ထားဝယ် အထူးစီးပွားရေးဇုန် နှင့် ဆက်စပ်စီမံကိန်းများကို အထောက်အကူ ပြုရန် ရည်ရွယ်သည့် ထိုင်း – မြန်မာ ဆက်သွယ် ဖောက်လုပ်မည့် ၂ လမ်းသွား လမ်းပိုင်းကို ထိုင်းဘတ်ငွေ ၄.၅ ဘီလီယံ အကုန်ကျခံ ဖောက်လုပ်ရန် စီစဉ် နေပြီဟု သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒု ဝန်ကြီး ဒေါက်တာ ထွန်းနိုင်က“စီမံကိန်းက သေချာနေပြီ စနေတာ သေချာတယ် လို့ ပြောလို့ ရပါတယ်။ သို့သော်လည်း မြေပြင်မှာ စက်ယန္တရားတွေနဲ့ လှုပ်ရှားပြီး တည်ဆောက်တာကို ၂၀၂၀ အတွင်း မှာကို ဒီလမ်းကို အဲဒီလိုပုံစံနဲ့ စနိုင်အောင်အထိ ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်”ဟု ပြောပြသည်။
အောက်တိုဘာ ၃ ရက်နေ့က နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် ကျင်းပသည့် ၉ ကြိမ်မြောက် မြန်မာ-ထိုင်း ထားဝယ် အထူး စီးပွားရေးဇုန်နှင့် ပတ်သက်သော ဝန်ကြီး အဆင့် ပူးတွဲ ကော်မတီ အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခြင်း ဖြစ်သည်။
နှစ်နိုင်ငံ လမ်းပိုင်းဆိုင်ရာ စီမံကိန်းအတွက် စတင်ဆောင်ရွက်သည့် အခါတွင် ပြည်တွင်း ပြည်ပ ကုမ္ပဏီများကို တင်ဒါ ခေါ်သွားမည်ဖြစ်ကြောင်း၊ လာမည့် ၂၀၂၀ တွင် မြေပြင်ဆိုင်ရာ လုပ်ငန်းများစတင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း လည်း ဒု ဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ဆိုသည်။
ယမန်နေ့က ဆွေးနွေးပွဲတွင် ထားဝယ် ရေနက်ဆိပ်ကမ်း အတွက် အထူးအလေးထား ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂ နိုင်ငံ ပူးပေါင်းပြီး ရေနက် ဆိပ်ကမ်းကြီးကို အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် အတွက် မျှော်လင့်ထားကြောင်း ထိုင်းနိုင်ငံ ပို့ဆောင်ရေး ဝန်ကြီး Mr Saksayam Chidchob က သတင်းထောက်များကို ပြောသည်။
၎င်းက“ကျနော်တို့ အနေနဲ့ ဒီတည်ဆောက်ရေးကို မျှော်မှန်းခဲ့တာ ဆိုရင် အနည်း ဆုံး နှစ် ၂၀ ကြာရှိပါပြီ။ ဒါကြောင့် ထားဝယ် ရေနက်ဆိပ်ကမ်း အောင်မြင်ဖို့ဆိုတာ ထိုင်းနိုင်ငံရော၊ မြန်မာနိုင်ငံ လူမျိုး ၂ ခုစလုံးက သက်ဆိုင်နေပါတယ်။ ဒါတွေဟာ နောင်လာမယ့် တိုးတက်မှုနဲ့ အောင်မြင်မှု ဆိုတာကို ရည်ရွယ်ခြင်းဖြစ်ပါတယ်”ဟုလည်း ဆက်ပြောသည်။
တနင်္သာရီတိုင်း ရေဖြူ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသက်နိုင်ဦးကလည်း“လမ်းက ထိုင်းနဲ့ ဆက် သွားမယ်ဆိုရင် ဒေသအတွင်း ဆက်သွယ်ရေး ကောင်းလာမယ်။ ခရီးသွားလုပ်ငန်းပါ ဖွံ့ဖြိုးလာမယ်။ ဒေသအတွင်း လုပ်ငန်းပိုင်းမှာပါ ဖွံ့ဖြိုးလာမှာ ဖြစ်ပါ တယ်”ဟု ပြောသည်။
တနင်္သာရီ တိုင်းတွင် ထားဝယ် စီမံကိန်း စတင်နိုင်ရန် လိုအပ်ချက် ဖြစ်သည့် ဒေသအတွင်း လျှပ်စစ်မီး လိုအပ်ချက် များစွာ ရှိနေရာ လျှပ်စစ်မီး ရရှိရန် အတွက်လည်း စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဦးသက်နိုင်ဦးက ဆိုသည်။
ယင်းစီမံကန်းနှင့် ပတ်သက်၍ ယခုလို လမ်းဖောက်လုပ်ခြင်းများ ဆောင်ရွက်မည်ဆိုပါက ဒေသခံ ပြည်သူတယောက် အနေဖြင့် ကြိုဆိုကြောင်း၊ စီမံကိန်း စတင်ဆောင်ရွက်သည့် အချိန်က ဖြစ်ပွားခဲ့သည့် မြေယာ ပြဿနာများကိုမူ ယခု အချိန်ထိ ဖြေရှင်းပေးမှုများ မရှိသဖြင့် ဒေသခံများ၏ အခွင့်အရေးများကို လျစ်လျူ ရှုမှုများ ရှိခဲ့ကြောင်း ထားဝယ်မြို့ လူ့ အခွင့်အရေး စောင့်ကြည့်ကွန်ရက်မှ ဦးသန်းဝင်းက ဧရာဝတီသို့ ပြောသည်။
၎င်းက“ဒါတွေက အစိုးရ တရပ်သာ ပြောင်းသွားတယ် မြေယာ ပြဿနာတွေက မဖြေရှင်းခဲ့ပါဘူး။ မြေယာ ပြဿနာနဲ့ အခုချိန်ထိလည်း တရားစွဲခံ နေရတုန်းပဲ”ဟုလည်း ဆက်ပြောသည်။
