လွန်ခဲ့သောနှစ်မှ စတင်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရရှိရေး တာဝန်ရှိသော မြန်မာအရာရှိများသည် နိုင်ငံစီးပွားရေးကို ပြန်လည်အသက်သွင်းရန် အားထုတ်မှု တစိတ်တပိုင်းအဖြစ် အစိုးရ၏ဥပဒေဆိုင်ရာ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာနှင့် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများအား ရှင်းပြရန် နေပြည်တော်နှင့် အာရှမြို့တော်များအကြား လွန်းပျံသွားလာနေသည်။
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှုသည် မြန်မာ့စီးပွားရေးအတွက် အဓိကမောင်းနှင်အားဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း မကြာခဏပြောသည်။
လွန်ခဲ့သောနှစ်မှစတင်ပြီး မြန်မာနိုင်ငံသည် အာရှမှ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ မလေးရှား၊ထိုင်း၊ ဟောင်ကောင်၊ စင်္ကာပူနှင့် အနောက်တိုင်းမှ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ချက်၊ ဟန်ဂေရီနှင့် သြစတြေးလျတို့နှင့် ပြည်တွင်းပြည်ပတွင် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးညီလာခံများ ကျင်းပသည်။
ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း အစိုးရသည် ပြည်ထောင်စုအဆင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးဆွေးနွေးပွဲတခုကို နေပြည်တော်တွင် ကျင်းပပြီး ရန်ကုန်နှင့် မန္တလေးတိုင်းများ၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် အဓိက ရင်းနှီးမြှုပ်နှံမှုညီလာခံလေးခု ကျင်းပကာ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများ တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။
ထိုအစီအစဉ်များသည် အစိုးရ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း၏ တစိတ်တပိုင်းဖြစ်ပြီးထိုစီမံကိန်းသည် အရှေ့အာရှနိုင်ငံများကို ပိုမိုလေးထားသည်။ ၂၀၁၇ခုနှစ်က ရခိုင်ပြည်နယ်ရိုဟင်ဂျာအကျပ်အတည်းအပြီး နိုင်ငံ၏ပုံရိပ်ထိခိုက်ပြီး အနောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများ နည်းပါးသွားသောကြောင့် အရှေ့အာရှနိုင်ငံများကို အလေးထားခြင်းဖြစ်သည်။
ထိုညီလာခံအားလုံးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သို့မဟုတရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းတက်ရောက်သည်။ ၎င်းတို့သည် တိုင်းပြည်ရှိ စီးပွားရေးအခွင့်အလမ်းများကို ရှင်းလင်းတင်ပြပြီး အရှေ့တောင်အာရှ၏ နောက်ဆုံးနှင့် အကောင်းဆုံးစီးပွားရေးစစ်မျက်နှာတွင် စောစီးစွာ ခြေကုပ်ရယူနိုင်မည့်အလားအလာဖြင့် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန်ကြိုးစားသည်။
ဦးသောင်းထွန်း၏အဆိုအရ ယခုနှစ်တွင် အစိုးရ၏ အထူး အာရုံစိုက်သောနယ်ပယ်မှာ စီးပွားရေးကို မဟာခြေလှမ်းလှမ်းနိုင်စေမည်ဟု မျှော်လင့်ရသည့် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရေးနှင့် စီးပွားရေးတံခါးဖွင့်ပေးခြင်းကို အရှိန်မြှင့်တင်ရေးဖြစ်သည်ဟု သိရသည်။
သြဂုတ်လ တလအတွင်းမှာပင် အစိုးရသည် ဂျပန်၊ အမေရိကန်၊ ထိုင်း၊ မလေးရှားနိုင်ငံများနှင့်စီးပွားရေးညီလာခံသုံးခု ကျင်းပခဲ့သည်။
DaNa Facility နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)တိုမှတဆင့် UK aid ကျင်းပသောညီလာခံဖြစ်သည့် နှစ်ရက်ကြာ မြန်မာဂလိုဘယ်ရင်းနှီးမြှုပ်နှံမှုညီလာခံကို နေပြည်တော်တွင်စက်တင်ဘာလ ၁၀ ရက်နေ့က စတင်ခဲ့သည်။ ထိုနေ့တွင်ပင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA) ညွှန်ကြားရေးမှူးချုပ်သည် ဟောင်ကောင်တွင် ကျင်းပသည့် မြန်မာရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆွေးနွေးပွဲတွင် အလားအလာရှိသောရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နေသည်။
