စီးပွားရေး

ကိုတာစနစ် မရှိသဖြင့် အခွန်ကင်းလွတ်ခွင့်ရ လယ်ယာထွက်ကုန် အချို့ထိုင်းဘက်သို့ တင်ပို့ခွင့်မရ

Want create site? Find Free WordPress Themes and plugins.

မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်း ၅ မျိုးအား အခွန် ကင်းလွတ်ခွင့်ပြုသည့် Form D အကျိုးခံစားခွင့်ကို ထိုင်း-မြန်မာ နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားသော်လည်း Quota ခွဲတမ်းစနစ် မရှိ၍ ထိုင်းကုန်သွယ်ရေးဘက်မှ ခွင့်မပြုသဖြင့် ယနေ့အထိ တင်ပို့ခွင့် မရသေးကြောင်း မြဝတီ နယ်စပ်ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က ပြောသည်။

ဒေါ်သင်းသင်းမြတ် က “လယ်ယာထွက်ကုန်နဲ့ ပတ်သက်ပြီး ၅ မျိုးတင်ပို့ဖို့။ ကြက်သွန်၊ ပြောင်းဖူး၊ မြေပဲ၊ ပဲတီစိမ်း၊ ပြောင်း ဆန် ဒီ ၅ မျိုးကို  ကိုတာ မဟုတ်ဘဲနဲ့ အကျိုးခံစားခွင့်ပြုဖို့ တောင်းဆိုတော့ လက်မှတ်ထိုးသွားတယ်။ ဒါပေမယ့် တကယ့် တကယ် မြေပြင်မှာတော့ ထိုင်းကုန်သွယ်ရေးကဏ္ဍက ခွင့်မပြုတဲ့အတွက် ထိုင်းအကောက်ခွန်ကတော့ သူတို့ဆီကို ဝင်ရင် သူတို့က အခွန်ကောက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ Form D အကျိုးခံစားခွင့်ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလဆန်း၌ ဒုတိယအကြိမ် မြန်မာ-ထိုင်း  နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး ပူးတွဲကော်မတီ (JBTC) အစည်းအဝေးတွင် နှစ်နိုင်ငံ လက်မှတ် ရေးထိုးထားခြင်း ဖြစ်ကြောင်း၊ အခွန် ကင်းလွတ်ခွင့်နှင့် ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ကြားဝင် ညိုနှိုင်းပေးသော်လည်း လက်ရှိ အချိန်ထိ အဆင်မပြေသေးကြောင်း ၎င်းက ပြောသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှုတွင် “Win to Win ဖြစ်ရမည်” ဟု ညှိနှိုင်း ခဲ့ကြသော်လည်း လက်ရှိ ကုန်သွယ်မှု စနစ်တွင် ထိုင်းဖက်မှ သွင်းကုန်ပမာဏ ပိုမိုများပြားပြီး မြန်မာ့ လယ်ယာထွက်ကုန် ပစ္စည်းများမှာ ၎င်းတို့၏ Quota စနစ်၊ ကြီးမြင့်သည့် အခွန်စနစ်များဖြင့် ထိန်းချုပ်မှုများရှိနေကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က “ဒီ Quota စနစ်မရှိဘဲ တင်ပို့ခွင့်ကတော့ ပြန်မေးမှ ရမယ်။ ပြီးခဲ့တဲ့ နှစ်နိုင်ငံ အစည်းအဝေးမှာတော့ အကြမ်းဖျင်းအားဖြင့် ကျနော်တို့ဘက်က ပြောင်းဖို့တယ်။ ပြောင်းဆိုရင် ဒီဘဏ္ဍာနှစ် တခုထဲမှာ တန်ချိန် ၆ သိန်းကျော် လောက်ဖြစ်သွားပြီ။ သြဂုတ်လအထိ နောက်ဆုံးထား တင်ပို့ခဲ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယင်း လယ်ယာထွက်ကုန် ၅ မျိုး အခွန် ကင်းလွတ်ခွင့်ပြုသည့် Form D အကျိုးခံစားခွင့်မှာ အကောက်ခွန် ဦးစီးဌာနနှင့် ဆိုင်သော်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးမှ တောင်းဆို ပေးရခြင်းဖြစ်သည်။ ကိုတာစနစ် မရှိသဖြင့် လက်ရှိတွင် ပြောင်းကို အခွန် စနစ်ဖြင့် တင်ပို့နေရပြီး ပို့မည့်ကာလကို ၁ လတိုးပေးရန် ထိုင်းကုန်သွယ်ရေးနှင့် ညိုနှိုင်းထားသည်။

