည် ဖြစ်သည်။
“မျှတတဲ့ အကျိုးအမြတ် ခွဲဝေယူမှုတခုက Huawei ရဲ့ ရှင်သန်ရပ်တည်မှုကို ဖြစ်ထွန်းစေပါလိမ့်မယ် ”ဟု လန်းဇင်ဖေးက အင်တာဗျူးတွင် ပြောသည်။
Huawei က အမေရိကန် အဆင့်မြင့် နည်းပညာကုမ္ပဏီများထံမှ အဓိကကျသော အစိတ်အပိုင်းများဝယ်ယူခွင့် ရရှိမည့် ပြစ် ဒဏ်ဆိုင်းငံ့မှုတခုကို သက်တမ်းတိုးပေးရန် အမေရိကန် အစိုးရက မကြာသေးမီက ဆုံးဖြတ်ချက်ချခဲ့သည့်တိုင် Huawei အနေဖြင့် ၎င်းတို့မကြာမီဖြန့်ချီတော့မည့် 5G Mate 30 စမတ်ဖုန်းများ ကို ပြည်ပတွင်ရောင်းချရန် အချိန်ဆွဲထားရနိုင် ပါသည်။ အမေရိကန် ၏ ပိတ်ပင်မှုကြောင့် ထိုဖုန်းများတွင် Google ဝန်ဆောင်မှုများ မရရှိနိုင်သောကြောင့် ဖြစ်သည်ဟု South China Morning Post က သတင်းရင်းမြစ်များကို ကိုးကား၍ ပြီးခဲ့သည့် လအတွင်းက ရေးသားခဲ့သည်။
Huawei သို့ ထောက်ပံ့မှုများ ပြန်ပေးခွင့်ရရန် Google က Trump အစိုးရကို လော်ဘီလုပ်နေခဲ့သည်ဟု အင်တာဗျူးတွင် လန်းဇင်ဖေးက ပြောကြားခဲ့သည်။
အမေရိကန် ကုန်သွယ်ရေးဌာန အနေဖြင့် Huawei သို့ အမေရိကန် ကုန်ပစ္စည်းများ ရောင်းချရန် ကုမ္ပဏီများထံမှ လိုင်စင် လျှောက်လွှာ အစောင် ၁၃၀ ကျော် ရရှိထားပြီး ဖြစ်သည်ဟု ရိုက်တာ သတင်းဌာနက သတင်းရင်းမြစ်များကို ကိုးကား၍ ပြီးခဲ့သည့် လအတွင်းက ရေးသားခဲ့သည်။ သို့သော်လည်း Huawei အပေါ် ပိတ်ပင်မှု ဆိုင်းငံ့ကြောင်း ကြေညာခဲ့ပြီးသည့် အချိန်မှစ၍ ၂ လအတွင်းတွင် Trump အစိုးရက မည်သည့်လိုင်စင်ကိုမျှ ချထားပေးခဲ့ခြင်း မရှိသေးပါ။
ထိုကဲ့သို့ စိန်ခေါ်မှုများ ရှိနေသော်လည်း ရှန်ကျန်း Shenzhen အခြေစိုက် Huawei ကုမ္ပဏီက ယခုနှစ် ပထမနှစ်ဝက် အတွင်းတွင် ကမ္ဘာတလွှားမှ တယ်လီဖုန်းဆက်သွယ်ရေး ကိရိယာများရောင်းချသည့် ဈေးကွက်တွင် ၎င်း၏ ဝေစုကို ၂၈.၁ ရာခိုင်နှုန်း အထိ တိုးချဲ့နိုင်ခဲ့သည်ကို တွေ့ရသည်။ ကြေ ညာထားပြီး ဖြစ်သည့် 5G မိုဘိုင်းကွန်ရက် သဘောတူညီချက် ၅၀ နှင့် အတူ 5G ပစ္စည်းဈေးကွက်တွင်လည်း ထိပ်ဆုံးမှ ဦးဆောင်နေဆဲ ဖြစ်သည်။ သို့သော်လည်း အမေရိကန် ကုန်သွယ်ရေး ပိတ်ပင်မှု၏ အနာဂတ် သက်ရောက်မှုက Huawei ၏ ပင်လယ်ရပ်ခြား စီးပွားရေးကို အထူး ထိခိုက်နိုင်ကြောင်း လေ့လာဆန်းစစ်သူများက သတိပေးခဲ့ပြီး ဖြစ်သည်။
သြစတြေးလျနိုင်ငံက ၎င်းတို့၏ 5G ကွန်ရက်အတွက် Huawei မှ ပစ္စည်း ကိရိယာများထောက်ပံ့ခြင်းကို အမျိုးသား လုံခြုံရေး အန္တရယ် အကြောင်းပြချက်ဖြင့် ယခုနှစ် အစောပိုင်းတွင် ပိတ်ပင် တားမြစ်ခဲ့သည့်။ ဥရောပမှ Huawei ၏ စီးပွား ရေးမှာလည်း ခြိမ်းခြောက်မှုအောက်တွင် ရောက်ရှိနေသည်။ Huawei က ဥရောပတွင် ဈေးကွက်ဝေစု ၃၀ ရာခိုင်နှုန်းခန့် ရ ရှိထားသည်ဟု ခန့်မှန်းရသည်။
အမျိုးသားလုံခြုံရေး စိုးရိမ်ရသည့် အကြောင်းပြချက်ဖြင့် Huawei ၏ ပစ္စည်းများကို တားမြစ်ပိတ်ပင်ရန် အမေရိကန်နိုင်ငံက ဥရောပနိုင်ငံများကို တိုက်တွန်းစည်းရုံးနေခဲ့ပြီး Huawei ကလည်း အဆိုပါ စွပ်စွဲမှုများကို ပြင်းပြင်းထန်ထန် အဆက်မပြတ် ငြင်းဆန်ပယ်ချနေခဲ့သည်။
ကိုးကား ။ ။ The Economist, South China Morning Post
You may also like these stories:
MyTel၊ တယ်လီနော၊ အူရီဒူး တို့ကို ဝန်ကြီးဌာန သတိပေး
Huawei Mate 30 စီးရီးမှာ Play Store နဲ့ Google Apps များ ပါဝင်မည် မဟုတ်
ရန်ကုန်ကို တောင်ကိုရီးယား ခြေဦးလှည့်လာပြီ