ပြည်တွင်းပြည်ပတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို စစ်မှန်စွာ ကြိုဆိုနေသောကြောင့် မိမိတို့သည် ယခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု အဓိကကာလတခုကို တွေ့ရမည်ဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန(MIFER) အမြဲတမ်းအတွင်းဝန်ဦးအောင်နိုင်ဦးက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် နိုင်ငံခြားစီးပွားဆက်သွယ်ရေးကို ကိုင်တွယ်ရန်၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုကို အားပေးရန်နှင့် ထိုရင်းနှီးမြှုပ်နှံမှုများသည် လူမှုနှင့်သဘာဝပတ်ဝန်းကျင်အရ တာဝန်သိစေရန်အတွက် နိုင်ငံခြားစီးပွားဆက်သွယ်ရေး MIFER ကို ၂၀၁၈ခုနှစ်နိုဝင်ဘာလက တည်ထောင်ခဲ့သည်။
“ပြုပြင်ပြောင်းလဲရေးအရ ကျနော်တို့လုပ်ဆောင်ထားတာတွေကို ရှင်းပြဖို့ ကျနော်တို့အရာရှိတွေနိုင်ငံခြားကို သွားကြတယ်။ တချိန်တည်းမှာပဲ ပြည်နယ်တိုင်းအဆင့်မှာ ရင်းနှီးမြှုပ်နှံမှုပွဲတော်တွေ ညီလာခံတွေကို ကျင်းပနေတယ်” ဟု ဦးအောင်နိုင်ဦးပြောသည်။
ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုအားပေးရေး အားထုတ်မှုနှစ်မျိုး ပါဝင်ရန် ရည်မှန်းထားပြီး တခုမှာ သတင်းအချက်အလက်သစ်များပေးရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကိုကူညီရန် ကွန်ရက်တည်ဆောက်ရေး ပြည်ပသို့သွားရောက်ခြင်းဖြစ်ပြီး အခြားတခုမှာ ပြည်နယ်တိုင်းအဆင့်တွင် လုပ်ကိုင်လိုသည့် စီးပွားရေးလုပ်ငန်းကွန်ရက်ဖွဲ့စည်းရေး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် သတ်မှတ်ထားသောနိုင်ငံများ၏ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်အသင်းများနှင့်မြန်မာနိုင်ငံအတွင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

ပြုပြင်ပြောင်းလဲရေး
တချိန်တည်းတွင် အမျိုးသားဒီမိုကရေစီအဖွဲချုပ်စိုးရသည် မြန်မာနိုင်ငံကို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရာဖြစ်လာစေရေးအတွက် ကဏ္ဍသစ်များတွင် နိုင်ငံခြားယှဉ်ပြိုင်မှုနှင့်ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို တံခါးဖွင့်ပေးရေးဆိုင်ရာ ရည်မှန်းချက်ကြီးမားသည့် ဖြေလျှော့သောအစီအစဉ်များကိုလည်း လုပ်ဆောင်နေသည်။
၂၀၁၆ ခုနှစ်တွင် စတင်သည့် အစိုးရ၏သက်တမ်း ပထမနှစ်နှစ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကျပ်အတည်းကြောင့် လမ်းကြောင်းလွဲသွားခဲ့သည်။
ထိုနောက်တွင် အစိုးရသည် စီးပွာရေးပြုပြင်ပြောင်းလဲမှုသို့ အာရုံစိုက်လာခဲ့သည်။၂၀၁၇ ခုနှစ်မှစတင်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သိသိသာသာ ကျဆင်းသည်ကို သတိထားမိသောကြောင့် ပြည်ထောင်စုနှင့်ပြည်နယ်တိုင်းအဆင့် အစိုးရအရာရှိများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ရှာဖွေရန် အပြင်းအထန်လုပ်ဆောင်ကြသည်။
