ကုန်သွယ်ရေး ဆက်ဆံမှုများကို တိုးမြှင့်ရန် လမ်းဖွင့်သည့် အနေဖြင့် မြန်မာနှင့် စင်ကာပူတို့က ၂ နိုင်ငံအကြား ရင်းနှီး မြှုပ်နှံမှုကို မြှင့်တင် ကာကွယ်ပေးမည့် သဘောတူညီချက်တခုကို စက်တင်ဘာလ ၂၄ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြ သည်။
ဖေဖော်ဝါရီလ အထိဆိုလျှင် စင်ကာပူက မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အကြီးဆုံးအရင်းအမြစ် ဖြစ်ခဲ့သည်။ စင်ကာ ပူနိုင်ငံက အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံ (၃၃.၆ ထရီလီယံကျပ်) ရင်းနှီးမြှုပ်နှံခဲ့ရာ မြန်မာနိုင်ငံတွင် စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ ၃၀ ရာခိုင်နှုန်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ၂၀၁၉ ခုနှစ် သြဂုတ်လ အချက်အလက်များအရ သိရသည်။
သဘောတူညီချက်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (MIFER) ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းနှင့် စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Chan Chun Sing တို့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် မြန်မာ-စင်ကာပူ ဝန်ကြီးအဆင့် ပူးတွဲကော်မတီ ၇ ကြိမ်မြောက် အစည်းအဝေးတွင် လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
“သဘောတူညီချက်က မြန်မာနဲ့ စင်ကာပူ ၂ နိုင်ငံစလုံးအတွက် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ကာကွယ်ဖို့ ရည်ရွယ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (MIFER) ၏ အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦးက ဧရာဝတီသို့ ပြောသည်။
“အဲဒါက ၂ နိုင်ငံစလုံးအတွက်၊ မြန်မာနိုင်ငံသားတွေနဲ့ စင်ကာပူနိုင်ငံသားတွေ အတွက် မျှတပြီး တူညီတဲ့ ယှဉ်ပြိုင်မှုကို ပေးပါတယ်” ဟု သူက ဆိုသည်။
ဆက်လက်ပြီးသူက “တကယ်လို့ စင်ကာပူနိုင်ငံသား တယောက်က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတခု လုပ်မယ်ဆိုရင် ကျနော်တို့က သူတို့ကို နိုင်ငံသားတယောက်လို အလားတူ အခွင့်အရေးတွေ ပေးရပါမယ်။ မြန်မာနိုင်ငံသား တယောက်က စင်ကာပူမှာ ရင်းနှီးမြှုပ်နှံမှု လုပ်မယ်ဆိုရင်လည်း အခြေအနေက အလားတူပါပဲ” ဟု ပြောသည်။
သဘောတူညီချက်အရ အစိုးရ ၂ ခုစလုံးက ရင်းနှီးမြှုပ်နှံသူများကို သူတို့၏ မိခင်နိုင်ငံများသို့ ပိုင်ဆိုင်မှု လွှဲပြောင်းခြင်း လုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရေး သေချာအောင် ကူညီပေးရန်နှင့် အငြင်းပွားမှုများကို နိုင်ငံတကာ ဥပဒေ စည်းကမ်း များနှင့် အညီ ဖြေရှင်းပေးရန်လည်း ကတိပြုခဲ့ကြသည်။
ဝန်ကြီးအဆင့် ပူးတွဲအစည်းအဝေးက ရင်းနှီးမြှုပ်နှံမှု၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ (SMEs) နှင့် လေကြောင်း၊ စိုက်ပျိုးရေး၊ အစားအစာ၊ ဘဏ္ဍာရေးနှင့် ဥပဒေ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကို အလေးပေးထားသည်။
သဘောတူညီချက် အသစ်အတွက် အခြေခံလုပ်ငန်းများကို မြန်မာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong နှင့် စင်ကာပူတွင် တွေ့ဆုံခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ နောက်ပိုင်းတွင် စတင်ခဲ့သည်။
ဝန်ကြီး ဦးသောင်းထွန်းက Singapore Summit 2019 တက်ရောက်ရန် စင်ကာပူနိုင်ငံသို့ ပြီးခဲ့သည့် တပတ်အတွင်းက သွားရောက်ခဲ့သည်။ အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားရာ၌ မြန်မာနိုင်ငံသည် အာဆီယံ၏ အလျင်မြန်ဆုံး ဖွံ့ဖြိုးနေသည့် စီးပွားရေးများထဲတွင် ပါဝင်နေပြီး GDP က ၂၀၀၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၈.၉ ဘီလီယံသာ ရှိခဲ့ရာမှ ၂၀၁၈ ခု နှစ်တွင် ဒေါ်လာ ၇၁ ဘီလီယံကျော် အထိ မြင့်တက်လာခဲ့ကြောင်း ထည့်ပြောပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို အာခံခဲ့သည်။
