စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဆော်ဒီအာရေးဗီးယား ရေနံ စက်ရုံများ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း ခံခဲ့ရပြီးနောက် ကမ္ဘာ့ဈေးကွက်တွင် ရေနံဈေးနှုန်းများ ၁၅ ရာခိုင်နှုန်းကျော် ခုန်တက်သွားခဲ့ရသည်။ အဆိုပါတိုက်ခိုက်မှုက ဆော်ဒီအာရေးဗီးယား၏ ထုတ်လုပ်မှု ၅၀ ရာခိုင်နှုန်းကျော်နှင့် ကမ္ဘာ့ရေနံထောက်ပံ့မှု၏ ၅ ရာခိုင်နှုန်းကို ရပ်ဆိုင်းသွားစေခဲ့သည်။
အလျှင်အမြန် မြင့်တက်သွားသော ဈေးနှုန်းများက မေလ နောက်ပိုင်းတွင် အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။ စက်တင်ဘာလ ၁၅ ရက်နေ့တွင် Brent ရေနံစိမ်း (ကြိုတင်အရောင်းအဝယ်လုပ်သည့်) ဈေးနှုန်းက ၁၉ ရာခိုင်နှုန်းကျော်အထိပင် မြင့်တက်သွားသည့် အချိန်ပိုင်းတခု ရှိခဲ့ပြီး ရေနံ တစည်လျှင် ၇၁.၉၅ ဒေါ်လာ ဖြစ်သွားခဲ့သည်။
အမေရိကန် ရေနံစိမ်း(ကြိုတင်) ဈေးနှုန်းက တစည်လျှင် ၆၃.၃၄ ဒေါ်လာအထိ ၁၅ ရာခိုင်နှုန်းကျော် မြင့်တက်သွားသည်။
စက်တင်ဘာလ ၁၅ ရက်နေ့ မနက်အစောပိုင်းတွင် Abqaiq ရေနံချက်စက်ရုံနှင့် Khurais ရေနံမြေတို့ကို တိုက်ခိုက်ခဲ့ခြင်း တွင် ဒရုန်း ၁၀ စင်း ပါဝင်ခဲ့ကြောင်း ဆော်ဒီအာရေးဗီးယားသတင်းများအရ သိရသည်။
တိုက်ခိုက်မှုကြောင့် ရေနံထုတ်လုပ်မှု တနေ့လျှင် စည်ပေါင်း ၅.၇ သန်းအထိ လျော့ကျသွားစေခဲ့ကြောင်း ဆော်ဒီအစိုးရပိုင် ရေနံကုမ္ပဏီကြီး ဖြစ်သည့် Saudi Aramco ကပြောသည်။
Aramco က မည်သည့် အချိန်တွင် ထုတ်လုပ်မှုများပြန်လည် စတင်မည် ဆိုသည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။ သို့ သော်လည်း အတွင်းလူများ၏ အဆိုအရ ထုတ်လုပ်နိုင်စွမ်း အပြည့်အဝ ပြန်လည်ရရှိရေးအတွက် ရက်သတ္တပတ် များစွာ ကြာမြင့်လိမ့်မည် ဖြစ်ကြောင်း သိရသည်။
ကုမ္ပဏီက ကမ္ဘာ့အကြီးဆုံး အစုရှယ်ယာရောင်းချမှုအတွက် အသင့်ဖြစ်နေသည့် အချိန်တွင် တိုက်ခိုက်မှု ပေါ်ပေါက်လာ ခြင်းဖြစ်သည်။
သို့သော် ရေနံ ဈေးနှုန်းများ ကျယ်ကျယ်ပြန့်ပြန့်မြင့်တက်လာခြင်းသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အချိန်မီထွက်ပေါ်လာသော ကြေညာချက်တခုကြောင့် ရပ်တန့်သွားခဲ့ကြောင်း ရေနံဈေးနှုန်းသတင်းများတွင် ဖော်ပြခဲ့ကြသည်။ အကယ်၍ လိုအပ်ပါက အမေရိကန်၏ အရံရေနံ (U.S. Strategic Petroleum Reserve -SPR) ကို ထုတ်ပေးရန် သူက အမိန့်ပေးမည်ဟု အမေရိကန်သမ္မတက ကြေညာခဲ့သည်။
“မီးတွေကို ထိန်းချုပ်လိုက်ပြီလို့ ဆော်ဒီအာဏာပိုင်တွေကပြောတယ်။ ဒါပေမယ့် ဒီကိစ္စက မီးတွေကို ငြိမ်းသတ်ရတာထက် အများကြီးပိုပါတယ် ”ဟု လန်ဒန်အခြေစိုက် Interfax Energy မှ လေ့လာဆန်းစစ်ရေးဆိုင်ရာ အကြီးအကဲ Abhishek Kumar ကပြောသည်။
Abqaiq နှင့် Khurais မှ တိုက်ခိုက်ခံရသည့် အဆောက်အဦးများ၏ ထိခိုက်ပျက်စီးမှုက ကြီးမားသည့် အသွင်ရှိပြီး ပုံမှန် ရေနံထောက်ပံ့မှုကို ပြန်လည်ရရှိရန် ရက်သတ္တပတ်များနှင့် ချီ၍ ကြာမြင့်လိမ့်မည်ဟု Abhishek Kumar က မှတ်ချက်ချ သည်။