၂၀၁၆ ခုနှစ်တွင် စတင်တာဝန်ယူပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် စီးပွားရေးပြုပြင်ပြောင်းလဲမှု အများအပြားကို လုပ်ဆောင်ခဲ့သည်။ ထိုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအကြား ယုံကြည်မှုကိုမြှင့်တင်ရန် မြန်မာကုမ္ပဏီများဥပဒေကို ပြဋ္ဌာန်းခြင်း၊ ဝန်ကြီးဌာနသစ် ထူထောင်ခြင်း၊ လူမှုစီးပွားကဏ္ဍများတွင် ညီမျှသောတိုးတက်မှုကို အားပေးသည့်လမ်းပြမြေပုံဖြစ်သော မြန်မာရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(MSDP) ကို ရေးဆွဲခြင်းတို့ ပါဝင်သည်။
“ကုမ္ပဏီဥပဒေသစ်ကို ပြဋ္ဌာန်းတာနဲ့ အခြားဥပဒေလုပ်ထုံးလုပ်နည်းတွေကို စတင်ပြဋ္ဌာန်းပြီး ကျနော်တို့ တဆင့်ခြင်းလုပ်ဆောင်နေပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံကို ရင်းနှီးမြှုပ်နှံသူတွေအတွက် ပိုမိုအကျွမ်းတဝင်ဖြစ်အောင် လုပ်ဖို့ လုပ်ထုံးလုပ်နည်းတွေကို ပိုမိုရိုးရှင်းအောင် ကျနော်တို့လုပ်နေတယ်” ဟု ယခုနှစ်မတ်လအထိ DICA ညွှန်ကြားရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သော ဦးအောင်နိုင်ဦးပြောသည်။
အစိုးရသည် ကြိုးနီစနစ်ကို ဖယ်ရှားနိုင်ရန် ပြည်တွင်းပြည်ပကုမ္ပဏီများအတွက် အွန်လိုင်းမှတ်ပုံတင်စနစ်တခုကိုလည် းထူထောင်ထားသည်။ ထို့အပြင် အစိုးရသည် မြန်မာရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း(MIPP) ကိုလည်း စတင်လုပ်ဆောင်ခဲ့ပြီး လာမည့်နှစ် ၂၀ အတွင်း တာဝန်သိသောစီးပွားရေးလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာဘီလျှံ ၂၀၀ (ကျပ် ၃၀၅.၇ထရီလျှံ) ကျော် ဆွဲဆောင်ရန် ရည်မှန်းထားသည်။ ထိုစီမံကိန်းအရ ၂၀၂၁-၂၂ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၈.၅ ဘီလျှံ၊ ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၃၁ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၂.၃ ဘီလျှံ၊ ၂၀၃၁-၃၂ ဘဏ္ဍာရေးနှစ်မှ ၂၀၃၅-၃၆ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၇.၆ ဘီလျှံရရှိရန် ရည်မှန်းထားသည်။
အစိုးရဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ ညှိုနှိုင်းဆောင်ရွက်နိုင်စေရန်နှင့် MSDP နှင့်ကိုက်ညီသောအဆိုပြုချက်များကို ဦးစားပေးရန်အတွက် တနေရာတည်းတွင် စုစည်းထားပြီး အများပြည်သူအသုံးပြုနိုင်မည့် အချက်အလက်ရှာဖွေရေးကိရိယာဖြစ်သည့် စီမံကိန်းဘဏ်ကိုလည်း ထူထောင်ထားသည်။
ပြုပြင်ပြောင်းလဲရေးစီမံကိန်း၏ ဒုတိယခြေလှမ်းမှာ ပြည်နယ်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မရှင်များအနေဖြင့် အမေရိကန်ဒေါ်လာ ၅ သန်းအထိ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို ခွင့်ပြုချက်ထုတ်ပေးနိုင်သည့် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း ဖြစ်သည်။ ယခင်က ထိုသို့လုပ်ကိုင်ခွင့်ပေးရန် MIC တွင်သာ အာဏာရှိသည်။ ထို့အပြင် အစိုးရသည် ပြည်နယ်တိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီများ ထူထောင်ရန်နှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ကြီးကြပ်ရန်ရုံးများ ဖွင့်လှစ်ရေးကို ဆုံးဖြတ်ထားသည်။
“သူတို့အတွက် စွမ်းရည်မြှင့်တင်ရေးအစီအစဉ်တွေကိုလည်း ကျနော်တို့လုပ်နေတယ်” ဟု ဦးအောင်နိုင်ဦးပြောသည်။
ပြုပြင်ပြောင်းလဲရေး၏ တတိယခြေလှမ်းသည် လုပ်ငန်းအဆင်ပြေချောမွေ့ရေးကို ဗဟိုပြုသည်။ ထိုသို့လုပ်တောင်ရန်အတွက် MIC သည် ရင်းနှီးမြှုပ်နှံသူများကို တနေရာတည်းတွင် ဝန်ဆောင်မှုပေးမည့်ဌာနတခုကို တည်ထောင်ရန် ခွင့်ပြုထားသည်။
