နှစ်စဉ် နွေရာသီရောက်တိုင်း လျှပ်စစ်မီး မလုံလောက်မှုကို ကြုံတွေ့နေရသဖြင့် အစိုးရအဆက်ဆက်အနေဖြင့် ဖြေရှင်းရန် ကြိုးစားလာခဲ့ပြီး လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရထိတိုင် ဖြစ်သည်။
ယခုနှစ် ၂၀၁၉ မေလအတွင်း လျှပ်စစ် ဝန်အား လုံလောက်မှု မရှိ သဖြင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ တရက် ၆ နာရီ အလှည့်ကျ မီးဖြတ်ပြီး မျှသုံးခဲ့ရသည်။ မီးပျက်ရခြင်း အကြောင်းအရင်းမှာ ရေသိုလှောင်ထားသည့် ဆည်များတွင် ရေပမာဏ နည်းသွားသည့် အတွက် လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်မှု ပမာဏလည်း လျော့ကျလာခြင်းကြောင့်ဟု အကြောင်းပြသည်။
ကုန်ဆုံးခါနီး ယခု မိုးကာလအတွင်း လျှပ်စစ်မီး ကြိုကြားကြိုကြားဆိုသလို ပြတ်တောက်နေခဲ့ပြီး မိုးနည်းသောကြောင့် ဆည်များအတွင်း ရေရရှိမှု လုံလောက်ခြင်း ရှိ မရှိကလည်း စိုးရိမ်နေရသည်။
ဤအနေအထားတွင် ရန်ကုန်ကို မီးပေးရေး ရည်ရွယ်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ ဓာတ်ငွေ့(Gas) နှင့် သဘာဝဓာတ်ငွေ့ရည် (LNG) တို့ဖြင့် ထုတ်လုပ်သည့် ဓာတ်အား ၁၀၄၀ မဂ္ဂါဝပ် ဝယ်ယူမည့် တင်ဒါခေါ်ယူခဲ့သည်။
ဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားများ ဝယ်ယူမည့် တင်ဒါတွင် ဓာတ်ငွေ့ဖြင့် ထုတ်လုပ်ရမည့် စီမံကိန်းများမှာ ဧရာဝတီတိုင်း ကျွန်းချောင်းတွင်၂၀ မဂ္ဂါဝပ်၊ ရန်ကုန်မြို့ အလုံ ၁၂၀ မဂ္ဂါဝပ် ၊ LNG မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရမည့် စီမံကိန်း မှာ ရခိုင်ပြည်နယ် ကျောက်ဖြူ ၁၅၀ မဂ္ဂါဝပ်၊ ရန်ကုန်မြို့သန်လျင် ၃၅၀ မဂ္ဂါဝပ်နှင့် သာကေတ ၄၀၀ မဂ္ဂါဝပ် စီ ထုတ်လုပ်ရမည် ဖြစ်သည်။
ရန်ကုန်တိုင်းလျှပ်စစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံခန့်မှု ကော်မတီ အတွင်းရေးမှူး ဦးအေးကျော်ကျော်က “ဒီဟာက လျှပ်စစ်ဓာတ် အားလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ အရေးပေါ်လုပ်တဲ့ စီမံကိန်းတွေလို့ မြင်တယ်။ စီမံကိန်းကာလကလည်း ငါးနှစ်ဆိုတော့ ရေတို စီမံကိန်းတွေပေါ့။ ကုန်ကျစရိတ်ကတော့ များနိုင်တယ်။ မဂ္ဂါဝပ်က ၃၀၀၊ ၄၀၀ ပဲ လုပ်မယ့်ဟာတွေဆိုတော့ ကျနော်တို့နိုင်ငံမှာသာ နည်းနည်းကြီးတဲ့ စီမံကိန်းလို့ မြင်ရတာ နိုင်ငံတကာမှတော့ ဒါတွေက အသေးစားလေးတွေပါ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများကို ဂတ်စ်သုံး အင်ဂျင်ဖြင့် စွမ်းအင်ထုတ်လုပ်မှု စက်ရုံ၊ စွမ်းအင်ထုတ် သင်္ဘောနှင့် စွမ်းအင်သယ် သင်္ဘောများဖြင့် လုပ် ဆောင်နိုင်မည် ဖြစ်ကြောင်း ဝန်ကြီးဌာန၏ အိတ်ဖွင့် တင်ဒါ အချက်အလက်များတွင် ဖော်ပြထားသည်။
တင်ဒါကို ပြီးခဲ့သည့် ဇွန်လက Independent Power Producer (IPP) နှင့် Build Operate Own (BOO) စနစ် ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ သို့သော် စီမံကိန်းများအတွက် ဝေဖန်ချက်များ ထွက်လာသည်။