ယမန်နေ့က ကျင်းပသည့် အစည်းအဝေး၌ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုး တိုးတက် ရေးကို ဆက်လက် ဆောင်ရွက်သွားရန်နှင့် လက်ရှိ စတင်ဆောင်ရွက်နေသည့် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ထိုင်း နိုင်ငံ နယ်စပ်သို့ ဆက်သွယ် ဖောက်လုပ်မည့် နှစ်လမ်းသွားလမ်း ဖောက်လုပ်ရေးနှင့် ပတ်သက်သည့် တိုးတက်မှုများ ကိုလည်း ထည့်သွင်း ဆွေးနွေးကာ ထိုကိစ္စများအပေါ် နှစ်ဖက် အသိအမှတ်ပြုခဲ့ကြောင်း သိရသည်။
မကြာမီ မြန်မာနိုင်ငံဘက်မှ ဒု သမ္မတ အဆင့် ဦးဆောင်သည့် အဖွဲ့တဖွဲ့နှင့် ထိုင်းနိုင်ငံဘက်မှ ဒု ဝန်ကြီးချုပ် ဦးဆောင် သော အဖွဲ့တို့ နှစ်ဖက် ပူးတွဲကော်မတီ အဆင့်မြင့် အစည်းအဝေးကို အမြန်ဆုံးကျင်းပနိုင်ရေး သဘောတူညီခြင်း၊ အထူး စီးပွားရေးဇုန် စီမံကိန်းတွင် ကနဦးစီမံကိန်း အပိုင်းနှင့် ပင်မစီမံကိန်းဟူ၍ အပိုင်း ၂ ပိုင်းရှိရာ ကနဦးစီမံကိန်းကို စတင် ဆောင်ရွက်နေချိန်ကတည်းက ပင်မစီမံကိန်းကိုပါ တပြိုင်တည်း စတင်ဆောင်ရွက်ရန် ကိုလည်း ယမန်နေ့ အစည်းအဝေး ၌ နှစ်ဖက်အပြန်အလှန် အသိပေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် သတင်း ထုတ်ပြန်ခဲ့ သည်။
ထို့ပြင် ထားဝယ်အထူးစီးပွားရေး ဇုန်နယ်မြေအတွင်း လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် မြန်မာဘက်က ဆောင်ရွက် နေသည့် အစီအစဉ်များအား တင်ပြခြင်း၊ ထားဝယ် အထူးစီးပွားရေးဇုန် အတွက် ရင်းနှီးမြှုပ်နှံသူများကို နှစ်ဖက်လုံးက ဖိတ် ခေါ်သွားရန် ဆွေးနွေးခြင်းနှင့် ၁၀ ကြိမ်မြောက် အစည်းအဝေးကို ထိုင်းနိုင်ငံတွင် မကြာမီ နှစ်ဖက် သဘောတူ သည့် ရက်တွင် ကျင်းပသွားရန် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးကို မြန်မာနိုင်ငံဘက်မှ ထားဝယ် အထူးစီးပွားရေးဇုန် တာဝန်ခံဖြစ်သူ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် ဦးဆောင်၍ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာနမှ ဒု ဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံဘက်မှ ပို့ဆောင်ရေး ဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့သည်။
ထားဝယ် အထူးစီးပွားရေးဇုန်သည် တနင်္သာရီတိုင်း ထားဝယ်မြို့၏ အနောက်မြောက်ဘက် ၁၇ မိုင်အကွာ နဘူးလယ် ဒေသတွင် တည်ရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံး အကောင်အထည်ဖော်ရန် စီစဉ်ခဲ့သည့် အထူးစီးပွားရေးဇုန်တခု ဖြစ်ကာ ၂၀၀၈ ခုနှစ်တွင် မြန်မာနှင့် ထိုင်းနိုင်ငံ အစိုးရတို့ကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။
ထားဝယ် အထူးစီးပွားရေးဇုန်ကို ၂၀၀၈ ခုနှစ်တွင် စတင်ခဲ့ပြီး အီတာလျံ-ထိုင်းကုမ္ပဏီက စီမံကိန်း လုပ်ငန်း ၉ ခုနှင့် ဇုန် အကျယ်အဝန်း ဧက ၄၈,၀၀၀ (၁၉၆ စတုရန်းကီလိုမီတာ) မှ ဧက ၆,၆၀၀ ကျော် (၂၇ စတုရန်း ကီလိုမီတာ) ကို လုပ်ကိုင်ခွင့် ရရှိထားခြင်း ဖြစ်သည်။
ထိုမှတဆင့် ဘဏ္ဍာရေး အခက်အခဲကြောင့် စီမံကိန်းကို ၂၀၀၈ ခုနှစ်နောက်ပိုင်းတွင် ခေတ္တရပ်ထားခဲ့သည်။
ထို့နောက် ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် စီမံကိန်း ပြန်လည် စတင်ရန် မြန်မာ-ထိုင်း-ဂျပန် သုံးနိုင်ငံ အစိုးရချင်း ဆွေးနွေး ပြီး ဂျပန်အစိုးရက စီးပွားရေး ဇုန် အပါအဝင် ထားဝယ် ဒေသ ဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် ထုတ်ချေးရန် သဘောတူ၍ ပြန်စရန် စီစဉ်ခဲ့သည်။
ဆက်စပ် ဖတ်ရှုရန် – ထိုင်းမှချေးငွေ ဘတ် ၄.၅ ဘီလီယံယူရန် မြန်မာစဉ်းစား