ဦးခင်မောင်လွင်က “သူတို့က ပြောင်းကို သူတို့နိုင်ငံက လယ်သမားတွေ စိုက်ပျိုးချိန်ဖြစ်တဲ့ ဖေဖော်ဝါရီလ ကနေ သြဂုတ်လထိပဲ တင်ပို့ ခွင့်ပြုထားတာ။ အခုက စက်တင်ဘာလ တလ ထပ်ပြီး တင်ပို့ခွင့်ပေးဖို့တော့ ပြောထားတယ်။ လက်ရှိမှာလည်း နည်းနည်းတော့ သွားနေတာရှိတယ်” ဟု ပြောသည်။

ထိုတင်ပို့နိုင်သည့် ကာလအတွင်း ဂျိုင်းမြစ်ရေ ကြီးခြင်းကြောင့် မြဝတီ နယ်စပ်ကုန်သွယ်ရေးမှာ ရက် ၂၀ ခန့် ပြတ်တောက် ခဲ့သဖြင့် လက်ရှိတွင် မြန်မာဘက်မှ ထိုင်းသို့ ပြောင်းတင်ပို့ရန် ကားတစီးလျှင် ပြောင်းတန်ချိန် ၃၀ ကျော် ပါရှိသည့် ကားအစီး ရေ ၁၀၀ ခန့် ကျန်ရှိနေသည်ဟု သိရသည်။

လက်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်တွင် ဖြစ်ပါ်နေသော မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်း ၅ မျိုးအား ထိုင်းနိုင်ငံဖက်မှ Quota စနစ်မရှိဘဲ Form D အကျိုး ခံစားခွင့်ရရှိနိုင်ရေးနှင့် ထပ်မံ၍လည်း လယ်ယာထွက်ကုန် ပစ္စည်းများကို ယင်းစနစ်နှင့် တိုးမြှင့် တင်ပို့နိုင်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်သော မြန်မာကုန်ကားများ ကုန်ပစ္စည်း ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ရရှိရန် စသည့် အချက်လေးချက်ကို နိုင်ငံတော်ဒုတိယသမ္မတ (၁) ဦးဆောင်သော ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ ၂၉ ကြိမ်မြောက် အစည်းအဝေးတွင် တင်ပြထားသည်။

ယင်းအပြင် မြန်မာနိုင်ငံမှ ထွက်ရှိသည့် လယ်ယာ ကိုင်းကျွန်းထွက် သီးနှံများကို လာအို၊ ဗီယက်နမ် နိုင်ငံများသို့ ထိုင်း နိုင်ငံမှ တဆင့် Transit Trade ဖြင့် တိုက်ရိုက်တင်ပို့ ရောင်းချနိုင်သော်လည်း မလေးရှားနိုင်ငံသို့ တင်ပို့ရာ၌ MOU မရှိထားဟု ဆို၍ Transit Trade ပြုလုပ်မရဘဲ ထိုင်းနိုင်ငံကိုသာ ရောင်းချရသောကြောင့် ၎င်းတို့မှ  ဈေးကွက်အသာစီး ရနေသဖြင့် မြန်မာအစိုးရအနေနှင့် အစိုးရချင်း ညိုနှိုင်းဆောင်ရွက်ပေးရန် ကုန်သည်များက တောင်းဆိုထားသည်။

You may also like these stories:

တရုတ်သို့ လယ်ယာ ထွက်ကုန်နှင့် ကျွဲ၊ နွားများ တရားဝင် ပို့ရန် လက်မှတ်ထိုးမည်

မြန်မာ့ပို့ကုန်အမယ်သစ်များ ကိုရီးယားနိုင်ငံသို့ တင်ပို့ရန် စီစဉ်နေ

လယ်ယာထွက်ကုန် ပိုမို တင်ပို့နိုင်ရန် တရုတ်နှင့် ညှိနှိုင်းနေ

ငွေကြေးဈေးကွက်တည်ငြိမ်မှ ကုန်သွယ်မှုက တက်လာမယ်

Did you find apk for android? You can find new Free Android Games and apps.
Loading