မြန်မာနိုင်ငံ၏ လတ်တလော စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်သည့် စီးပွားရေးလုပ်ငန်းများ အတွက် ကြိုးနီစနစ်ကို ဖယ်ရှားရန် အွန်လိုင်း မှတ်ပုံတင်သည့် စနစ်တခုကို စတင်ခြင်း၊ သူဦးဆောင်သည့် ဝန်ကြီးဌာနကို ဖန်တီးခြင်း၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားရေး ဆက်သွယ်မှုများတွင် မြှုပ်နှံထားခြင်းနှင့် လူမှုရေးနှင့် စီးပွားရေး ကဏ္ဍများတွင် တူညီသော ဖွံ့ဖြိုး တိုးတက်မှုကို မြှင့်တင်ရန် လမ်းပြမြေပုံတခု ဖြစ်သည့် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan -MSDP) ရေးဆွဲခြင်း တို့ကို သူက ရှင်းပြခဲ့သည်။
ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ပညာရေး နှင့် လက်လီ/လက်ကား ကုန်သွယ်ရေး ကဏ္ဍများကို နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများအတွက် ဖွင့်လှစ်ပေးသော မူဝါဒ အသစ်တခု ဖြစ်သည့် မြန်မာရင်းနှီးမြှုပ်နှံမှု စီမံကိန်း (Myanmar Investment Promotion Plan – MIPP) ကိုလည်း သူက အသားပေး ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အတွက် သဘောကျဖွယ်ရာ တိုင်းပြည်ဖြစ်အောင် ပြုလုပ်ပေးမည့် စီးပွားရေး ပြုပြင် ပြောင်းလဲရေးများကို စတင်သွားရန် ရှိနေကြောင်းလည်း သူက ပြောသည်။
“ဒီ အစီအစဉ်တွေကို တွန်းအားပေးတဲ့ အနေနဲ့ ကျနော်တို့က ရင်းနှီးမြှုပ်နှံသူတွေကို တူညီမျှတစွာ ယှဉ်ပြိုင်နိုင်အောင် ဖန်တီးပေးခြင်း အားဖြင့် ပိုမိုပြီး သဘောကျချင်စရာ ကောင်းတဲ့၊ အကျွမ်းတဝင် ရှိမယ့်၊ ကြိုတင် ခန့်မှန်းလို့ ရနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်မယ့် ပတ်ဝန်းကျင်တခုကို ဆက်လက်မြှင့်တင်ပေးနေ ပါတယ်” ဟု သူက ဆိုသည်။
အဆိုပါ ပြုပြင်ပြောင်းလဲရေးများကို ကျင့်သုံးခြင်း အားဖြင့် မြန်မာနိုင်ငံက ရေရှည်ခိုင်မြဲသည့် တိုးတက်မှုကို ရှာဖွေသူများ အတွက် အလုပ်အကိုင်နှင့် အခွင့်အလမ်းများ ဖန်တီးပေးမည့် ရင်းနှီးမြှုပ်နှံမှု အမျိုးအစားကို ဆွဲဆောင်ရန် ကြိုးစားမည် ဖြစ်ကြောင်း သူက ထပ်ပြောသည်။
ခရီးစဉ် အတွင်းတွင် ဦးသောင်းထွန်းက ၂ နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အကြောင်းများကို ဆွေးနွေးရန် စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး Vivian Balakrishnan နှင့် ဒုတိယ ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေး ဝန်ကြီး Heng Swee Keat တို့နှင့် တွေ့ဆုံခဲ့ကြောင်း MIFER ၏ အဆိုအရ သိရသည်။
မြန်မာနှင့် စင်ကာပူအကြား ကုန်သွယ်ရေးသည် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၃.၈ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ၂၀၁၆-၁၇ နှင့် နှိုင်းယှဉ်လျှင် ၂၈ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှု ကာကွယ်မြှင့်တင်ရေးနှင့် ပတ်သက်၍ အမေရိကန်၊ ဂျပန်၊ တရုတ်၊ အိန္ဒိယနှင့် တောင်ကိုရီးယား အပါအဝင် နိုင်ငံ ၁၁ နိုင်ငံနှင့် အပြန်အလှန် သဘောတူညီချက်များ လက်မှတ်ထိုးခဲ့ပြီး ဖြစ်သည်။
မြန်မာနိုင်ငံက ဥရောပ သမဂ္ဂနှင့်လည်း အလားတူ သဘောတူညီချက်မျိုး ပြုလုပ်ရန် ၂၀၁၄ ခုနှစ် ကတည်းက ဆွေးနွေးမှုများ ပြုလုပ်နေခဲ့သည်။ သို့သော်လည်း ရခိုင်ပြည်နယ်တွင် ပေါ်ပေါက်ခဲ့သော အကြမ်းဖက် ပဋိပက္ခနှင့် ရိုဟင်ဂျာ များအပေါ် လူမျိုးဖြုတ် သုတ်သင်မှု စွပ်စွဲချက်များကြောင့် ဆွေးနွေးညှိနှိုင်းမှုများ၏ နောက်ဆုံး အဆင့်တွင် ဆိုင်းငံ့ ထားခဲ့သည်။
မြန်မာနိုင်ငံက ဟောင်ကောင်နှင့်လည်း အလားတူ သဘောတူညီချက်တခု လက်မှတ်ထိုးရန် နောက်ဆုံးအဆင့် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နေသည်။
(Nan Lwin ၏ Myanmar, S’pore Ink Investment Promotion and Protection Deal ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ရန်ကုန်မြို့သစ် ရေလွှမ်းမိုးမှု ကာကွယ်ရေး အစီအစဉ်နှင့် ငွေကြေးစိုက်ထုတ်မှု အသေးစိတ်များ မသိရ
ကိုတာစနစ် မရှိသဖြင့် အခွန်ကင်းလွတ်ခွင့်ရ လယ်ယာထွက်ကုန် အချို့ထိုင်းဘက်သို့ တင်ပို့ခွင့်မရ
လယ်သမားတွေရဲ့ ဘ၀ တိုးတက်လာအောင် ကျနော်ရဲ့ Business model က ကူညီပံ့ပိုးပေးတာ