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်မည့်အခြားနည်းလမ်းတခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဂလိုဘယ်လိုက်ဇေးရှင်းမူဝါဒဖြစ်ပြီး ထိုမူဝါဒအရ စီးပွားရေး၏အဓိကကဏ္ဍအချို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ခွင့်ပြုပေးမည့်စီမံကိန်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်လီနှင့်လက်ကားအရောင်းဝန်ဆောင်မှုများပြုလုပ်ရန် နိုင်ငံခြာသား ရာခိုင်နှုန်းပြည့်ပိုင်သည့်လုပ်ငန်းများကိုလုပ်ရန် ပြည်ပလုပ်ငန်းများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝ်ရေးဝန်ကြီးဌာနက လွန်ခဲ့သောနှစ်မေလက ခွင့်ပြုခဲ့သည်။ ယခင်က မြန်မာဥပဒေများသည် ပြည်တွင်းလုပ်ငန်းများကို အကာအကွယ်ပေးထားသည်။
သွင်းကုန်ငွေကြေးထောက်ပံ့ခြင်းနှင့် ပြည်တွင်းလုပ်ငန်းများသို့ ငွေထုတ်ချေးရေးနှင့် အခြားဝန်ဆောင်မှုများပေးရေးတို့အတွက် မြန်မာနိုင်ငံဗဟိုဘဏ်က နိုင်ငံခြားဘဏ်များကို ခွင့်ပြုခဲ့သည်။ထိုသို့လုပ်ဆောင်ခြင်းမှာ ပြည်တွင်းလုပ်ငန်းများအတွက် ဘဏ္ဍာငွေရင်းမြစ်သစ်ရှာဖွေပေးခြင်းဖြစ်သည်။ ယခင်က နိုင်ငံတကာဘဏ်ခွဲများသည် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် နိုင်ငံခြားလုပ်ငန်းများကိုသာ ငွေကြေးဝန်ဆောင်မှုပေးခွင့်ရှိသည်။
လက်ရှိအချိန်တွင် တရုတ်၊ ဂျပန်၊ စင်္ကာပူ၊ အိန္ဒိယ၊ မလေးရှားနှင့် စင်္ကာပူမှနိုင်ငံတကာဘဏ် ၁၃ ခုသည် ဗဟိုဘဏ်တွင် မှတ်ပုံတင်ထားပြီး အခြား ၄၉ ခုသည် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးများဖွင့်ထားကြသည်။
လှိုင်းလေထန်သော နှစ်အနည်းငယ်
စစ်အာဏာရှင်စနစ်အောက်တွင် ဆယ်စုနှစ်၆ စုနီးပါးကို ဖြတ်သန်းပြီးနောက် မြန်မာနိုင်ငံ၏ဒီမိုကရေစီအကူးအပြောင်းကို ပြီးပြည့်စုံအောင်လုပ်ကိုင်ရာတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုသည် ဒေါ်အောင်ဆန်းစုကြည်အစိုးရ၏ အဓိကရည်မှန်းချက်များအနက် တခုဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာရစေသည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲပြီးနောက် ဆယ်စုနှစ် ၅၀ ကျော်တွင် ပထမဆုံးအရပ်သာအစိုးရတက်လာခြင်း၏ဆွဲဆောင်မှုကြောင့် ရင်းနှီးမြှုပ်နှံမှုများမြန်မာနိုင်ငံအတွင်း အလုံးအရင်းဖြင့်ဝင်ရောက်လာမည်ဟု လူအများမျှော်လင့်ခဲ့ကြသည်။
သို့သော် ရိုဟင်ဂျာအကျပ်အတည်းကြောင့် ထိုမျှော်လင့်ချက်များ လမ်းကြောင်းချော်သွားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအတွက် လှိုင်းလေထန်သောနှစ်အနည်းငယ် ပေါ်ပေါက်လာစေခဲ့သည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစီးဝင်ခြင်းသည် သိသိသာသာ ကျဆင်းပြီး ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၉.၅ ဘီလျှံရှိရာမှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၆.၆ ဘီလျှံသို့ ကျဆင်းပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင်မူ အမေရိကန်ဒေါ်လာ ၅.၆ ဘီလျှံသာရှိပြီး၂၀၁၃ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးသို့ ကျဆင်းသွားသည်။
ရခိုင်အကျပ်အတည်းသည် အဓိကအားဖြင့် အနောက်တိုင်းမှ ရင်းနှီးမြှုပ်နှံသူများနှင့် ခရီးသွားများကိုမောင်းထုတ်နေသောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ စီးပွားရေးပြုပြင်ပြောင်းလဲရေးအားထုတ်မှုတွင် အဓိကအတားအဆီးဖြစ်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံ၏ အထူးစီးပွားရေးအကြံပေးရှောင်တန်းနဲက လွန်ခဲ့သောနှစ်က ဝန်ခံခဲ့သည်။
“ရိုက်ခတ်မှုက ကြီးမားတယ်၊ ရိုက်ချက်ပြင်းတယ်” ဟုရ န်ကုန်တွင် ကျင်းပသည့်ဆွေးနွေးပွဲတခုတွင် သူပြောသည်။
