ကချင်ပြည်နယ် ဖားကန့် ဒေသအတွင်း ကျောက်စိမ်း တူးဖော်ရေး လုပ်ကွက်များကို မိုးတွင်းကာလ၌ ၃ လ ရပ်နား ထားရာ ပြန်လည် ဖွင့်လှစ်ပါကလည်း လုပ်ကွက် ၅ ဧကသာ ခွင့်ပြုတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း အထွေထွေ မန်နေဂျာ ဦးမင်းသူက“အခုချမယ့်ဟာသည် ၅ ဧက၊ သူ့ဟာသူ ဧက ၅၀ ရှိရှိ၊ ၁၀ ဧက ရှိရှိ၊ ၂၀ ပဲရှိရှိ အဲဒီအတိုင်းသွားဖို့ စီစဉ်နေပြီ။ အခုဧက ၅၀ လက်ရှိ ရှိနေပြီ။ အကြိုက် ဆုံးနေရာ ၅ ဧကပဲ ရွေး၊ အဲဒီနေရာကို မြေပုံနဲ့ထောက်၊ တိုင် ၄ တိုင်စိုက်ပြီးရင် အဲဒီနေရာပဲတူး။ အဲဒီလို လုပ်ဖို့ အခု စီစဉ် နေပြီ”ဟု ပြောသည်။
ဖားကန့် ကျောက်လုပ်ကွက်များကို ၂၀၁၉ ခုနှစ် ဇွန်လ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ရပ်နားထားခြင်း ဖြစ်ပြီး လုပ်ကွက်များနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးပြီး အကြံပြုချက်များ ရယူနေကြောင်း၊ အတည် ပြုချက်ရပါက ဝန်ကြီးဌာန အစိုးရအဖွဲ့ရုံးများသို့ တင်ပြပြီး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခု လိုပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ကျောက်စိမ်း အလွန်အကျွံ တူးဖော်မှုကို လျှော့ချရန်နှင့် ရေရှည်တွင် သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရန်ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၁၆ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် နှစ်လည် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ ဖွင့်ပွဲတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူလည်း ဖြစ်သူ ဦးမင်းသူက သတင်းထောက် များကို ပြောဆိုခြင်း ဖြစ်သည်။
ထိုသို့ လုပ်ပိုင်ခွင့် ၅ ဧကသာ ခွင့်ပြုလိုက်ခြင်းအားဖြင့် ကုမ္ပဏီများ၏ ကုန်ကျစရိတ်များ မြင့်တက်လာနိုင်ကြောင်း၊ တချို့ ကျောက် အများအပြား ထွက်ရှိသည့် နေရာများအား ပေ ၆၀၀ အနက်နီးပါး တူးဖော်ရခြင်းဖြစ်သဖြင့် မြေစာ ပစ်မည့် နေရာ သပ်သပ်ပေးရမည် ဖြစ်ခြင်းကြောင့် တူးရခက်သည့် အနေအထား ရှိလာနိုင်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်း ဒု ဥက္ကဌ ဦးကျော်သူရ က ပြောသည်။
မြန်မာသူရ ကုမ္ပဏီ ပိုင်ရှင်လည်း ဖြစ်သူ ၎င်းက“ကျောက်ထွက်မှုနှုန်း လျော့လာမယ်လို့ ယူဆတယ်။ အရင်တုန်းက ဧက အများကြီး ယူထားပြီး၊ မွမ်းမံနေတာမျိုးတော့ ပပျောက် သွားနိုင်တယ်။ ရင်းနှီးမြှပ်နှံမှု များတယ်။ စွန့်စားမှု များတဲ့ အခါကျတော့ လုပ်နေကျ လူ လောက်ပဲလုပ်နိုင်မှာ ဖြစ်ပါတယ်”ဟုလည်း ပြောဆိုသည်။
အသစ်ပြဌာန်းလိုက်သည့် ကျောက်မျက်ရတနာ ဥပဒေတွင် အသေးစား၊ အလတ်စားနှင့် လက်လုပ်လက်စား ဟူ၍ ၃ ပိုင်း ခွဲခြားထားပြီး အသေးစား လုပ်ကွက်ကို ၃ ဧကဖြင့် သက်တမ်း ၂ နှစ်၊ အလတ်စား လုပ်ကွက်ကို ၅ ဧကဖြင့် သက်တမ်း ၃ နှစ်၊ လက်လုပ်လက်စား လုပ်ကွက်ကို ၁ ဧကဖြင့် သက်တမ်း ၁ နှစ် သတ်မှတ်ထားကြောင်း မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ သိရသည်။
