မန္တလေးမြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်မည့် ကျောက်စိမ်း အရိုင်းထည်ပြပွဲကို လာမည့် အောက်တို ဘာလ အတွင်း ပြသမည်ဟု မန္တလေးတိုင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးကျော်နေလင်းက ဧရာဝတီကို ပြောသည်။
“ဒီနေ့ နေပြည်တော်မှာ ဝန်ကြီးဌာန (မြန်မာကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း) နဲ့ အခွန် ကိစ္စတွေ ညှိနှိုင်း စကားပြောနေတယ်။ အဲဒါ ပြီးရင်တော့ လာမယ့် ရက်ပိုင်းအတွင်း ပြပွဲနဲ့ ပတ်သက် တဲ့ အချက်အလက် အားလုံးကို တရားဝင် ကြေညာပေးတော့မှာပါ”ဟု ၎င်းက ပြောသည်။
ယင်းပြပွဲကို ကျောက်မျက်အသင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာန တို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး နိုင်ငံခြားသား ကုန်သည်များကိုလည်း လေ့လာခွင့်ပြုမည်ဟု ဦးကျော်နေလင်းက ပြောသည်။
လာမည့် အောက်တိုဘာ ၂၀ မှ ၂၆ ရက်အထိ မန္တလေး ကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်မည့် ကျောက်စိမ်း ပြပွဲတွင် C, D အဆင့်ရှိ (အဆင့်နိမ့်နှင့် အလယ်အလတ်) ကျောက်စိမ်း အရိုင်းထည်များအား မြန်မာကျပ် ငွေ အသုံးပြု တင်ဒါစနစ် ဖြင့် ရောင်းချသွားမည် ဖြစ်သည်။
ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၃၀၀၀ မှ ၅၀၀၀ အတွင်း ပြသရောင်းချနိုင်ရန် ရည်ရွယ်ထားပြီး ကျောက် စိမ်းအရိုင်း ထည် သာမက ကျောက်မျက် အချောထည်များပါ ပါဝင် ရောင်းချနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
“ပြီးခဲ့တဲ့ စစ်ကိုင်းကျောက်မျက် ပြပွဲတုန်းကတော့ လေလံစနစ်ဆိုပေမယ့် တရုတ်ကုန်သည်တွေနဲ့ လက်သိပ်ထိုး ရောင်းသွားတာ တော်တော် ရုပ်ဆိုးသွားတယ်။ မန္တလေးပွဲကို အဲဒီလို မဖြစ်အောင် လုပ်ဖို့ လိုတယ်။ လောလောဆယ် တော့ ပြပွဲနဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တွေ မကြေညာသေးပေ မယ့် အချောထည် သမား တွေကတော့ ပြပွဲကို စိတ်ဝင်စားကြတယ်” ဟု မန္တလေးမြို့ခံ ကျောက်ကုန် သည် ကိုဖြိုး က ဧရာဝတီကို ပြောသည်။
တိုင်းကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းက ပြပွဲနှင့် ပတ်သက်သော စည်းကမ်းချက်များအား ယနေ့အထိ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း လာမည့် သီတင်းပတ်အတွင်း ထုတ်ပြန်ရန် စီစဉ်ထား ကြောင်း၊ အခွန်ကောက်ခံမှု စနစ်နှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆဲဖြစ်ကြောင်း သိရသည်။
ပုံမှန်အားဖြင့် ကျောက်စိမ်းအရိုင်းထည်ပြပွဲများအား နိုင်ငံခြားငွေ (ယူရို)ဖြင့်လည်းကောင်း၊ မြန်မာကျပ်ငွေဖြင့် လည်းကောင်း နေပြည်တော်တွင် တနှစ်လျှင် ၂ ကြိမ် ပြုလုပ်လျက်ရှိသည်။
သို့သော် တူးဖော်ရေးတွင် မပါဝင်သော ကျောက်လုပ်ငန်းရှင် အများစုက ပြပွဲရှိမှသာ ကျောက်ကုန် ကြမ်း ရရှိသည့် အတွက် ကုန်ကြမ်းရရှိမှု လွယ်ကူစေရန်နှင့် စရိတ်စက သက်သာနိုင်ရန် အတွက် ယခု နောက်ပိုင်း တွင် တိုင်း နှင့်ပြည်နယ်အချို့၌ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ကျောက်မျက်အသင်းတို့ ပူးပေါင်းကာ ကျောက်မျက် ပြပွဲများ စတင် ကျင်းပလာခဲ့သည်။
သို့ရာတွင် ပြီးခဲ့သည့်နှစ်ပိုင်းမှ စတင်ကာ ပုဂ္ဂလိကကျောက် တူးဖော်ရေး ကုမ္ပဏီများက မိမိ အစီအစဉ် ဖြင့် ကိုယ်ပိုင် ကျောက်စိမ်း အရိုင်းထည်ပြပွဲများအား ကျင်းပ ပြုလုပ်လျက်ရှိရာ အခွန်ဆုံးရှုံး မှုများ ရှိနိုင်သည်ဟု မန္တလေးတိုင်း ကျောက်မျက် ရတနာလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးသန်းဝင်းက ပြီးခဲ့သည့် ဇွန်လက ပြုလုပ်ခဲ့သော ကျောက် လုပ်ငန်းရှင်များနှင့် သက်ဆိုင်သော အခွန်ဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြား ခဲ့သည်။
ဆက်စပ်ဖတ်ရှု့ရန်
မှတ်ပုံတင် အတုဖြင့် ကျောက်မျက်ပွဲ လာသည့် တရုတ်နိုင်ငံသား ၃ ဦးကို ဖမ်းဆီး စစ်ဆေးနေ
ကျောက်စိမ်းကြောင့် တရုတ်၌ ကမ္ဘာ့အဆင့်မီ မြို့များ ပေါ်ပေါက်၊ ဖားကန့်၌မူ လမ်းကောင်း မရှိဟု ဆို
ဖားကန့်တွင် ကုမ္ပဏီ ၁ ခု လုပ်ကွက် ၅ ဧကသာ လုပ်ခွင့်ပေးရန် စီစဉ်နေ