အစိုးရအတွက် အကြီးမားဆုံးစိန်ခေါ်မှုများအနက် တခုမှာ မြန်မာနိုင်ငံနှင့် နှစ်ဖက်ကုန်သွယ်ရေး အကာအကွယ်ပေးရေး သဘောတူစာချုပ်ကို နောက်ဆုံးအဆင့်အထိ ဆွေးနွေးညှိနှိုင်းပြီးကာမှ ဥရောပသမဂ္ဂက ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ဦးအောင်နိုင်ဦးပြောသည်။
“ရခိုင်ကိစ္စကြောင့် ဥရောပသမဂ္ဂက အဲဒီစာချုပ်ကို လက်မှတ်ထိုးဖို့ ဆိုင်းငံ့ထားလိုက်တယ်။ စာချုပ်ကို လက်မှတ်ထိုးလိုက်ရင် ဥရောပသမဂ္ဂနိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်လာမယ်လို့ ထင်ထားခဲ့တာ” ဟု သူပြောသည်။
“ကျနော်တို့အားထုတ်ခဲ့တာတွေ အားလုံး အလဟသဖြစ်ကုန်တယ်” ဟုလည်းသူပြောသည်။
အစိုးရက အရှေ့ဖက်သို့ မျက်နှာမူသောမူဝါဒကို တရားဝင်ကြေညာသည့် အောက်တိုဘာလမှ စတင်ပြီး အရာရှိများသည် အာရှနိုင်ငံများသို့ ခရီးသွားပြီး နိုင်ငံ၏စီးပွားရေးအလားအလာများကို ရှင်းလင်းတင်ပြကြသည်။
ရင်းနှီးမြှုပ်နှံမှုသစ်များကို အားပေးရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဝန်ထမ်းများအထိ အရာရှိများသည် မြန်မာနိုင်ငံ၏ သေနင်္ဂဗျူဟာကျသော တည်နေရာ၊နောက်ဆုံးအခြေခံအဆောက်အအုံတိုးတက်မှုများနှင့် ထွန်းသစ်စ လုပ်သားအင်အားစုများအကြောင်းကို ရှင်းပြကြသည်။
လွန်ခဲ့သောသြဂုတ်လက အစိုးရသည် ထိုင်း၊ မလေးရှားတို့နှင့် စီးပွားရေးညီလာခံတခုကိုကျင်းပသည်။ မြန်မာနိုင်ငံတွင် တတိယအကြီးမာဆုံး ရင်းနှီးမြှုပ်နှံသည့်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံမှအလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများကို ဘန်ကောက်တွင်ကျင်းပသည့်Myanmar Insight 2019 ညီလာခံတွင် ဗီဒီယိုမှတဆင့်ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က “အပြောင်းအလဲတွေကမြန်မာနိုင်ငံထဲကို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုစီးဝင်လာအောင် အကျိုးပြုနေပြီ” ဟုပြောခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ချဲ့ကားပြောဆိုနေခြင်း မဟုတ်ပေ။
လွန်ခဲ့သောလက ဂျပန်နှင့် အမေရိကန်နိုင်ငံတို့သည် မကြုံစဖူးထူးခြားသော ပူးတွဲကြေညာချက်တစောင်ကို ထုတ်ပြန်ပြီး မြန်မာပြည်သူများ၏အကျိုးအတွက်နှင့် မြန်မာနိုင်ငံစီးပွားရေးတိုးတက်မှုအတွက် တာဝန်သိ၊ အရည်အသွေးမီ ကျင့်ဝတ်ညီသော ရင်းနှီးမြှုပ်နှံမှုကို အားပေးသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ အမေရိကန်ကုမဏီများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားပြီး ကိုကာကိုလာ၊ ဖို့ဒ်နှင့် အဗစ်တို့ပါဝင်သည်။
ရန်ကုန်တွင် အမေရိကန်ဒေါ်လာ သန်း ၁၁၀ တန်ကြေးရှိ စက်မှုဇုန်ထူထောင်ကြောင်း တောင်ကိုရီးယားနှင့် မြန်မာတို့ မကြာသေးမီက ထုတ်ပြန်ကြေညာသည်။ ကိုရီးယားလုပ်ငန်း ၂၀၀ ခန့်သည် ကုန်ထုတ်လုပ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမည်ဟုမျှော်လင့်ရပြီး ထိုစက်မှုဇုန်မှ နှစ်စဉ်အခွန် ၁၀ သန်း ရရှိမည်ဖြစ်သည်။

ဂျပန်နိုင်ငံ၏ ကျောထောက်နောက်ခံပြု သီလဝါအထူးစီးပွားရေးဇုန်သို့လည်း ဧပြီလအထိ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၆ ဘီလျှံကျော် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပြီးဖြစ်သည်။ ထိုစီမံကိန်းသည် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုသရဖူဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မကြာခဏချီးကျူးပြောဆိုသည်။
