စက်တင်ဘာ လဆန်းပိုင်းအထိ ဈေးငြိမ်လျက်ရှိသော ယခု ရက်ပိုင်းအတွင်း ကမ္ဘာ့ရေနံစိမ်းဈေး မြင့်တက်လာခြင်းကြောင့် ပြည်တွင်း စက်သုံးဆီဈေးများလည်း မြင့်တက်လာကြောင်း စက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။
သြဂုတ်လအတွင်း ပြည်တွင်း၌ စက်သုံးဆီ ၁ လီတာ ဈေးနှုန်းများသည် အောက်တိန်း ၉၂ သည် ၇၈၅ ကျပ်၊ အောက်တိန်း ၉၅ သည် ၈၇၅ ကျပ်၊ ဒီဇယ်(550 ppm)သည် ၈၈၀ ကျပ်နှင့် ပရီမီယံဒီဇယ်သည် ၈၉၀ ကျပ်ရှိခဲ့ရာမှ စက်တင်ဘာလ ၁၆ ရက် တွင် အောက်တိန်း ၉၂ သည် ၈၃၀ ကျပ်၊ အောက်တိန်း ၉၅ သည် ၉၂၀ ကျပ်၊ ဒီဇယ် (550 ppm) သည် ၉၃၀ ကျပ် နှင့် ပရီမီယံဒီဇယ်သည် ၉၄၀ ကျပ် အထိသို့ မြင့်တက်လာသည်။
ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်း ပြန်လည် မြင့်တက်နေချိန်တွင် စက်တင်ဘာလ ၁၄ ရက်နေ့၌ ကမ္ဘာ့ရေနံ တင်ပို့နေသည့် နိုင်ငံတခု ဖြစ်သော ဆော်ဒီအာရေဗျ နိုင်ငံ၏ ရေနံချက်စက်ရုံနှင့် ရေနံလုပ်ကွက်များကို မောင်းသူမဲ့ ဒရုန်းယာဉ်များဖြင့် တိုက်ခိုက်ခံ ရ မှု ဖြစ်ပွားခြင်းကြောင့်လည်း ကမ္ဘာ့ရေနံစိမ်း ၁ စည်ဈေးနှုန်းသည် ယခင်ထက် အမေရိကန်ဒေါ်လာ ၅၉ ဒေါ်လာကျော် အထိ ဈေးတက်လာခဲ့ပြီး ယခင်ကထက် ၇ ရာခိုင်နှုန်း အထိ မြင့်တက်လာလျက် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ စက်သုံးဆီ တင်သွင်းနေသော စင်ကာပူနိုင်ငံတွင်လည်း ရေနံစည် ၁ စည်ဈေးနှုန်းသည် စင်ကာပူဒေါ်လာ ၈၀ ကျော် အထိ ဈေးနှုန်းမြင့်တက်လျက်ရှိပြီး ယင်းဈေးနှုန်းသည် ပြီးခဲ့သည့် ရက်ပိုင်းကထက် စင်ကာပူ ဒေါ်လာ ၅ ဒေါ် လာ ကျော် မြင့်တက်လာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် စက်သုံးဆီကို စင်ကာပူနိုင်ငံမှ တင်သွင်းပြီး ပြည်တွင်း၌ ပြန်လည်ရောင်းချရခြင်းကြောင့် စင်ကာပူနိုင်ငံ၏ ဈေးနှုန်းမြင့်တက်လာပါက ပြည်တွင်းဈေးနှုန်းလည်း တက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်း ချရေး အသင်း၏ ရုံးအဖွဲ့မှူး ဦးဝင်းမြင့်က ဧရာဝတီသို့ ပြောသည်။
၎င်းက“တခြား ကမ္ဘာ့ကိစ္စတွေကတော့ ကျနော်တို့ ဉာဏ်မမီပါဘူး။ အဓိကက စင်ကာပူဈေးနှုန်းတက်ရင် ကျနော်တို့ဆီမှာ လည်း တက်မယ်။ သူတို့မတက်ရင် မတက်ဘူး။ နောက်တော့လည်း ကိစ္စတွေပြန်ငြိမ်သွားရင် ဈေးကပြန်ငြိမ်သွားမှာပါပဲ” ဟု ဆိုသည်။
ကမ္ဘာ့ရေနံစိမ်းဈေးသည် ဆက်တိုက် မြင့်တက်နေခြင်းကြောင့် စက်တင်ဘာလ ၁၆ ရက် ၁ ရက်တည်းတွင် နှစ်ကြိမ်ခန့် အထိ ဈေးနှုန်း အပြောင်းအလဲရှိခဲ့ပြီး စက်သုံးဆီ ၁ လီတာ ဈေးနှုန်းများသည် အောက်တိန်း ၉၂ သည် ၈၃၅ ကျပ်၊ အောက် တိန်း ၉၅ သည် ၉၂၅ကျပ်၊ ဒီဇယ် (550 ppm) သည် ၉၃၀ ကျပ်နှင့် ပရီမီယံဒီဇယ် သည် ၉၄၀ ကျပ် အထိ မနက်ပိုင်းက ဈေးနှုန်းများထက် ၁၀ ကျပ် အထိ ထပ်မံ မြင့်တက်ခဲ့ကြောင်း စက်သုံးဆီ အရောင်းဆိုင်များထံက သိရသည်။
