၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ခွင့်ပြု ပေးရန် စိစစ်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA) ဒု ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေး က ပြောသည်။
၎င်းက“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုထဲမှာ စင်ကာပူကတော့ ထိပ်ဆုံးပေ့ါ။ ဒီဘဏ္ဍာနှစ်အနေနဲ့ အခု လက်ထဲမှာ ခွင့်ပြုဖို့၊ အတည်ပြုဖို့ရှိတာ အားလုံးပေါင်းမယ်ဆိုရင် ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံ ရရှိမှာ ဖြစ်တယ်။ အများဆုံးကတော့ စက်မှု လုပ်ငန်းများဖြစ်တယ်”ဟု ဆိုသည်။
အဆိုပါ ထပ်မံ ဝင်ရောက်လာမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှာ အခြေခံ အဆောက်အအုံ လုပ်ငန်းများ၊ စက်မှု လုပ်ငန်းများနှင့် ဟိုတယ်လုပ်ငန်းများ ဖြစ်ကြောင်း သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ စက်တင်ဘာလ ၃၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိအချိန်တွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ပမာဏ ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံ ဝင်ရောက်ထားပြီး ဖြစ်သည်ဟု ဆိုသည်။
ဘဏ္ဍာနှစ်ကုန်ခါနီး အချိန်တွင် ထပ်မံ ဝင်ရောက်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ၁ ဘီလီယံကျော်ကြောင့် ယခု ဘဏ္ဍာနှစ်အတွင်း စုစုပေါင်း ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံခန့် ရှိလာမည်ဖြစ်ကြောင်း ဒေါ်တင်အေးက ပြောသည်။
သို့သော် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)၏ လျာထားချက် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံနှင့် နှိုင်းယှဉ်လျှင် ဒေါ်လာ ၁ ဘီလီယံကျော် လိုအပ်နေမည်ဖြစ်ကြောင်း DICA စာရင်းများ အရ သိရသည်။
ဒု ညွှန်ချုပ် ဒေါ်တင်အေးက“လျာထားချက် မပြည့်တာက အကြောင်းအမျိုးမျိုးရှိတယ်။ စစ်ပွဲတွေကြောင့်လည်းပါတယ်။ စီးပွားရေး လုပ်တဲ့သူက အေးအေးချမ်းချမ်းနဲ့ အမြတ်ရမှ လုပ်ချင်တာ”ဟု ပြောဆိုသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနေနှင့် စင်ကာပူနိုင်ငံမှ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၇၇ ဘီလီယံကျော်ဖြင့် အများဆုံး ဝင် ရောက်ထားပြီး တရုတ်နိုင်ငံမှ ဒေါ်လာ ၃၆ ဒသမ ၉ ဘီလီယံနှင့် ဟောင်ကောင်မှ ၁၂ ဒသမ ၁၉ ဘီလီယံ အသီးသီး ဝင်ရောက်ထားသည်။
အဆိုပါ ရင်းနှီးမြှုပ်နံှမှု လုပ်ငန်းများမှာ စက်မှုကဏ္ဍ၊ ကုန်ထုတ်လုပ်မှု ကဏ္ဍ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၊ မွေးမြူရေး ကဏ္ဍ၊ လယ်ယာကဏ္ဍ၊ အိမ်ရာ အဆောက်အအုံကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍများတွင် ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး အလုပ် အကိုင် အခွင့်အလမ်း အနေနှင့် ပြည်တွင်း၊ ပြည်ပ လုပ်သား ၉ သောင်းကျော် တို့ကို ဖန်တီးပေးနိုင် ခဲ့ကြောင်း DICA စာရင်းများ အရ သိရသည်။
မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအနေနှင့် လုပ်ငန်းပေါင်း ၁၆၅ ခုမှ တိုးမြှင့် ရင်းနှီးမြှုပ်နှံမှုများ အပါအဝင် ဒေါ်လာ ၄၆၉ သန်း နှင့် ကျပ်ငွေ ၁၆၇၇ ဒသမ ၃၄ ဘီလီယံ ဝင်ရောက်ထားသည်ဟု ဆိုသည်။
နယ်စပ် ကုန်သွယ်မှု မြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှဦးက“ရင်းနှီးမြှုပ်နှံသူတွေက အမေရိကန်-တရုတ် ကုန်သွယ် ရေး စစ်ပွဲကြောင့်လည်း ပါသလို၊ အခု ပြည်တွင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့်လည်း ဒါတွေကို စောင့်ပြီး ဝင်တာ နည်းတာပါတယ်။ ပြီးတော့ ကျနော်တို့နိုင်ငံက ရွေးကောက်ပွဲလည်း လာတော့မယ်ဆိုတော့ ဒါတွေကြောင့် ဝင်ရောက် မယ့် ရင်းနှီးမြှုပ်နှံ သူတွေက စောင့်နေတာ”ဟု ဧရာဝတီသို့ ပြောသည်။
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေး တွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီး ပေးနိုင်မှု၊ အမျိုးသားဝင်ငွေနှင့် အခွန် တိုးတက်ရရှိနိုင်မှု၊ ပြည်တွင်း ပြည်ပ ဈေးကွက်အခြေအနေ၊ ပြည်တွင်းစားသုံးရန် လိုအပ်ချက်၊ နည်းပညာ ဆီလျော်မှု၊ တီထွင် ဆန်းသစ်မှု၊ နည်းပညာ လွဲှပြောင်းရရှိမှု၊ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် ထိန်းသိမ်း ကာကွယ်ရေး ဆောင်ရွက်မှု အစီအမံများ၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု ဖြစ်ခြင်းနှင့် တည်ဆဲဥပဒေများ ကို လိုက်နာခြင်း စသည့် အချက်များကို အခြေခံပြီး ခွင့်ပြုပေးခြင်း ဖြစ်ကြောင်း DICA က သိရသည်။