တရုတ်သမ္မတရှီကျင့်ဖျင်၏ ရည်မှန်းချက်ကြီးသော ရပ်ဝန်းနှင့်လမ်းအစီအစဉ်(BRI) ၏ အစိတ်အပိုင်းအဖြစ် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် စီမံကိန်းကြီး ၉ ခုကို အကောင်အထည်ဖေါ်ရန် ညှိနှိုင်းနေပြီး ထိုစီမံကိန်းများတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း၊ မူဆယ်-မန္တလေးရထားလမ်းစီမံကိန်းနှင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များပါဝင်သည်။
ယခု ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံတွင်ခွင့်ပြုခဲ့သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၄.၁ ဘီလျှံရှိပြီး လွန်ခဲ့သောနှစ်အလားတူအချိန်ထက် ၇၀ ရာခိုင်နှုန်းတိုးလာကြောင်းမြန်မာအစိုးရက လွန်ခဲ့သောအပတ်က ကြေညာသည်။ သို့သော်ထိုပမာဏသည် အစိုးရကရည်မှန်းထားသည့် အမေရိကန်ဒေါ်လာ ၅.၈ ဘီလျှံထက် လျှော့နည်းနေသေးသည်။
သို့သော် အခြေခံအဆောက်အအုံကဏ္ဍတွင် တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရခေတ်တွင် အခြေခံအဆောက်အအုံစီမံကိန်းကြီးပေါင်း တဒါဇင်ကျော် ကတိကဝတ်ပြုထားသော်လည်း ၎င်းတို့၏ အများစုသည် စာရွက်စာတမ်းအဆင့်တွင်သာရှိနေသေးသည်။ အချို့မှာ ဖြစ်နိုင်ခြေလေ့လာသည့်အဆင့်တွင်ရှိပြီး အချို့မှာ ပတ်ဝန်းကျင်ထိခိုက်မှုလေ့လာသည့်အဆင့်နှင့် ကျွမ်းကျင်သူများက သုံးသပ်သည့်အဆင့်တွင် ရှိနေသည်။

အလားအလာကောင်းသော လမ်းကြောင်းလား
အကောင်အထည်ဖေါ်နေသော အဓိကပြုပြင်ပြောင်းလဲရေးများကြောင် မြန်မာနိုင်ငံသည် ဒေသတွင်းတွင် ရင်းနှီးမြှုပ်နှံသူများအတွက် အလားအလာကောင်းသောနိုင်ငံတခုဖြစ်လာခြင်း ရှိမရှိ စီးပွားရေးအသိုင်းအဝန်းတွင် ကျယ်ပြန့်သောဆွေးနွေးမှုများ ဖြစ်စေခဲ့သည်။
ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ရန် လွယ်ကူသောနိုင်ငံများအညွှန်းကိန်း(၂၀၁၉) အရ မြန်မာနိုင်ငံသည် ယခင်နှစ်ကအတိုင်း အမှတ် ၁၇၁ တွင်သာ ရပ်တည်နေပြီး တိုးတက်လာခြင်းမရှိသကဲ့သို့ အရှေ့တောင်အာရှနိုင်ငံများအသင်းတွင်လည်း အလားအလာအနည်းဆုံးနေရာတွင်သာ ရှိနေပြန်သည်။
၂၀၂၀ခုနှစ်တွင် ထိုအညွှန်းကိန်း၏ ထိပ်တန်း ၁၀၀ အတွင်းသို့ရောက်ရှိရန် အစိုးရက ရည်မှန်းထားပြီး ထိုရည်မှန်းချက်အောင်မြင်ရေးအတွက် အထူးလုပ်ငန်းအဖွဲ့တခုကိုလည်း ဖွဲ့စည်းထားသည်။
အစိုးရက အပေါင်းလက္ခဏာဆောင်သော စကားများပြောနေသော်လည်း စီးပွားရေးအသိုင်းအဝန်းမှာမူ ရင်းနှီးမြှုပ်နှံမှုနှင့် စီမံကိန်းခွင့်ပြုမှုနှောင့်နှေးခြင်း၊ အခြေခံအဆောက်အအုံကင်းမဲ့ခြင်းနှင့် ရှင်းလင်းမှုမရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ထုံးလုပ်နည်းများကို ဆက်လက်ရင်ဆိုင်နေရပြီး လက်တွေ့တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအတွက် အတားအဆီးများဖြစ်နေသည်။
အစိုးရသည် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင် တိုးတက်အောင် လုပ်ဆောင်နေသော်လည်း စီးပွားရေးလုပ်ငန်းများသည် လက်တွေ့တွင် ရင်းနှီးမြှုပ်နှံမှုနှောင်နှေးခြင်းနှင့် ဆက်လက်ရင်ဆိုင်နေရကြောင်း Precious Link Co. Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးဒီသာမြင့်က ဧရာဝတီသတင်းဌာနသို့ပြောသည်။
“စာရွက်စာတမ်းလုပ်ငန်းတွေ အရမ်းများနေတယ်” “မလိုအပ်တဲ့လုပ်ထုံးလုပ်နည်းကြောင့် အခက်အခဲဖြစ်နေတယ်” “ရင်းနှီးမြှုပ်နှံမှုလုပ်ထုံးလုပ်နည်း မရှင်းလင်းဘူး” စသည့်ငြီးငြူမှုများကို ဆက်လက်ကြားနေရကြောင်းလည်း သူပြောသည်။
ရန်ကုန်ပြင်ပတွင် အခြေခံအဆောက်အအုံတည်ဆောက်ရေးလုပ်နေသော ဦးဒီသာမြင့်က သူ၏လုပ်ငန်းသည် ဆောက်လုပ်ခွင့်ရရှိရန် စောင့်နေရသောကြောင့် ၃ လခန့်နှောင့်နှေးသွားကြောင်းပြောသည်။