ယင်းဥပဒေမှာ အတည်ပြု ပြဌာန်းပြီးဖြစ်သော်လည်း နည်းဥပဒေထွက်ရှိရန် ကျန်နေသေးကြောင်း၊ အကြီးစား လုပ်ကွက် များကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း၊ ယခင်က အကျိုးတူလုပ်ငန်းများဟု ဆိုကာ ၁ ဧက မှ ဧက ၁၀၀ အထိ လုပ်သည့် လုပ်ကွက်များ ရှိခဲ့ကြောင်း ယင်းလုပ်ကွက်ရှင်များကလည်း ရရှိထားသည့် သက်တမ်းအတွင်း အပြီးသတ် တူးဖော်မှုများ ရှိနေသည်ကို တွေ့ရကြောင်း ဖားကန့် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ရှင်းပြသည်။
ဦးတင့်စိုးက“တည်ဆဲ ဥပဒေနဲ့ဲပဲ ဆောင်ရွက်ရမှာဖြစ်တယ်။ အခုကျတော့ အကြီးစားလည်း မရှိတော့ဘူး။ အကြီးဆုံး က ၅ ဧကပဲ ဆောင်ရွက်ရမှာ ဖြစ်တယ်”ဟု ပြောသည်။
ကချင်ပြည်နယ် လုံးခင်း/ဖားကန့် ရတနာနယ်မြေတွင် ၂၀၁၉ ခုနှစ် မေလအထိ တူးဖော်လုပ်ကိုင်ခွင့် သက်တမ်း ကျန်ရှိ သေးသော ကုမ္ပဏီပေါင်း ၂၁၃ ခုက ကျောက်စိမ်းနှင့် ကျောက်မျက် လုပ်ကွက်ပေါင်း ၁၀၀၀ ကျော်တွင် တူးဖော် လုပ်ကိုင် နေကြောင်း သတ္တုတွင်း ဦးစီးဌာန စာရင်းများအရ သိရသည်။
သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်ကလည်း နှစ်စဉ် မေလမှ စက်တင်ဘာလ အထိ လုပ်ကွက်များ ပိတ်သိမ်းရန် အမိန့်ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် ကုမ္ပဏီများက လုပ်ကွက်သက်တမ်း ကုန်ဆုံးခါနီး ဖြစ်၍ ကျန်ရှိ အချိန်အတွင်း၌ မိုးတွင်း ကာလတွင်ပါ တူးဖော်ခြင်းများ ရှိကြကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
ယမန်နေ့က နေပြည်တော်တွင် စတင်ကျင်းပသည့် ယူရိုငွေဖြင့် ရောင်းချသော မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ၌ ကျောက်စိမ်း အတွဲ ၇၈၀၀ ကျော်နှင့် ကျောက်မျက် အတွဲပေါင်း ၄၈၀ ကျော်ကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချ သွားမည်ဟု ဆိုသည်။
ယခုနှစ် ကျောက်မျက် ပြပွဲတွင် ယူရို ၅ သန်းတန် ကျောက်စိမ်းတွဲ အထိ ပါဝင်ပြီး ကျောက်စိမ်း အတွဲပေါင်း ၇၈၁၁ တွဲ တွင် နိုင်ငံပိုင် အတွဲ ၅၀ ပုဂ္ဂလိကကုမ္ပဏီ သမဝါယမ အရောင်းဆိုင် ၁၅၃၁ ခုမှ အတွဲပေါင်း ၅၅၄၀ နှင့် အကျိုးတူ ကုမ္ပဏီ ၅၃ ခုမှ အတွဲပေါင်း ၂၂၂၁ တွဲကို ရောင်းချရန် စီစဉ်ထားသည်ဟုလည်း သိရသည်။
ထို့ပြင် ကျောက်မျက်အတွဲ ၄၈၁ တွဲတွင် နိုင်ငံပိုင် ၃၂၃ တွဲ၊ ကုမ္ပဏီ၊ သမဝါယမ အရောင်းဆိုင် ၁၅ ခုမှ ၁၃၃ တွဲ နှင့် အကျိုးတူ ၂၅ တွဲ တို့ကို ရောင်းချမည် ဖြစ်သည်ဟု ဆိုသည်။
You may also like these stories:
ကျောက်စိမ်းကြောင့် တရုတ်၌ ကမ္ဘာ့အဆင့်မီ မြို့များ ပေါ်ပေါက်၊ ဖားကန့်၌မူ လမ်းကောင်း မရှိဟု ဆို
မြစ်ကြီးနားတွင် ကျောက်မျက် ဥပဒေကြမ်း ကန့်ကွက် ဆန္ဒပြ
အခွန်မဆောင်နိုင်၍ မြန်မာ့ကျောက်မျက်များ တရုတ်သို့ ရောင်းချမှု များနေ