အီရန် အမည်ကို ဆွဲသွင်းခြင်း
ထိုအချိန်တွင် “အမှန်တကယ် တိုက်ခိုက်သူ” အဖြစ် တံဆိပ်ကပ်ခံရခြင်း အတွက် အီရန်က ဒေါသတကြီး ပြောဆိုခဲ့သည်။ အမေရိကန်၏ မရိုးသားမှု အဖြစ် စွပ်စွဲခဲ့ကြောင်း အီရန် သတင်းများအရ သိရသည်။
ဆော်ဒီရေနံစက်ရုံ ၂ ခု ဒရုန်းဖြင့် တိုက်ခိုက်သည့်အပေါ် အီရန်ကို အပြစ်တင်ခဲ့သည့် အတွက် အီရန် နိုင်ငံခြားရေး ဝန်ကြီးက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုကို ဝေဖန်တိုက်ခိုက်ခဲ့၏။
Twitter မှ ပို့စ်တခုတွင် အီရန် နိုင်ငံခြားရေးဝန်ကြီး ဂျဗဒ်ဇာရိဖ် Javad Zarif က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို ပြင်းပြင်းထန် ဝေဖန်ခဲ့၏။ “အမြင့်ဆုံး ဖိအားပေးခြင်း မအောင်မြင်ခဲ့ခြင်းကြောင့် ဝန်ကြီး ပွန်ပီယိုက အမြင့်ဆုံး လိမ်ညာလှည့်ဖျားမှုဘက်သို့ လှည့်သွားသည်” ဟု သူက ပြောသည်။ “အီရန်ကို အပြစ်တင်ခြင်းက ယီမင်က ကပ်ဆိုးကို အဆုံးသတ်စေမှာ မဟုတ်ပါဘူး” ဟုလည်း ဆိုသည်။
ဒရုန်းတိုက်ခိုက်မှုကို အီရန်က ကျောထောက်နောက်ခံပေးထားသည့် ယီမင်မှ ဟူသီ Houthi လက်နက်ကိုင်များက ပြုလုပ်ခဲ့ ကြောင်းပြောကြားထားမှုကို Sec Pompeo က သံသယရှိခဲ့သည်။
ယီမင်လက်နက်ကိုင်များ၏ တိုက်ခိုက်မှု ဆိုခြင်းအပေါ် သံသယဖြင့် ဝေဖန်ပြောဆိုမှုများ ပေါ်ထွက်နေ ကြောင်း ဘီဘီစီ သတင်းတခု၏ အဆိုအရ သိရသည်။ ယီမင်နယ်စပ်နှင့် Khurais ရေနံမြေတို့၏ အကွာအဝေးသည် ၇၇၀ ကီလိုမီတာခန့် ရှိပြီး ဟူသီတို့၏ Qatef-1 တိုက်ခိုက်ရေး ဒရုန်းများ အလှမ်းမီသည်ထက် များစွာ ကျော်လွန်နေသောကြောင့် ဖြစ်သည်။
သူတို့က cruise ဒုံးကျည် တိုက်ခိုက်မှုတခုဟု သံသယရှိကြသည်။ သို့သော်လည်း အသစ်ရောက်လာသော ဟူသီ ဒရုန်း ဖြစ်သည့် UAV-X က ပျမ်းမျှ ကီလိုမီတာ ၁၅၀၀ အထိ အလှမ်းမီကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူ အချို့က ထောက်ပြခဲ့ကြသည်။
ဟူသီ လက်နက်ကိုင်များသည် ၂၀၁၅ ခုနှစ်တွင် ယီမင် သမ္မတကို ရာထူးမှ ဖြုတ်ချခဲ့သော ဆော်ဒီက ဦးဆောင်၍ အနောက်တိုင်းက ကျောထောက်နောက်ခံပေးထားသည့် ညွှန့်ပေါင်း အဖွဲ့တခုကို တိုက်ခိုက်နေခဲ့ကြခြင်း ဖြစ်သည်။
ယခင်ကလည်း ဇွန်လ အတွင်းက ပင်လယ်ကွေ့အတွင်းတွင် ရေနံတင်သင်္ဘော ၂ စီး တိုက်ခိုက်ခံရမှုတွင် အီရန် ပါဝင်ပတ်သက်ခဲ့သည်ဟု အမေရိကန်က စွပ်စွဲခဲ့သော်လည်း အီရန် အစိုးရက မဟုတ်မမှန်သော စွပ်စွဲမှုများ အဖြစ် ပယ်ချခဲ့ သည်။
ကိုးကား။ ။ Washington Post, Wall Street Journal
You may also like these stories:
5G နည်းပညာ ဟွာဝေး ထုတ်ရောင်းချင်
ပုဂ္ဂလိကဘဏ်များ အတိုးနှုန်း လွတ်လပ်စွာ သတ်မှတ်နိုင်ရေး ဗဟိုဘဏ် ဆောင်ရွက်
ထားဝယ်-ကန်ချနပူရီ နှစ်လမ်းသွားစီမံကိန်း စတင်နိုင်ရန် စီစဉ်နေ