“စီမံကိန်း ဘယ်တော့စတင်ရမလဲလို့ ကျနော်တို့က တချိန်လုံးမေးနေရပေမယ့် ဘယ်သူမှ ကျနော်တို့ကို ပြန်မပြောနိုင်ဘူး။ သူတို့ဘယ်အဆင့်ရောက်နေပြီဆိုတာကို ရင်းနှီးမြှုပ်နှံသူအနေနဲ့ သိတောင်မသိရတာ အဆိုးဆုံးပဲ” ဟု သူပြောသည်။
“ပြည်ထောင်စုအစိုးရက လုပ်ငန်းအဆင့်ဆင့်မှာ ရှင်းလင်းထိရောက်အောင် လုပ်ထားတယ်လို့ပြောပေမယ့် ဒေသအဆင့်မှာ တကယ်ကျင့်သုံးနိုင်တယ်လို့ ကျနော်မထင်ဘူး” ဟုလည်း သူပြောသည်။
အစိုးရဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းသည် အစိုးရအတွက်စိန်ခေါ်မှုဖြစ်နေသေးကြောင်း ဦးအောင်နိုင်ဦးဝန်ခံသည်။ ထို့အပြင်အစိုးရဌာနများအတွင်း အထက်အောက်အဆင့်ဆင့်နှင့် ဗျူရိုကရေစီသည် ပြုပြင်ပြောင်းလဲရေးအတွက် ကြီးမားသောအတားအဆီးတခုဖြစ်နေသည်။
“နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့အခြေအနေတွေကို ကျနော်တို့ပြောင်းလဲပစ်ဖို့ ကြိုးစားနေတယ်” ဟု သူပြောသည်။
Global Infrastructure Outlook ၏အဆိုအရ မြန်မာနိုင်ငံ၏ အပေါင်းလက္ခဏာဆောင်သောစီးပွားရေးလမ်းကြောင်းတွင် အခြေခံအဆောက်အအုံများ အကြီးအကျယ်လိုအပ်ခြင်းသည် စိန်ခေါ်မှုဖြစ်နေသည်ဟု သိရသည်။ထိုအစီရင်ခံစာပါ နိုင်ငံပေါင်း ၅၀ တွင် မြန်မာနိုင်ငံသည်အနိမ့်ဆုံးဖြစ်နေပြီး အခြေခံအဆောက်အအုံလိုအပ်ချက်တန်ဖိုးမှာ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၁၂ ဘီလျှံဖိုးအထိ ရှိနေသည်ဟုခန့်မှန်းသည်။
ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရာတွင် မြန်မာနိုင်ငံအတွက် အကြီးမားဆုံးပြဿနာနှစ်ခုမှာ အခြေခံအဆောက်အအုံနှင့် ရခိုင်အကျပ်အတည်းပင်ဖြစ်ကြောင်း လှိုင်သာယာစက်မှုဇုန်ဥက္ကဌ ဦးမြတ်သင်းအောင်က ဧရာဝတီသတင်းဌာနသို့ပြောသည်။

“အခြေခံအဆောက်အအုံက ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ရာမှာ အကြီးမားဆုံးအတားအဆီးပဲ” ဟု သူပြောသည်။
နိုင်ငံခြားသားများသည် အထည်အလိပ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံကြသော်လည်း အခြေခံအဆောက်အအုံပြဿနာမျာ းအထူးသဖြင့်လျှပ်စစ်ဓါတ်အားကြောင့် အကြီးစားစက်မှုလုပ်ငန်းများကို စိတ်ဝင်စားမှုနည်းကြသည်ဟု သူပြောသည်။
အရှေ့တောင်အာရှတွင် လျှပ်စစ်ဓါတ်အားအသုံးပြုနိုင်မှု အနည်းဆုံးဖြစ်နေပြီးသော မြန်မာနိုင်ငံသည်နွေရာသီတွင် ရေအားလျှပ်စစ်စက်ရုံများ၌ ရေမလုံလောက်သောကြောင့် ဓါတ်အားပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရသည်။ ရေအားသည် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓါတ်အားရင်းမြစ်ဖြစ်နေပြီး သဘာဝဓါတ်ငွေ့နှင့် ကျောက်မီးသွေးမှာ ရေအား၏နောက်တွင်ရှိနေသည်။
လျှပ်စစ်စွမ်းအားနှင့် စွမ်းအင်ဝန်ကြီးဌာန၏ အဆိုအရ မြန်မာနိုင်ငံသည် ဧပြီလအထိ လျှပ်စစ်ဓါတ်အားမလုံလောက်မှု ၄၀၀ မဂ္ဂါဝပ်အထိ ရှိခဲ့သည်ဟု သိရသည်။ ထိုမလုံလောက်မှုသည် ၂၀၂၀ ခုနှစ်တွင် ၁၅၈၈ မဂ္ဂါဝပ်အထိ ရှိလာမည်ဖြစ်သည်။ ထိုလိုအပ်ချက်ကို ဖြည့်တင်းရန် တရုတ်နိုင်ငံထံမှဓါတ်အားဝယ်ယူမည်ဟု အစိုးရက မကြာသေးမီက ကြေညာသည်။
“နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ လာလိုက်တိုင်း အခြေခံအဆောက်အအုံ တည်ဆောက်ရေး ကုန်ကျစရိတ် အထူးသဖြင့်လျှပ်စစ်ကြောင့်ပြန်ဆုတ်ခွာသွားကြတယ်” ဟု ဦးမြတ်သင်းအောင်ပြောသည်။
“နောက်ပြဿနာက ရခိုင်အကျပ်အတည်းပဲ။ ဒါက အစိုးရကဖြေရှင်းရမယ့် နိုင်ငံရေးပြဿနာပဲ” ဟုသူပြောသည်။