စက်သုံးဆီ လက်လီလက်ကားလုပ်ငန်း လုပ်ကိုင်နေသော Best Oil ကုမ္ပဏီ (BOC) မှ တာဝန်ရှိသူတဦးက“အခုက ကမ္ဘာ့ အခြေအနေတွေကြောင့် ကမ္ဘာ့ဈေးနှုန်းတက်နေတာရယ် တချို့က ပစ္စည်းပြတ်မှာ စိုးရိမ်တဲ့အတွက် အဝယ်လိုက်နေလို့ ဈေး က လိုက်တက်နေတာ”ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက“ဒီတပတ်လောက်ကတော့ ထိန်းရောင်းနေကြဦးမှာပါ။ ဆော်ဒီကိစ္စကနေ တခြားကိစ္စတွေ ထပ်ဖြစ်လာရင်တော့ ပြည်တွင်း စက်သုံးဆီဈေး အပေါ်ကိုလည်း လာရိုက်ခတ်လိမ့်မယ်”ဟု ဆိုသည်။
လက်ရှိ အချိန်တွင် ပြည်တွင်းစက်သုံးဆီ ရောင်းချနေသူများထံတွင် ဆီလက်ကျန်များနေသေးပါက ဈေးနှုန်းများကို ထိန်း ညှိ ရောင်းချနိုင်မည် ဖြစ်သော်လည်း ဆီလက်ကျန်နည်းသွားပြီး ယခု အတက်ဈေးဖြင့် စက်သုံးဆီများတင်သွင်း ရောင်းချရ ပါက စက်သုံးဆီဈေးနှုန်းများသည်လည်း ဆက်တိုက် မြင့်တက်လာနိုင်ကြောင်း စက်သုံးဆီ ဈေးကွက်အတွင်းက သိရ သည်။
ပြည်တွင်း စက်သုံးဆီဈေးနှုန်း အတက်အကျမှာ ကမ္ဘာ့ပေါက်ဈေးနှုန်း အတက်အကျများနှင့် ရက်ပိုင်းခန့် ကွာခြားလျက် ရှိပြီး စက်သုံးဆီဆိုင်များသည် ကမ္ဘာ့ဈေးနှုန်းမြင့်တက်နေသော်လည်း အကျဈေးနှုန်းများဖြင့် ဝယ်ထားပြီးသော စက်သုံးဆီ များကို၊ ဈေးနှုန်းအနည်းငယ်သာ တက်၍ ရောင်းချကြကာ အတက်ဈေးဖြင့် ဝယ်ယူထားသည့် စက်သုံးဆီများကိုသာ ဈေး နှုန်း လိုက် တက်ရောင်းချလေ့ ရှိကြောင်း မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေး အသင်းက ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တခုတွင် တာဝန်ရှိသူများက ပြောဆိုထားသည်။
မြန်မာနိုင်ငံသည် ရေနံထွက်ရှိသော်လည်း နည်းပညာအခက်အခဲနှင့် အရင်းအနှီး အခက်အခဲများကြောင့် စက်သုံးဆီ မထုတ် လုပ်နိုင်ခြင်းနှင့် ပမာဏများများ သိုလှောင်နိုင်မည့် သိုလှောင်ကန်များ မရှိခြင်းတို့ကြောင့် ပြည်ပ၌ ပြဿနာရပ်တစုံ တရာ ဖြစ်ပေါ်တိုင်း ပြည်တွင်း စက်သုံးဆီဈေးနှုန်း အပေါ် လာရောက် ရိုက်ခတ်လေ့ ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အတွင်း၌လည်း ပြည်တွင်း စက်သုံဆီဈေးနှုန်းများသည် အမေရိကန်ဒေါ်လာဈေး မြင့်တက်မှု ကြောင့် ၁ လီတာကို ကျပ် ၁၀၃၅ မှ ၁၁၀၀ ဝန်းကျင် အထိ စံချိန်တင်မြင့်တက်ခဲ့ဖူးသည်။
You may also like these stories:
ထိုင်း PTT နှင့် KBZ စက်သုံးဆီ သိုလှောင်ကန် နှင့် ဆီဆိုင်များ ပူးပေါင်း ရင်းနှီးမြှုပ်နှံမည်
စက်သုံးဆီဈေး နှင့် ဒေါ်လာဈေးနှုန်းများ ဆက်တိုက် မြင့်လာ
စက်သုံးဆီဈေး ၁ လီတာ ၁၀၀၀ ကျပ်အောက် ရောက်ရေး စီစဉ်နေ