“အကြီးဆုံး စိုးရိမ်မှုက နိုင်ငံတော် ဘဏ္ဍာ အလဟသ ဖြစ်ကုန်မှာကိုပဲ” ဟု စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုကို အလေးပေးသော ဖွံ့ဖြိုးရေး အမေရိကန် ကုမ္ပဏီ Quasar Resources LLC ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးလင်းထွန်းက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ ကြားတယ်။ အခု တင်ဒါမှာ LNG စွမ်းအင် တယူနစ်ကို အမေရိကန် ၁၂ သို့မဟုတ် ၁၃ ဆင့် (မြန်မာကျပ်ငွေ ၁၄၅ သို့မဟုတ် ၁၉၉ ကျပ်) ကုန်ကျမယ် ပြောတယ်။ ဒီဟာထက် ဈေးချိုတဲ့ ရွေးစရာတွေ အများကြီး ရှိပါတယ်။ ဥပမာ ဆိုလာပါဝါဆို တယူနစ်ကို အမေရိကန် ၇ သို့မဟုတ် ၈ ဆင့် (မြန်မာကျပ်ငွေ ၁၀၇ ကျပ် သို့မဟုတ် ၁၂၂ ကျပ်) ပဲ ကျမယ်။ ဒါဆို ၄၀ ရာခိုင်နှုန်း ဈေးချိုသွားပြီ။ နောက် ဒါကို အမြန် တပ်ဆင် လည်ပတ်လို့ ရတယ်”ဟုလည်း ဦးလင်းထွန်းက ပြောသည်။
သူက စွမ်းအင် ထုတ်လုပ်မှု တူပြီး ထုတ်လုပ်မှုစရိတ် နည်းပါးစေရန် ရှိပြီးသား ရေအားလျှပ်စစ်တွင် အခြား စွမ်းအင်များ ပေါင်းစပ် ထုတ်လုပ်ရေး အကြံပြုသည်။
“ဆိုလာက စင်းလုံးချောတော့ မဟုတ်ဘူး။ LNG လို ညဘက်တွေမှာ စွမ်းအင်ထုတ်မရဘူး။ ဒါပေမယ့် စုစုပေါင်း ထုတ်လုပ်မှုစရိတ်က သိသိသာသာကြီး ကျသွားမယ်။ ရှင်းရှင်းလေးပဲ။ ဆိုလာကို သုံးနိုင်သမျှ အများဆုံး သုံးပြီး မိုးတွင်းနဲ့ ညဘက်တွေမှာ LNG နဲ့ ထောက်ပံ့ရင် အကြမ်းဖျင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံလောက် သက်သာမယ်”ဟု ဦးလင်းထွန်းက ဆိုသည်။
LNG စွမ်းအင် ထုတ်လုပ်ရေး စီမံကိန်းများတွင် စွမ်းအင်ထုတ် သင်္ဘောများ ကျောက်ချရပ်နားခြင်း၊ LNG တင် သင်္ဘောများ ဝင်ထွက်သွားလာရခြင်းများ ရှိမည် ဖြစ်၍ ရန်ကုန်မြစ်အနက်သည် ထိုသင်္ဘောများအတွက် လုံလောက်မှု ရှိ မရှိကလည်း အခြားပြဿနာတခု ဖြစ်သည်။ ထိုသို့ အထူးဆောက်လုပ်ရမည့် စီမံကိန်း၏ အခြေခံ အဆောက်အဦးများ တည်ဆောက်ပြီးစီးရန် အချိန် ၂ နှစ်မျှ လိုအပ်မည် ဖြစ်ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဋ္ဌာန၏ တင်ဒါပါ ရက် ၂၁၀ အတွင်း အပြီးဆောက်လုပ်ရမည်မှာ လက်တွေ့မကျဟု ကျွမ်းကျင်သူများက ဆိုသည်။
ယခုကဲ့သို့ အချိန်တိုအတွင်း အပြီးလုပ်ဆောင်ရမည်ဟု ဆိုခြင်းမှာ ယခုနှစ် နွေရာသီတွင် အဆိုးရွားဆုံး ဓာတ်အားပြတ်တောက်မှုများကြောင့် အများပြည်သူနှင့် စီးပွားရေး လုပ်ငန်းများ၏ မကျေနပ်မှုတိုးခဲ့ပြီး အာဏာပိုင်များ အနေဖြင့် နောင်နှစ် ရေခမ်းခြောက်မည့် ပူပြင်းသော နွေရာသီအမီ အမြန်ဆုံးပြင်ဆင်ရန် ဖိအားပေးခံနေရသောကြောင့် ဖြစ်ပုံရသည်။
မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀ သန်းကျော် ရှိသည့် အနက် ၄ သန်းကျော်ကို ဓာတ်အား ဖြန့်ဖြူးပေးနေရသဖြင့် ရာခိုင်နှုန်းအရ တွက်ချက်ပါက ၃၈ ဒသမ ၅ ရာခိုင်နှုန်းသာ လျှပ်စစ်မီး ရရှိနေခြင်း ဖြစ်ပြီး နှစ်စဉ် လျှပ်စစ် လိုအပ်ချက်မှာ ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက် ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့ပြင် လျှပ်စစ် သုံးစွဲမှုနှုန်း ခန့်မှန်းချက် အရ ၂၀၂၀- ၂၀၂၁ ခုနှစ်တွင် မဂ္ဂါဝပ် ၆၀၀၀ ခန့် လိုအပ်မည် ဖြစ်ကာ လက်ရှိ ထုတ်လုပ်မှု အရ ၃၀၀၀ မဂ္ဂါဝပ်သာ ရှိနေဆဲ ဖြစ်သည်ဟုလည်း သိရသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး တခုလုံးကိုလည်း လုံလောက်အောင် မီးပေးနိုင်ခြင်း မရှိသေးပါ။ ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်မီး အလုံအလောက်ရရှိရန် ၁၆၀၀ မဂ္ဂါဝပ် ပေးနိုင်မှ လုံလောက်မည်ဖြစ်ပြီး ယခု လက်ရှိကာလတွင် ၁၃၀၀ နှင့် ၁၄၀၀ မဂ္ဂါဝပ်ကြားတွင်သာ ပေးနေသည်။
ထို့အပြင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် တင်ဒါများ ခေါ်ယူချထားပေးမှုတွင် အဂတိလိုက်စားမှု ရှိကြောင်း တိုင်ကြားခံရမှုများ ရှိနေရာ ယခု တင်ဒါခေါ်ယူမှုတွင်လည်း မည်မျှ ပွင့်လင်းပြီး တာဝန်ခံမှု ရှိမည်ကို မေးခွန်းထုတ်သူများလည်း ရှိနေသည်။
LNG တွင် အတွေ့ အကြုံ မရှိသော်လည်း နိုင်ငံတကာ အကြံပေးကုမ္ပဏီ ခေါ်ယူခြင်း မရှိဘဲ တင်ဒါခေါ်ယူခဲ့ခြင်းသည် ပွင့်လင်းမြင်သာ မရှိကြောင်း လျှပ်စစ် လုပ်ငန်းရှင် တဦးဖြစ်သော ဦးမြင့်ဇော်က ဧရာဝတီသို့ ပြောသည်။
“ဒီလိုမျိုး ကိစ္စတွေ နိုင်ငံတကာမှာ ဘယ်လိုလုပ်လဲ ဆိုတာကို ကြည့်ရမယ်။ နိုင်ငံတကာမှာက ဒီလိုကိစ္စတွေမှာ ရင်းနှီးမြှုပ်နှံချင်တဲ့သူကို ကန့်သတ် မထားဘူး။ အခု တင်ဒါစည်းမျဉ်းတွေက တဦးတယောက်အတွက် ရည်မှန်းပြီး ချမှတ်ထားသလို ဖြစ်နေတယ်။ လျှပ်စစ်ဥပဒေရဲ့ အထက်ကို ရောက်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဦးမြင့်ဇော်သည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ မီတာဘောက်များ တင်ဒါခေါ်ယူချထားပေးခဲ့မှုတွင် အဂတိလိုက်စားမှု ရှိကြောင်း တိုင်ကြားထားသူ ဖြစ်သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို အဂတိကော်မရှင်က စစ်ဆေးနေခြင်းမှာ မီတာဘောက်ကိစ္စ ကြောင့်မဟုတ်ဘဲ ရဲရွာရေအားလျှပ်စစ် စီမံကိန်းနှင့် သက်ဆိုင်သော တိုင်တန်းချက်တခုကြောင့် စစ်ဆေးနေရခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၂၁ ရက်နေ့ နေပြည်တော်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ စုံစမ်းမှု အရှိန်မြင့်တက်လာပြီး ဝန်ကြီးများရုံးတွင် ပြုလုပ်သည့် ပြုလုပ်သည့် အစည်းအဝေး (EC) မှတ်တမ်းများကိုပါ ကော်မရှင်မှ သိမ်းယူသွားခဲ့ သေးသည်။
ဝန်ကြီး ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် တို့၏ ဘဏ်စာရင်းများကို ဗဟိုဘဏ်မှ စစ်ဆေးပြီး၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ ပေးပို့ခဲ့ရကြောင်းကိုလည်း မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးသိန်းက လွှတ်တော်တွင် သတင်း ထောက်များကို ပြောခဲ့သည်။
You may also like these stories:
အမြန်ဆုံး ဘယ်လို မီးပေးနိုင်မလဲ (သို့မဟုတ်) မြန်မာ့ ပြည့်မြဲစွမ်းအင် အမြင်
လျှပ်စစ်သုံးစွဲမှု ယူနစ်သန်းချီ လျော့သွားပြီး၊ မီတာခငွေကျပ် ၃၆ ဘီလီယံ ပိုမို ရရှိဟုဆို
ရဲရွာစီမံကိန်းကြောင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန စစ်ဆေးခံနေ