ဆက်လက်လုပ်ဆောင်မည့် ပြုပြင်ပြောင်းလဲရေးများ
တချိန်တည်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် MIFER တို့သည် ရင်းနှီးမြှုပ်နှံမှုအဆင့်ဆင့်နှင့် ခွင့်ပြုချက်ပေးခြင်းကို ရိုးရှင်းအောင်ပြုလုပ်ရန် ရည်ရွယ်သည့် စံလုပ်ငန်းအစီအစဉ်သစ်များ (SOPs) ကို ဖေါ်ထုတ်ရန်ကြိုးစားနေသည်။
ထို့အပြင် မြန်မာအစိုးရသည် အဓိကပြုပြင်ပြောင်းလဲမှုနှစ်ခုကို လုပ်ဆောင်နေသည်။ ပထမတခုမှာအစိုးရဌာနများနှင့်ဆက်သွယ်ပြီး သက်ဆိုင်ရှာရှင်းလင်းချက်၊ ခွင့်ပြုချက်များရယူရာတွင် အချိန်နှင့်ကုန်ကျစရိတ်ပိုမိုသက်သာစေမည့် ကုန်သွယ်ရေးအဆင်ပြေအောင် ပြုလုပ်ပေးသည့် တနေရာတည်းတွင် ဝန်ဆောင်မှုပေးသောစနစ်ဖြစ်သည်။ အခြားတခုမှာ အစိုးရထံမှ မြေမည်မျှရနိုင်သည်နှင့် မည်မျှကိုငှားရန်းရန်ရှိသည်ကို ရင်းနှီးမြှုပ်နှံသူများသိရှိစေမည့် ဒစ်ဂျစ်တယ်စနစ်ဖြစ်သော မြေယာဘဏ်ပင်ဖြစ်သည်။
SOPs တို့သည် ပိုမိုပွင့်လင်းမြင်သာမှုရှိမည်ဖြစ်ပြီးမလိုအပ်သောလုပ်ငန်းများကို လျှော့ချကာမြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသူများအတွက် ညီမျှသောလုပ်ပိုင်ခွင့်ရှိစေမည်ဟု အစိုးရက အာမခံချက်ပေးသည်။
နိုင်ငံတကာအစဉ်အလာအရ နိုင်ငံအများစုတို့သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန်မက်လုံး ၃ ခုပေးလေ့ရှိသည်။ ထို မက်လုံးများတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဆင့်ဆင့်ပြုပြင်ပြောင်းလဲရေး၊ရင်းနှီးမြှုပ်နှံသူများအတွက် လုပ်ထုံးလုပ်နည်းများ ပိုမိုလွယ်ကူအောင်ပြုလုပ်ပေးသည့်လုပ်ထုံးလုပ်နည်းပြုပြင်ပြောင်းလဲရေးနှင့် စီးပွားရေးလုပ်ငန်းများအတွက် အဓိကလိုအပ်သောအခြေခံအဆောက်အအုံကို ပံ့ပိုးသည့် ရုပ်ပိုင်းအခြေခံအဆောက်အအုံမက်လုံးတို့ ပါဝင်သည်။
“ကျနော်တို့က national incentives နဲ့ regulatory incentives တွေကို လုပ်ဆောင်ရာမှာတိုးတက်မှုတွေရှိတယ်။ ဒါပေမယ့် ရုပ်ပိုင်းအခြေခံအဆောက်အအုံပိုင်းမှာကျတော့ စိန်ခေါ်မှုတွေရှိနေတယ်” ဟုဦးအောင်နိုင်ဦးပြောသည်။
ရခိုင်အကျပ်အတည်းနှင့်ပတ်သက်ပြီး“ ဒီကိစ္စက ကုစားဖို့ အချိန်လိုတယ်။ တခြားသူတွေရဲ့အမြင်ကိုနေ့ချင်းညချင်းပြောင်းလဲဖို့ မဖြစ်နိုင်ဘူး။ ကျနော်တို့ကိုယ်တိုင် အလုပ်နဲ့သက်သေပြရမယ်” ဟု သူကပြောသည်။
“ကျနော်တို့ အခုချိန်အထိ လုပ်ဆောင်ပြီးတဲ့ တိုးတက်မှုတွေအရ ကျနော်တို့နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုပါတ်ဝန်းကျင်ဟာ မကြာတော့တဲ့ အနာဂတ်မှာ တိုးတက်လာမှာ သေချာတယ်” ဟုလည်း သူပြောသည်။
နှစ်နိုင်ငံအပြန်အလှန်အကျိုးစီးပွားအတွက် ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံနှင့်ရေရှည်စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း UK aid က နေပြည်တော်တွင် ကမကထပြုသည့်မြန်မာနိုင်ငံတကာရင်းနှီးမြှုပ်နှံမှုညီလာခံ နောက်ဆုံးနေ့တွင် ဗြိတိန်သံရုံးက ထုတ်ပြန်သည့်ကြေညာချက်တွင် ဖေါ်ပြထားသည်။
၎င်းတို့၏ဆောင်ရွက်ချက်များသည် စီးပွားရေးတိုးတက်မှုကို အားပေးရန်နှင့် မြန်မာပြည်သူများ၏ သာယာဝပြောရေးအတွက် ရည်ရွယ်ကြောင်းလည်း ထိုကြေညာချက်က ဆိုသည်။
(Nan Lwin ၏ Taking a Quantum Leap to Revamp Myanmar’s Economy ကို ဘာသာပြန်ဆိုသည်။)
ရက်ပိုင်းအတွင်း ပြည်တွင်း စက်သုံးဆီဈေး မြင့်တက်လာ
ရန်ကုန် ဘူတာကြီး စီမံကိန်း တရုတ်ကုမ္ပဏီ နုတ်ထွက်၊ ဂျပန် ဝင်မည်
ချင်းပြည်နယ်၌ ရေအားလျှပ်စစ် ထုတ်ရန် တရုတ်ကုမ္ပဏီ၂ ခု ရင်းနှီးမြှုပ်နှံမည်